သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ရွှေပြည်သာ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ ပေါက်ကွဲမှုဖြစ်ပွား


မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့လို့ ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပေ
မယ့် သေကျေတာတော့ မရှိဘူးလို့ သိရပါတယ်။ အခုဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ မြန်မာ
စစ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ လူမှုရေးအသင်းအဖွဲ့တခုဖြစ်တဲ့ ကြံ့ခိုင်
ဖွံ့ဖြိုးရေးရုံးမှာ ဖြစ်ပွားခဲ့တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်သွယ်
မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲက ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးတရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့
အဆောက်အဦးမှာ ပျက်စီးမှုတချို့ ဖြစ်သွားခဲ့ပေမယ့် လူတွေထိခိုက်တာ၊ သေကျေတာ
မျိုးတော့ မကြားရသေးပါဘူး။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် အာဏာပိုင်တွေ
ရောက်ရှိလာပြီး လုံခြုံရေးအစောင့်အကြပ်တွေ ချထားတယ်လို့လည်း သိရပါတယ်။
ဒီမနက်အစောပိုင်းကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ အခင်းဖြစ်တဲ့နေရာကို
ရောက်သွားတဲ့ မျက်မြင်သက်သေတယောက် ပြောပြတာကတော့ …

“ရွှေပြည်သာ ၆/၉ ရပ်ကွက်၊ ၁၃ လမ်းမှာရှိတဲ့ မြို့နယ်မဲကော်မရှင်ရဲ့ မျက်စောင်းထိုးက
ကြံ့ခိုင်ရေးရုံးမှာ၊ ပေါက်တဲ့အချိန်က ၆ နာရီခွဲလောက်ရှိမယ်။ အောက်ထပ်မှာ
ပေါက်တာ။ ပျက်စီးမှုတော့များတယ်။ လူသေတာတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့
အဲဒီအချိန်မှာ လူတွေက သူတို့ရှေ့မှာ ကားတိုက်မှုတခုဖြစ်လို့ အကုန် ထွက်ကြည့်နေ
ကြတယ်။ အဲဒီအချိန် အထဲမှာ ပေါက်သွားတာပါ။ လက်ရှိအခြေအနေကတော့ လုံခြုံ
ရေးတွေ အရမ်းတင်းကျပ်ထားတယ်။ အခုတော့ အဲဒီဘက် သွားလို့မရတော့ဘူး။”

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာကို ရောက်သွားခဲ့တဲ့ ရန်ကုန်မြို့က မျက်မြင်သက်သေ
တယောက် ဖြစ်ပါတယ်။ အခုပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာဟာ မြန်မာစစ်အစိုးရ
အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် နာယကအဖြစ် ဦးစီးဦးဆောင်လုပ်ကိုင်
နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ ရုံးခွဲတခုလည်း ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ကို ၂၀၀၃ ခုနှစ်တုန်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ အကြမ်းဖက်တိုက်ခိုက်စဉ်
က ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးသလို အတိုက်အခံ နိုင်ငံရေးအင်အားစု
တွေကို နှောင့်ယှက်ဟန့်တားမှုတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်
တွေလည်း ရှိနေတာကြောင့် မနှစ်မြို့သူတွေကလည်း ရှိနေတာပါ။

ဒါပေမယ့်လို့ အခုဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ တစုံတယောက်က ရည်ရွယ်ချက်နဲ့ တိုက်ခိုက်
ခဲ့တာ ဟုတ်မဟုတ်ဆိုတာကတော့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
ဘယ်သူကမှလည်း သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါ
ဘူး။ ပေါက်ကွဲမှုဖြစ်တဲ့ ရွှေပြည်သာမြို့ခံ ရဲတပ်ဖွဲ့ကို မေးကြည့်တဲ့အခါမှာလည်း စုံစမ်း
စစ်ဆေးမှုတွေ လုပ်နေဆဲပါလို့ ဆိုပါတယ်။

“ဗုံးပေါက်တာတော့ သိတယ်ခင်ဗျ။ သတင်းအစအန အကုန်လုံးတော့ မသိသေးပါဘူး။
အသံပဲထွက်တာပါ။ တိုင်းအဖွဲ့အစည်း ဆင်းပြီး စစ်ဆေးနေပါတယ်။ တည်ငြိမ်နေပါ
တယ်၊ ဘာမှမဖြစ်ပါဘူး။”
ဒေသခံရဲတပ်ဖွဲ့က ဖြေကြားသွားခဲ့တာပါ။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နောက်ဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးတာကတော့ ပြီးခဲ့
တဲ့ ဧပြီလထဲတုန်းကပါ။ အဲဒီတုန်းကတော့ ရပ်ထားတဲ့ ဘတ်စ်ကား ၂ စီးပေါ်မှာ
ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး လူတွေ ထိခိုက်သေကျေတာမျိုးတော့ မရှိခဲ့ပါဘူး။ မြန်မာ
စစ်အစိုးရ အာဏာပိုင်တွေဘက်ကတော့ ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်တဲ့အခါတွေမှာ
အတိုက်အခံ အင်အားစုတွေရဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ် စွပ်စွဲလေ့ရှိပေမယ့်လည်း
ဒါတွေဟာ အများအားဖြင့် အထောက်အထား ခိုင်လုံမှုမရှိဘူးဆိုပြီး ဝေဖန်တာတွေ
လည်း ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG