သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-8 ထိပ်သီးဆွေးနွေးပွဲ အတွက် သမ္မတ ဘုရှ် ဂျပန်နိုင်ငံကို ထွက်ခွာ


G-8 လို့ခေါ်တဲ့ ကမ္ဘာပေါ်က စက်မှုအဖွံ့ဖြိုးဆုံး နိုင်ငံကြီး ၈ နိုင်ငံရဲ့ နှစ်စဉ် ပုံမှန် အစည်းအဝေးအတွက် ဒီနှစ် ဂျပန်နိုငံမှာ နိုင်ငံကြီး ၈ နိုင်ငံက ခေါင်းဆောင်တွေ ဒီနေ့ တနင်္လာနေ့မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ အစည်းအဝေးမှာ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးကြမှာပါလဲ။ အိမ်ဖြူတော် သတင်းထောက် Scott Stearns ရဲ့ သတင်းလွှာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

အမေရိကန်သမ္မတ ဂျော့ ဒဗလျူ ဘုရှ် ကတော့ ဒီနှစ် G-8 အစည်းအဝေးမှာ အာဖရိကနိုင်ငံတွေကို အကူအညီပေးဖို့ အရင်ကလည်း သဘောတူညီချက် ရှိထားတဲ့အတိုင်း အခုထက်ပိုပြီး ဆောင်ရွက်ကြဖို့ ၈ နိုင်ငံက ခေါင်းဆောာင်တွေကို တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။

"ငြိမ်းချမ်းရေး အကျိုး၊ လူသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေး အကျိုးကို ရှေ့ရှုပြီး ကူညီပါမယ်လို့ ကတိကဝတ်တွေ ပေးရုံမဟုတ်ဘဲ တကယ် ကိုယ့်လက်ထဲက ချက်လက်မှတ်ကိုထုတ်ပြီး လှူဒါန်းတဲ့လူမျိုးတွေ ကျနော်တို့ လိုနေပါတယ်။ ပြီးတော့ ဒီလို တကယ်တမ်း အာဖရိကတိုက်ကို သွားပြီး အကူအညီတွေ ပေးတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုကလည်း အရေးကြီးပါတယ်။"

လာမယ့် ၂၀၁၀ ခုနှစ်မတိုင်ခင် အာဖရိကတိုက်ကို ပေးနေတဲ့ အကူအညီတွေကို နှစ်ဆတိုးပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ သောင်း ၂ ထောင်အထိ လှူဒါန်းသွားဖို့ ပြီးခဲ့တဲ့ ၂ နှစ်က G8 ခေါင်းဆောင်တွေက သဘောတူခဲ့ကြတာပါ။ ဒါပေမယ့်လည်း တကယ်တမ်း ဒီရံပုံငွေ ပမာဏရဲ့ ၁၄ % ကိုပဲ လှူဒါန်းတာ တွေ့ရတယ်လို့ One Campaign လို့ခေါ်တဲ့ ဆင်းရဲမွဲတေမှုနဲ့ အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေး လှုံ့ဆော်မှုအဖွဲ့က ပြောပါတယ်။

ဂျူလီအဲန် စမစ် (Julianne Smith) ဟာ အမေရိကန် ပါတီကြီး နှစ်ရပ်စလုံးက လက်ခံတဲ့ အများပြည်သူ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ဖြစ်တဲ့ ဝါရှင်တန်ဒီစီအခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့ရဲ့ ဥရောပလုပ်ငန်းစဉ်ကို ကြီးကြပ်သူ ဖြစ်ပါတယ်။

"သမ္မတ ဘုရှ်အနေနဲ့ တခြား G-8 အဖွဲ့ ခေါင်းဆောင်တွေကို ပြောနိုင်တာကတော့ သူတို့ပေးထားတဲ့ ကတိအတိုင်း လိုက်နာဆောင်ရွက်မှု ရှိမရှ ထောက်ပြနိုင်ပါတယ်။ G-8 အစည်းအဝေးမှာက ဒီနိုင်ငံကြီးတွေအနေနဲ့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ သူတို့ ကတိပေးထားတဲ့ အတိုင်း လိုက်လျော ဆောင်ရွက်ခဲ့တာ ရှိမရှိ ပြန်ပြီးတာ့ စစ်ဆေးလေ့ ရှိပါတယ်။ အဲဒီလို ကြည့်တဲ့အခါ အမေရိကန်ပြည်ထောင်စုဟာ ဒီ ကတိကဝတ်တွေအတိုင်း လေးစားလိုက်နာတဲ့နေရာမှာ ထိပ်ဆုံးက ရှိပါတယ်။ ဒါကြောင့် အမေရိကန် သမ္မတ ဘုရှ်အနေနဲ့ ဒီအစည်းအဝေးကို လာတဲ့အခါမှာ တခြား နိုင်ငံတွေကိုလည်း အာဖရိကနိုင်ငံတွေကို ငွေကြေး လှူဒါန်းဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြား စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအတွက်ပဲဖြစ်ဖြစ် သူတို့ ကတိပြုထားတဲ့အတိုင်း တလေးတစား လိုက်နာ ဆောင်ရွက်ဖို့ ပြောနိုင်တာပါ။"

ကမ္ဘာ့ရာသီဥတု အပြောင်းအလဲ ကိစ္စဟာလည်း ဒီ G8 အစည်းအဝေးတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲ တခု အပါအဝင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဂျာမဏီနိုင်ငံမှာလုပ်တဲ့ G8 အစည်းအဝေးမှာ အမေရိကန်သမ္မတ ဘုရှ်က "Greenhouse gases" လို့ခေါ်တဲ့ ကမ္ဘာ့လေထု အပူချိန်ကို မြင့်တက်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ထုတ်လုပ်မှု ကန့်သတ်ဖို့ကိစ္စကို သဘောမတူခဲ့ပါဘူး။ ဒီလို သဘောတူရင်လည်း ဒီသဘောတူညီချက်က ကမ္ဘာ့လေထု ညစ်ညမ်းအောင် အများဆုံးလုပ်နေတဲ့ နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံတွေအပေါ် သက်ရောက်မှု မရှိတဲ့အတွက် ဖြစ်ပါတယ်။

ဒီနှစ်လုပ်မယ့် G-8 အစည်းအဝေးအတွင်း သီးခြားလုပ်မယ့် အစည်းအဝေးတခုမှာ ကမ္ဘာ့လေထု ညစ်ညမ်းအောင် ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ ၈၀ % ထုတ်နေတဲ့ စီးပွားရေး အင်အားကြီးနိုင်ငံကြီး ၁၆ နိုင်ငံတို့ ဆွေးနွေးကြမယ့်အထဲ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့လည်း ပါဝင်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ယာဆူကို ဖူကူဒါး (Yasuko Fukoda) က လာမယ့် ၂၀၅၀ ခုနှစ်မှာ ကမ္ဘာ့လေထု အပူချိန်ကို မြင့်တက်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ ထုတ်လုပ်မှုကို ၅၀ % အထိ လျော့ချနိုင်တာမျိုး ဖြစ်ချင်တာပါ။ အိမ်ဖြူတော် အရာရှိတွေကတော့ ဒါဟာ မှားယွင်းတဲ့ ရည်မှန်းချက်ပဲလို့ ဆိုပါတယ်။ သူတို့က အလယ်အလတ် ရည်မှန်းချက်တွေလောက်သာ ထားပြီး နိုင်ငံတခုချင်းစီက သူတို့ရဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ထုတ်လုပ်မှုကို အသီးသီး လျော့ချရေးကို အာရုံစိုက်နေကြတာပါ။

မိုက်ကယ် ဂရင်း (Michael Green) ဟာ ပြီးခဲ့တဲ့ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်တွေက အမေရိကန်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကောင်စီမှာ အာရှရေးရာ အကြီးတန်း ညွှန်ကြားရေးမှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူဟာ အခုတော့ Georgetown တက္ကသိုလ်မှာ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ လက်ထောက် ပါမောက္ခ တဦးလုပ်နေပါတယ်။

"နိုဝင်ဘာလထဲမှာ သမ္မတ ရွေးကောက်ပွဲ ရှိတယ်ဆိုတာကို တခြားနိုင်ငံ ခေါင်းဆောင်တွေက သိကြပါတယ်။ ဒါကြောင့်လည်း သမ္မတလောင်းတွေ ဖြစ်ကြတဲ့ အထက် လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ McCain နဲ့ အိုဘားမားတို့အနေနဲ့ ဒီလို ရာသီဥတုအပြောင်းအလဲကိစ္စ၊ နျူကလီးယားလက်နက် မပြန့်ပွားရေးကိစ္စ၊ မြောက်ကိုရီးယားအရေး၊ အီရန်အရေး စတဲ့ကိစ္စတွေမှာ ဘယ်လိုသဘောထား ရှိကြတယ်ဆိုတာကို ဒီ နိုင်ငံကြီးတွေက ခေါင်းဆောင်တွေက အနီးကပ် စောင့်ကြည့်နေကြတာပါ။ ဒါပေမယ့် အခုလက်ရှိ သမ္မတ ရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍက ဒီအစည်းအဝေးမှာ မျှော်လင့်သလောက် ပျောက်ကွယ်နေတယ်လို့တော့ ကျနော် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခုက သူလည်း ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကောင်းကောင်း နားလည်သိရှိနေလို့ပါ။ သူတို့မှာ လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးတွေ ရှိပါတယ်။ ပြီးတော့ ဒီအစည်းအဝေးကနေ တစုံတရာ ဖြစ်အောင် လုပ်နိုင်တယ်ဆိုတာကို ပြသဖို့ အားလုံးမှာ တူညီတဲ့ စိတ်ဆန္ဒတခုကလည်း ရှိနေကြပါတယ်။"

တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအပြင် မက္ကဆီကို၊ ဘရာဇေးလ်၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ သြစတြေးလျ နိုင်ငံတွေလည်း ဒီအစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခံထားရပါတယ်။ အာဖရိကနိုင်ငံတွေ ဖြစ်ကြတဲ့ အီသီယိုးပီးယား၊ ဂန်နာ၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါနဲ့ တန်ဇေးနီးယား နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG