သုံးရလွယ်ကူစေသည့် Link များ

ဇင်ဘာဘွေအရေး ဖြေရှင်းဖို့ အာဖရိကသမဂ္ဂ ကြားဝင် ဆောင်ရွက်မည်


ဇင်ဘာဘွေနိုင်ငံမှာ သမ္မတ မူဂါဘီ
(Mugabe) ပြန်ပြီးရွေးကောက်ခဲ့ရတာကို
နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်
ခဲ့ပြီးနောက် အာဖရိကသမဂ္ဂက ဇင်ဘာဘွေ
နိုင်ငံမှာ အမျိုးသားစည်းလုံးညီညွတ်မှုကို
အခြေခံပြီး တည်ဆောက်ထားတဲ့ အစိုးရ
တရပ် ပေါ်ပေါက်လာဖို့အတွက် တောင်းဆို
ကြဖို့ ဆုံးဖြတ်ချက်တခု ချလိုက်ပါတယ်။

အီဂျစ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ အာဖရိကသမဂ္ဂ
ထိပ်သီးအစည်းအဝေးပွဲရဲ့ တံခါးပိတ်ဆွေးနွေးပွဲတခုမှာ ဇင်ဘာဘွေအစိုးရနဲ့ အတိုက်
အခံကြားမှာ ဆက်ပြီး ကြားခံဖြန်ဖြေပေးကြဖို့ သဘောတူကြပါတယ်။ ဘော့ဆွာနာ
နိုင်ငံက ဇင်ဘာဘွေနိုင်ငံကို အာဖရိကသမဂ္ဂနဲ့ တောင်ပိုင်းအာဖရိကနိုင်ငံများ ဖွံ့ဖြိုး
ရေးအဖွဲ့ကနေ စွန့်လွှတ်လိုက်ဖို့ အဆိုတင်သွင်းလိုက်ပြီးနောက်ပိုင်း အခုသဘော
တူညီချက်ကို အင်္ဂါနေ့ကရခဲ့တာ ဖြစ်ပါတယ်။

ဘော့ဆွာနာနိုင်ငံ ဒု-သမ္မတ မွန်ဖာတီ မာရဖီ (Mompati Merafhe) က ဇင်ဘာဘွေရဲ့
တကျော့ပြန် ရွေးကောက်ပွဲရလဒ်ကြောင့် မူဂါဘီအစိုးရကို တရားဝင်အဖြစ် အသိ
အမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အဲဒီ တံခါးပိတ်ဆွေးနွေးပွဲမှာ နိုင်ဂျီးရီးယား၊ လိုက်ဘေးရီးယားနဲ့ ဆီရီယာလီယွန်နိုင်ငံ
က သံတမန်တွေကလည်း ဇင်ဘာဘွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တင်းမာတဲ့
ကောက်ချက်တွေ ချခဲ့ပါတယ်။ အီဂျစ်နိုင်ငံ ပြောရေးဆိုခွင့်ရှိသူ ဟော့ဆမ် ဇာကီ
(Hossam Zaki) ရဲ့ အဆိုအရ သမ္မတ မူဂါဘီက အဲဒီဆွေးနွေးပွဲမှာ မိန့်ခွန်းရှည်ရှည်နဲ့
သူ့ကို ဆန့်ကျင်ပြောဆိုခဲ့တဲ့ အာဖရိကနိုင်ငံတွေကို ကြိမ်းဝါးသွားတယ်လို့လည်း
သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG