သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် ဒီမိုကရေစီရရှိရေး ကုလအတွင်းရေးမှူးချုပ် ဖိအားပေးမည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) က မြန်မာနိုင်ငံ ဒီမိုကရေစီ
ရေး တိုးတက်ကောင်းမွန်လာအောင်
လုပ်ဆောင်မယ်လို့ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့က
ကတိပေး ပြောကြားလိုက်ပါတယ်။ အန်န်စီဂျီ
ယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်း
အစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ
ဒေါက်တာသောင်းထွန်းကတော့ မြန်မာနိုင်ငံ
ဒီမိုကရေစီရေး တိုးတက်စေဖို့ လုပ်ဆောင်တဲ့
နေရာမှာ ကုလသမဂ္ဂဘက်က လုပ်ဆောင်နိုင်
တဲ့ အတိုင်းအတာ အပြည့်အ၀ ဆောင်ရွက်
တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေ
မယ့် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံအရေး
ဆောင်ရွက်မှုတွေကိုတော့ သူက ချီးကျူးလိုက်ပါတယ်။ အပြည့်အစုံကို
ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဂျပန်နိုင်ငံမှာရောက်နေတုန်း အင်္ဂါနေ့က သတင်းစာ
ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့တာပါ။ သူက မြန်မာနိုင်ငံ
ဒီမိုကရေစီရေး တိုးတက်လာအောင် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်
တွေကို တိုက်တွန်းပါတယ်။ နာဂစ်ဆိုင်ကလုံးဒဏ်ခံရတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက
ကူညီသူတွေ လက်လှမ်းမမီ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်
ပြီး အကူအညီတွေလက်ခံဖို့ စစ်ခေါင်းဆောင်တွေကို နားချခဲ့တဲ့ မစ္စတာဘန်ကီမွန်းက
မြန်မာနိုင်ငံသားတွေအတွက် စစ်မှန်တဲ့ လွတ်လပ်ရေးရစေဖို့ မြန်မာနိုင်ငံကို ဖိအား
ပေးမယ်လို့ သတင်းထောက်တွေကို ပြောခဲ့တဲ့အကြောင်း ဂျပန်ကလာတဲ့ အေအက်ဖ်ပီ
သတင်းမှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့ ကုလသမဂ္ဂရုံး သတင်းစာရှင်းလင်းပွဲမှာတော့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ
မစ်ရှဲလ် မွန်းတပ်စ် (Michelle Montas) က အတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံ ဒီမို
ကရေစီရေးကို အခုထက်ပိုပြီးလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲလာအောင် အခုထက်ပိုပြီး
ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် နာဂစ်ဆိုင်ကလုံးဒဏ် ခံရသူတွေထဲ
က အကူအညီ တကယ်တမ်းလိုအပ်နေသူတွေအတွက် ကယ်ဆယ်ကူညီရေးပစ္စည်းတွေ
ပေးပို့တဲ့နေရာမှာတော့ တိုးတက်မှုတွေ ရှိနေတယ်ဆိုတာကိုတော့ သူအသိအမှတ်ပြုပါ
တယ်” လို့ မစ္စမွန်းတပ်စ်က ပြောသွားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြင်ပကမ္ဘာကို ကြည့်တဲ့အခါ သံသယမျက်လုံးတွေနဲ့
ကြည့်တတ်တာမို့ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်ပြီး လူပေါင်း သိန်းနဲ့ချီ
သေဆုံး၊ ပျောက်ဆုံးနေတာတောင် နိုင်ငံတကာကပေးအပ်တဲ့ အကူအညီတွေကို
လက်မခံရဲဘဲ ရက်သတ္တပတ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အဖြစ်မျိုးကို ရောက်ခဲ့ရ
တာပါ။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်းက လိုအပ်ရင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူ
စကားပြောဆိုတဲ့ကိစ္စတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင်
ဆောင်ရွက်မယ်လို့ ဂျပန်နိုင်ငံ တိုကျိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာစစ်အစိုးရဘက်က မုန်တိုင်းဒဏ် ခံရသူတွေအတွက် နိုင်ငံတကာရဲ့ ကူညီမှုတွေကို
နှောင့်နှေးအောင် လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွင့်ပေးမယ်လို့ ပြောဆိုခဲ့တဲ့အတိုင်း
ဆောင်ရွက်ခဲ့တာမို့ ဒါဟာ လမ်းကြောင်းမှန်ပေါ်မှာ လျှောက်နေတဲ့ တိုးတက်မှုတခုပဲ
လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေ စစ်မှန်တဲ့လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရသာကို ပျော်ပျော်ရွှင်ရွှင်
ကြီး ခံစားရအောင် ကူညီဖို့အတွက် သူ အပြင်းအထန် ဆောင်ရွက်မယ်လို့လည်း ကတိ
ပေးခဲ့ပါတယ်။ အန်န်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
အဖွဲ့က ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ ကုလသမဂ္ဂဟာ သူ
လုပ်နိုင်တဲ့အတိုင်းအတာကို အပြည့်အ၀ မလုပ်သေးဘူးလို့ ထောက်ပြပါတယ်။

“နအဖရဲ့ ဆန္ဒခံယူပွဲက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ယူအန်ရဲ့သဘောထား
ကို မစ္စတာဘန်ကီမွန်းအနေနဲ့ ပြတ်ပြတ်သားသားပြောတာ မရှိသေးဘူး။ ပြီးခဲ့တဲ့
ရက်ပိုင်းတွေမှာ ကျနော်တို့တွေ့ရတာက ဇင်ဘာဘွေကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ
ဟာ နိုင်ငံတကာထုံးစံတွေနဲ့ မညီဘူး၊ အတိုက်အခံတွေကို ဖမ်းတာဆီးတာ၊ သတ်တာ
ဖြတ်တာတွေရှိတယ်၊ ဒါကြောင့် ဒီရွေးကောက်ပွဲရလဒ်က တရားမဝင်ဘူးဆိုတဲ့ သဘော
မျိုးတွေ ဘန်ကီမွန်းပြောတာ တွေ့ရတယ်။

“ဇင်ဘာဘွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒီလို တရားမဝင်ဘူးဆိုပြီးပြောရင် မြန်မာ
ပြည်ရဲ့ ဆန္ဒခံယူပွဲဟာလည်း နအဖဘက်က ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ လိမ်ညာ
မှုတွေ၊ ဥပဒေကြောင်းနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ မညီတာတွေရှိတယ်။ ဒါကြောင့် နအဖ
ရဲ့ ဆန္ဒခံယူပွဲက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံကို ဒါဟာ တရားမဝင်ဘူးဆိုတဲ့အပိုင်းပြောဖို့
ကျနော်တို့ ချဉ်းကပ်ပြီး တိုက်တွန်းနေတာတွေ ရှိပါတယ်။

“ဆန္ဒခံယူပွဲလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့တော့ ယူအန်ရဲ့သဘောထား ပြတ်ပြတ်
သားသားပေးဖို့ လိုလိမ့်မယ်။ နအဖရဲ့ လမ်းပြမြေပုံဆိုတာ ဆန္ဒခံယူပွဲမှာ အခုလို
မတရားမှုတွေ လုပ်သွားပြီးနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဘာမှမျှော်လင့်
စရာ မရှိတော့ဘူး။ ဆိုလိုတာက နအဖရဲ့ လမ်းပြမြေပုံဟာ နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့
လုပ်ငန်းစဉ်တရပ် မဟုတ်တော့ဘူး။ ဒါကိုတော့ ယူအန်ဘက်က ပြတ်ပြတ်သားသား
ပြောဖို့လိုတယ်လို့ ကျနော်မြင်ပါတယ်။”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂ တာဝန်ခံ
ဒေါက်တာသောင်းထွန်း ပြောသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG