သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက ဂျပန်ဓားစာခံအရေး အမေရိကန်က ပြစ်ပယ်မှာမဟုတ်ဟု သမ္မတဘုရှ် ကတိပေး


မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှု ပြဿနာကို ဖြေရှင်းရာမှာ တိုးတက်မှုတွေရလာစေဖို့ ပြန်ပေးဆွဲခံထားရသူတွေ နဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက စိုးရိမ်ပူပမ်မှုတွေ ရှိနေတာတွေကို စတေးပြစ်မှာ မဟုတ်ပါဘူးလို့ အမေရိကန် သမ္မတ ဂျော့ဂျ်ဘုရှ် က ပြောဆိုလိုက်ပါတယ်။ စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေး အခုတပတ်ထဲ မစတင်မီ အကြိုအဖြစ် ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတုန်း သမ္မတ ဘုရှ် က အခုလို ပြောဆိုလိုက်တာပါ။ ဒီလို နိုင်ငံတကာ အရေးအခင်း ပြဿနာတွေနဲ့ ပတ်သက်လို့ ခေါင်းဆောင်တွေ ပြောကြဆိုကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက်တွေ ဖြစ်ကြတဲ့ Kurt Achin နဲ့ Scott Stearns တို့ ဂျပန်နိုင်ငံကနေ သတင်းပေးပို့ထားတာကို ဦးအောင်လွင်ဦး က တင်ပြပေးပါတယ်။

မြောက်ကိုရီးယား ရဲ့ နျူကလီးယား လက်နက်ထုတ်လုပ်မှု အစီအစဉ် အဆုံးသတ်စေရေးအတွက် ဆောင်ရွက်နေရာမှာ တိုးတက်မှုတွေ ရှိနေပေမဲ့ ရှေ့မှာ လုပ်စရာတွေ အမြောက်အများ ကျန်နေသေးတဲ့အကြောင်း ဂျပန်ဝန်ကြီးချုပ် ယာဆူအို ဖူကူဒါ (Yasuo Fukuda) က သမ္မတ ဘုရှ် ကို ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ သတိပေးပြောဆိုလိုက်တာပါ။

"မကြာသေးခင်က မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ် ကြေငြာချက်ကို အတည်ပြုဖို့က အလွန်တရာမှ အရေးကြီးလှသလို နျူကလီးယားပြဿနာနဲ့ ပတ်သက်လို့ အနာဂတ်မှာ တိုးတက်မှုတွေ ဖြစ်ထွန်းလာစေဖို့ဟာ ပြန်ပေးဆွဲခံထားရတဲ့ ဂျပန်နိုင်ငံသားတွေ ကိစ္စမှာ တိုးတက်မှုတွေ ရလာစေဖို့ ကိစ္စနဲ့ တပြိုင်နက်တည်း ဖြစ်ဖို့လိုပါတယ်"

၁၉၇၀ နဲ့ ၈၀ ပြည့်လွန်နှစ်တွေမှာ ပြန်ပေးဆွဲထားတဲ့ ဂျပန်နိုင်ငံသား အနည်းဆုံး ၁၃ ယောက် ရှိတယ်လို့ မြောက်ကိုရီးယား က ဝန်ခံထားတာပါ။ ဂျပန်နိုင်ငံကတော့ ပြန်ပေးဆွဲခံထားရသူတွေ ဒီထက်ပိုရှိမယ်လို့ ယုံကြည်ထားတာ ဖြစ်သလို ဒီကိစ္စနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဖက်က ပိုပြီးဆောင်ရွက်လာမယ့်အထိ အကူအညီပေးတာတွေကို ရပ်ဆိုင်းထားတာလည်း ဖြစ်ပါတယ်။ သမ္မတဘုရှ် ကတော့ ဂျပန်နိုင်ငံက ပြန်ပေးဆွဲခံရသူတွေရဲ့ သင်္ကေတတခုအဖြစ်လို့ ဆိုရမယ့် မိန်းကလေးငယ်တဦးရဲ့ မိခင်ဖြစ်သူရေးသားတဲ့ စာအုပ်တအုပ်ကို လက်ဆောင်အဖြစ်ပေးအပ်တဲ့အတွက် မစ္စတာ ဖူကူဒါ ကို ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။

"သမီးငယ်တွေရဲ့ ဖခင်တဦးအနေနဲ့ ကျနော့်ရဲ့ သမီးတယောက် ပျောက်သွားမယ်ဆိုရင် ဘယ်လိုနေမယ်ဆိုတာ ကျနော် တွေးတောင် မတွေးဝံ့ပါဘူး။ ဝန်ကြီးချုပ်ခင်ဗျား၊ ကျနော် အရင်တုန်းက တယ်လီဖုန်းနဲ့ ပြောခဲ့ဘူးသလိုပါပဲ၊ ဒီကိစ္စကို အမေရိကန် ပြည်ထောင်စုက စွန့်ပစ်သွားဖို့ မရှိပါဘူး။"

တကယ်တော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် ကြေငြာချက်ထဲမှာ နျူကလီးယား လက်နက်တွေ ဘယ်လောက် ပိုင်ဆိုင်ထားတယ်၊ ဒါတွေကို ဘယ်နေရာတွေမှာ ထားတယ် ဆိုတာတွေကိုလည်း ဖော်ပြထားတာတော့ မရှိပါဘူး။ ဒါ့အပြင် အများက သံသယရှိနေကြတဲ့ ယူရေနီယန် ဓာတ်သတ္တု သန့်စင်မှုလုပ်ငန်း၊ နောက် ဆီးရီးယား လို တခြားနိုင်ငံတွေကို နျူကလီးယားဆိုင်ရာ အကူအညီတွေ ပေးအပ်နေတယ် ဆိုတာတွေနဲ့ ပတ်သက်လို့ ဘာမှ ဖော်ပြထားတာမျိုးလည်း မရှိပါဘူး။ ဒီလို အချက်အလက်တွေ လစ်ဟာနေတာကြောင့် မို့လို့လည်း မြောက်ကိုရီးယား အပေါ် ဖိအားပေးမှုတွေ ဆက်လုပ်သွားဦးမှာ ဖြစ်တယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူကူဒါ က သမ္မတ ဘုရှ် နဲ့ ဂျပန်နိုင်ငံ ဟောကိုင်ဒိုကျွန်း မှာကျင်းပမယ့် စက်မှုထိပ်သီးနိုင်ငံများအဖွဲ့ G – 8 ထိပ်သီးစည်းဝေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံပေါင်း ၁၉ နိုင်ငံက ခေါင်းဆောင်တွေကို အိမ်ရှင်အဖြစ် ဧည့်ခံနေတာပါ။ ဒီထိပ်သီးစည်းဝေးပွဲ အတွင်းမှာတော့ ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေတဲ့ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့တွေ လျှော့ချဖို့ အတွက် သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ ချနိုင်ရေး ဖိအားပေးသွားဖို့လည်း ရှိနေတာပါ။ ဒီလို သဘာဝပတ်ဝန်းကျင် ပြဿနာအပြင် လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောကြဆိုကြတာတွေကလည်း ရှိနေပါပြီ။

အခုဆိုရင် တရုတ်နိုင်ငံက လူ့အခွင့်အရေးပြဿနာနဲ့ ပတ်သက်လို့ ပြောဆိုတဲ့နေရာမှာ သမ္မတ ဘုရှ်က သူ့အနေနဲ့ အိုလံပစ် အားကစားပွဲတော်ကို သွားရောက်ပြီး အမေရိကန် အားကစားသမားတွေကို သူအားပေးမှာ ဖြစ်ပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စိုးရိမ် ပူပမ်မှုတွေကိုလည်း တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ပြောမယ်လို့ ဆိုပါတယ်။

"ကျနော် သူတို့ဆီ သွားလည်တဲ့အခါတိုင်းမှာ၊ လူ့အခွင့်အရေးကိစ္စ၊ ဘာသာရေး လွတ်လပ်ခွင့် ကိစ္စတွေကို ပြောပါတယ်။ ဒါကြောင့်လည်း ကျနော်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့နေရာမှာ ကျနော်ထင်ပါတယ်၊ ကျနော့်ရဲ့ ဒီစိုးရိမ်ပူပမ်မှုတွေကို ပြောဖို့ အိုလံပစ်အားကစားပွဲတော်ကို အကြောင်းပြနေစရာ မလိုပါဘူး။"

တကယ်တော့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသူတွေ သာမက ကွန်ဂရက်လွှတ်တော်မှာ ရှိကြတဲ့ ရီပတ်ဘလစ်ကန် နဲ့ ဒီမိုကရက် ခေါင်းဆောင်တွေကပါ တရုတ်အစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေအပေါ် ချုပ်ချုပ်မှုတွေ၊ နောက် မြန်မာနိုင်ငံ၊ တိဘက် နဲ့ ဆူဒန် နိုင်ငံ ပြဿနာတွေမှာ တရုတ်အစိုးရထားရှိတဲ့ သဘောထားနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့ အနေနဲ့ အိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲ အခန်းအနားကို မတက်ရောက်ဖို့ တောင်းဆိုထားကြတာပါ။ အခုတော့ ဒီပွဲကို တက်မယ်ဆိုပြီး ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုလိုက်တာပါ။ တချိန်တည်းမှာပဲ ဂျပန်ဝန်ကြီးချုပ် ကလည်း အလားတူ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပြောဆိုရာမှာ -

"အိုလံပစ်ပွဲတော်ဟာ အားကစား အခမ်းအနားဖြစ်ပြီးတော့ နိုင်ငံရေးကိစ္စတွေနဲ့ ဆက်နွယ်စရာမလိုပါဘူး။ တရုတ်နိုင်ငံ အနေနဲ့လည်း အခြေအနေတွေ တိုးတက်လာအောင် လုပ်နေပါတယ်၊ အိမ်နီးချင်းနိုင်ငံက သာသာယာယာ ရှိတယ်ဆိုရင် ဒါဟာ ဂျပန်နိုင်ငံအတွက် ကောင်းပါတယ်။"

ဒါပေမဲ့လို့ တခြားကမ္ဘာ့ခေါင်းဆောင် အတော်များများကတော့ ဘေဂျင်း အိုလံပစ်ပွဲကို မတက်ဘူးလို့ ကြေငြာ ထားတာတွေလည်း ရှိပါတယ်။ ဒီအထဲမှာ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် (Angela Merkel) ပြင်သစ်သမ္မတ နစ်ကိုလတ် ဆာကိုဇီ (Nicholas Sarkozy) တို့လည်း ပါဝင်ကြတာ ဖြစ်ပြီးတော့ သူတို့ ဆုံးဖြတ်ချက်တွေ အပြောင်းအလဲ ဖြစ်ဖို့ကတော့ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား ရဲ့ ကိုယ်စားလှယ်တွေ နဲ့ တရုတ်အစိုးရအရာရှိတွေကြား ဆွေးနွေးပြောဆိုမှုတွေက ထွက်ပေါ်လာတဲ့ ရလာဒ်တွေအပေါ်မှာသာ မူတည်လိမ့်မယ် ဆိုပြီးတော့လည်း ပြောဆိုတားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG