သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာ့ခ်ဒီတပ်ဖွဲ့ ဖျက်သိမ်းရေးနှင့် နိုင်ငံရေးအနာဂတ် ကြိုက်ရာရွေးရန် အီရတ်ဝန်ကြီးချုပ်က အယ်လ်-ဆာဒါးကို တောင်းဆို


အီရတ်က ရှီးယားဘာသာရေးခေါင်းဆောင်
မော်ခ်တာဒါ အယ်လ်-ဆာဒါး (Moqtada al-Sadr)
အနေနဲ့ သူ့ရဲ့လက်နက်ကိုင်တပ်တွေကို လက်နက် ဖြုတ်သိမ်းရင်သိမ်း၊ ဒါမှမဟုတ်ရင်တော့
ရွေးကောက်ပွဲဝင်တာတို့၊ နိုင်ငံရေးမှာ ပါဝင်တာ
တို့ကနေ ပိတ်ပင်ခံရမယ်လို့ အီရတ်ဝန်ကြီးချုပ်
နူရီ အယ်လ်-မာလီးကီး (Nouri Al-Maliki) က သတိပေးလိုက်ပါတယ်။ ဒါဟာ အယ်လ်-ဆာဒါးရဲ့ မာ့ခ်ဒီတပ်ဖွဲ့ကို အီရတ်ဝန်ကြီးချုပ်အနေနဲ့ ပထမ
ဆုံးအကြိမ် သီးခြား ထုတ်ဖော်သတိပေးတာပါ။
ဗွီအိုအေရဲ့ ကိုင်ရိုအခြေစိုက် အရှေ့အလယ်ပိုင်း
ဌာနကနေ အာရာ ဘက်ထရာဝီ (Aya Batrawy) ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

အီရတ်နိုင်ငံမှာ နိုင်ငံတော်အာဏာကို ခွဲဝေသတ်မှတ်ဖွယ်ရှိတဲ့ ရွေးကောက်ပွဲတွေကို
မကြာခင်မှာ ကျင်းပဖို့ရှိပါတယ်။ တကယ်လို့သာ အယ်လ်-ဆာဒါးရဲ့အုပ်စုဟာ အဲဒီ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင် မာ့ခ်ဒီတပ်ဖွဲ့ကို ဖျက်သိမ်းရ
မယ်ဆိုပြီး သြဇာအရှိန်အဝါကြီးမားတဲ့ မော်ခ်တာဒါ အယ်လ်-ဆာဒါးကို အီရတ်ဝန်ကြီး
ချုပ် နူရီ အယ်လ်-မာလီးကီးက ပြင်းပြင်းထန်ထန် ပြောလိုက်တာပါ။

CNN ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောခဲ့တဲ့ အီရတ်ဝန်ကြီးချုပ်ရဲ့
စကားဟာ မာ့ခ်ဒီတပ်ဖွဲ့ လက်နက်ဖြုတ်သိမ်းဖို့ ပထမဆုံးအကြိမ် လူသိရှင်ကြားပြောတဲ့
စကားပါပဲ။ တကယ်ကတော့ မစ္စတာမာလီးကီးဟာ အယ်လ်-ဆာဒါးရဲ့ ထောက်ခံမှုနဲ့
၂၀၀၆ ခုနှစ်က ဝန်ကြီးချုပ်ဖြစ်လာခဲ့သူပါ။ နောက်ပိုင်းမှာတော့ အယ်လ်-ဆာဒါးက
သူ့ရဲ့လှုပ်ရှားမှုကို အစိုးရအဖွဲ့ထဲကနေ ရုပ်သိမ်းခဲ့ပါတယ်။

အယ်လ်-ဆာဒါးအနေနဲ့ အီရတ်နဲ့ အီရန်တို့က အကြီးတန်း ရှီးယားဘာသာရေး
ခေါင်းဆောင်တွေနဲ့ အကြံယူညှိနှိုင်းမှာဖြစ်ပြီး သူတို့ကသာညွှန်ကြားရင် တပ်ဖွဲ့ကို လက်နက်ဖြုတ်သိမ်းမယ်လို့ မစ္စတာမာလီးကီးရဲ့ တောင်းဆိုသံ ထွက်လာပြီးတဲ့နောက်
အယ်လ်-ဆာဒါးရဲ့ ထိပ်တန်းလက်ထောက်တယောက်က ပြောခဲ့ပါတယ်။

အီရတ်ဝန်ကြီးချုပ်ဟာ ရွေးကောက်ပွဲတွေမှာ ဝင်စွက်ဖက်ဖို့ အခြေခံဥပဒေက အပ်နှင်း
ထားတဲ့ အခွင့်အာဏာမရှိဘူးလို့ အယ်လ်-ဆာဒါးကို ထောက်ခံသူတွေက ချက်ချင်း တုံ့ပြန်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲဥပဒေမူကြမ်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့
ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်တားမြစ်ထား
တဲ့ စည်းကမ်းအသစ်ဟာ အယ်လ်-ဆာဒါးကို ဘေးဖယ်ထားဖို့ တိုက်ရိုက်ရည်ရွယ်တဲ့
လုပ်ရပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။

အီရတ်နိုင်ငံ ဒီကနေ့ရင်ဆိုင်နေရတဲ့ အဓိကပြဿနာတွေထဲမှာ တခုကတော့
လက်နက်ကိုင်တွေဟာ အစိုးရအဖွဲ့ကနေ သီးခြားကင်းလွတ်စွာ လုပ်ဆောင်နေကြပြီး
တခါတခါ အစိုးရအဖွဲ့ကိုတောင် ဆန့်ကျင်လာတဲ့ ပြဿနာဖြစ်တယ်လို့ အီရတ်နိုင်ငံရေး
ကျွမ်းကျင်သူ ပါမောက္ခ ဟိုင်ဒါ ဆာအိဒ် (Haidar Saaid) ကပြောပါတယ်။

“မာ့ခ်ဒီတပ်ဖွဲ့အပါအဝင် လက်နက်ကိုင်အားလုံးကို ဖျက်သိမ်းရပါမယ်။ အီရတ်အတွက် အကြီးမားဆုံးပြဿနာလို့ ကျနော်မြင်တာက အာဏာအပြည့်အဝရှိတဲ့ အစိုးရတခု
လိုအပ်နေခြင်းပဲ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ပြင်ပမှာ တိုက်ခိုက်နေကြတဲ့အဖွဲ့တွေရှိပြီး
သူတို့ဟာ လူတွေရဲ့ လွတ်လပ်မှုနဲ့ လှုပ်ရှားမှုအပေါ် သြဇာသက်ရောက်လွှမ်းမိုးမှု ရှိကြ
ပါတယ်။”

ဘဂ္ဂဒက်ဒေသ၊ ဆာဒါမြို့က အယ်လ်-ဆာဒါးရဲ့ အခိုင်အမာ ခြေကုပ်စခန်းကို အီရတ်
တပ်တွေက တနင်္ဂနွေနေ့မှာ စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ခိုက်မှုတွေရပ်ဆိုင်းဖို့
အယ်လ်-ဆာဒါးက သူ့ရဲ့တပ်တွေကို ညွှန်ကြားခဲ့ပြီးတဲ့နောက် သီတင်းတပတ်ကြာ
အတော်လေး ငြိမ်သက်နေခဲ့ရာကနေ ဒီတိုက်ခိုက်မှုကြောင့် တိုက်ပွဲကြီးတွေ ပြန်ဖြစ်ခဲ့
ပါတယ်။ တိုက်ပွဲတွေအတွင်း လူ ၂၅ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရခဲ့
တယ်လို့ ဆေးရုံတွေကထွက်လာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

သူ့အစိုးရအဖွဲ့အနေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ပြင်ထားပြီးပြီဖြစ်ပြီး အဲဒီဒေသတွေကို
အပြည့်အဝထိန်းချုပ်နိုင်တဲ့အထိ ဆက်တိုက်သွားမယ်လို့ မစ္စတာမာလီးကီးက တွေ့ဆုံ
မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ အီရတ်နိုင်ငံလုံခြုံရေးအတွက် လေးကြိမ်မြောက်ဆွေးနွေးပွဲလုပ်
ဖို့ အမေရိကန်ပြည်ထောင်စုက တောင်းခံထားတဲ့အကြောင်း အီရန်နိုင်ငံက ပြောပါ
တယ်။ နှစ်နိုင်ငံကြား နောက်ဆုံး တရားဝင်ဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ
ဖြစ်ခဲ့တာပါ။

အီရတ်နိုင်ငံမှာ အီရန်ရဲ့အရှိန်အဝါ ဆက်ပြီးကြီးမားလာတာနဲ့အမျှ အီရတ်နဲ့အမေရိကန်
တပ်တွေကို တိုက်ခိုက်တဲ့ လက်နက်ကိုင်တွေကို စစ်လက်နက်ပစ္စည်းတွေ အီရန်က ထောက်ပံ့နေတယ်လို့ အမေရိကန်က စွပ်စွဲပြောဆိုကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG