သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးဆွေးနွေးရန် ဗြိတိသျှနှင့်အမေရိကန် အဆိုပြု


ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကမ္ဘာပေါ်က ဘယ်အကြောင်းရပ်တွေ ဘယ်နိုင်ငံတွေအကြောင်း ဆွေးနွေးမလဲ ဆိုတာ လစဉ် အစောပိုင်း ဆွေးနွေးပြီး အချိန်ဇယားသတ်မှတ်လေ့ရှိပါတယ်။ အခု လာမယ့် ဇူလှိုင်လအတွက် မနေ့ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအကြားမှာ ဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံ အရေးကိစ္စကိုလည်း ပြောဆို ဆွေးနွေး ခဲ့ကြပါတယ်။ ဒါပေမယ့် ရက်သတ်မှတ်နိုင်ခြင်းတော့မရှိသေးဘူးလို့ သိရပါတယ်။ ဦးသားညွန့်ဦးက အကြောင်းစုံ ပြောပြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ လာမယ့် ဇူလှိုင်လ ဘာတွေ ဆွေးနွေးမယ် ဘယ်အကြောင်းအရာတွေကို ကိုင်တွယ် ဖြေရှင်းမယ် ဆိုတာတွေကို ကြိုတင် အချိန်ဇယား သတ်မှတ်ဖို့ ကောင်စီအဖွဲ့ဝင်တွေ အကြား ဆွေးနွေးတဲ့ နေရာမှာ မြန်မာနိုင်ငံ အကြောင်းရပ်ကို ထည့်သွင်းထားဖို့ အမေရိကန်နဲ့ ဗြိတိသျှ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တွေက ကြိုးပမ်း ခဲ့ကြတာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဇာမေလ်း ခါလီဇတ်က အခုလို ပြောပါတယ်။

“ဒီလထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစည်းအဝေးလုပ်ဖို့ ကျနော်တို့ ပြောဆို တိုင်ပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ စိုးရိမ်ချက်တွေ ရှိပါတယ်။ ဒါ့အပြင် ကပ်ဘေးကျရောက်မှုနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှု အခြေအနေတွေ အပေါ်လည်း စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့် ဒီအခြေအနေ နှစ်ခုစလုံးအပေါ်မှာ ကျနော်တို့ အလေးပေး စဉ်းစားနေပါတယ်။ ဒါပေမယ့် ဘယ်ရက် ဆွေးနွေးဖြစ်မလဲဆိုတဲ့ အချိန် သတ်မှတ်ချက်တော့ မရသေးပါဘူး။ လုံခြုံရေးကောင်စီ သဘာပတိအနေနဲ့ အခြားကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ တိုင်ပင်ပြီးတော့ ရက်သတ်မှတ် ပါလိ့မ်မယ်။”

မြန်မာနိုင်ငံ ကိစ္စ လာမယ့်ဇူလှိုင် လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ဆိုတဲ့ အဆိုကိုတော့ ဗြိတိသျှ ကိုယ်စားလှယ်က တင်သွင်းတာလို့ သိရပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး ဆာဂျွန် ဆောဝါးက အခုလို ပြောပါတယ်။

“မြန်မာ့အရေး ကိစ္စဆွေးနွေးဖို့ ကျနော် အဆိုပြုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ ပြီးကတည်းက ဘာတွေ ထူးခြား တိုးတက်မှု ရှိသလဲဆိုတာကို အတွင်းရေးမှုးချုပ်ရုံးကနေ ဘာမှ မသိရသေးပါဘူး။ မြန်မာနိုင်ငံမှာ ဆိုက်ကလုံး မုန်တိုင်း ကပ်ဆိုးကြောင့် အာရုံ စိုက်လုပ်နေရာကနေ အခု နိုင်ငံရေး အခြေအနေဖက်ကို ပြန်စဉ်းစားဆောင်ရွက်ရမှာပါ။”
ဒါပေမယ့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲ မြန်မာ့အရေးဆွေးနွေးသင့် မသင့်ဆိုတဲ့အပေါ် ကောင်စီ အဖွဲ့ဝင်တွေအကြား သဘောကွဲလွဲမှု ရှိပုံရပါတယ်။ လက်ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ သဘာပတိကတော့ ဗီယက်နမ် နိုင်ငံပါ။ ဗီယက်နမ် သံအမတ်ကြီးက မနေ့က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖိုဆိုတဲ့ အဆိုပြုချက်ရှိပါတယ်။ ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ အခုအချိန်မျိုးမှာ မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖို့ဆိုတာ ဆွေးနွေးသင့် မသင့် ဆိုတာတွေ တိုင်ပင်ဖြစ်ပါတယ်။ ဒါပေမယ့် လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေ အကြားမှာ သဘောတူညီချက်တော့ မရသေးပါဘူး။ အခုလို ဆွေးနွေးတိုင်ပင်တာနဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်မလားဆိုတာ သဘောတူညီချက်မရပါဘူး။”

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီကတော့ အခု ဇူလှိုင်လထဲမှာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ဖို့ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဖက်ကတော့ မစ္စတာ ဂမ်ဘာရီ လာရောက်နိုင်ဖို့ မီးစိမ်းပြသေးတဲ့ပုံ မရပါဘူး။ အကယ်၍ သူသွားဖြစ်ခဲ့လို့ ပြန်လာရင်တော့ ထုံးစံအတိုင်း လုံခြုံရေးကောင်စီကို မစ္စတာ ဂန်ဘာရီ ပြန်အစီရင်ခံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တဆက်တည်းပါ - မနေ့က တရုတ်နိုင်ငံကို ရောက်ရှိတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းဟာ တရုတ်သမ္မတနဲ့ တွေ့စဉ်မှာ မြန်မာနိုင်ငံကိစ္စကိုလည်း ထည့်သွင်းပြောသွားတယ်လို့သိရပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ကုလသမဂ္ဂဖက်က ထုတ်ပြန်တာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG