သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ ဘလော့ဂါ နေဘုန်းလတ် ပုဒ်မ ၅ ည ပြောင်းခံရ၊ စုစုနွေး တိုက်ပိတ်ခံရ


မြန်မာနိုင်ငံက အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကို
ဗွီဒီယိုအက်ဥပဒေနဲ့ ပုဒ်မတပ် ဖမ်းဆီးစွဲဆိုထားရာက နိုင်ငံရေးပုဒ်မ ၅(ည) နဲ့ ပုဒ်မ
ပြောင်းလိုက်တယ်လို့ သိရပါတယ်။ အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်း
ပြီး တင်ပြပေးထားပါတယ်။

အင်းစိန်ထောင်မှာ ဒီနေ့မနက် ကိုနေဘုန်းလတ်မိခင်က ထောင်ဝင်စာသွားတွေ့တဲ့အခါ
အရင်စွဲဆိုထားတဲ့ ပုဒ်မ ၃၂(ခ) လို့ခေါ်တဲ့ ဗွီဒီယိုအက်ဥပဒေကနေ နိုင်ငံရေးပုဒ်မဖြစ်တဲ့
၅(ည) နဲ့ ပုဒ်မပြောင်းလိုက်တယ်ဆိုတာ ကိုနေဘုန်းလတ်က ပြောပြခဲ့တယ်လို့ မိခင်
ဒေါ်အေးသန်းက ပြောပြပါတယ်။

"ဒီနေ့ အန်တီတို့ ထောင်ဝင်စာသွားတွေ့တော့ သူက ၂ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က အရေး
ပေါ်စီမံချက်ပုဒ်မ ၅(ည) နဲ့ ပုဒ်မပြောင်းလိုက်တယ်လို့ပြောတယ်။ အရင်က ပုဒ်မ ၃၂(ခ)
ပေါ့။ အဲဒါ အမေတို့ သိပြီးပြီလားဆိုတော့ မသိရသေးဘူးလို့ ပြောလိုက်တော့ အဲဒါဆို
သူ့ရှေ့နေကို ပြောပေးပါလို့ ပြောတယ်။"

ပြီးခဲ့တဲ့အပတ်တွေကတည်းက ကိုနေဘုန်းလတ်မှာ မျက်စိဝေဒနာ ခံစားနေရပြီး ဒီနေ့
တွေ့တဲ့အခါ သူ့ရဲ့ မျက်စိအခြေအနေက ပိုဆိုးနေတာကို တွေ့ရတယ်၊ ဒါပေမယ့် အခု
အချိန်အထိ ဆေးဝါးကုသခွင့် မရသေးတဲ့အတွက် မိခင်ရဲ့သောကကိုလည်း အခုလို
ပြောပြပါတယ်။

"သူက လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက မျက်စိမကောင်းဘူးပေါ့။ နဂိုကတည်းက
မျက်မှန်တပ်ထားရတာ။ အခု မျက်စိက ပုတ်ခတ်ပုတ်ခတ်ဖြစ်ပြီး ညဘက်ဆိုရင်
ဘယ်ဘက်မျက်လုံးက မျက်ရည်ကျတယ်တဲ့။ စာလည်း အဖတ်များတာကိုး။ ဆရာဝန်ကို
တွေ့ဖို့၊ ကုသဖို့ပြောတော့လည်း အထူးကုတွေက မလာဘူးပေါ့။ အဲဒီကတည်းက အန်တီ
တို့ ဆရာဝန်နဲ့ ကုသခွင့်ပေးဖို့ သက်ဆိုင်ရာကိုတော့ နည်းနည်းပါးပါး ပြောထားတာပေါ့၊
အောက်ခြေဝန်ထမ်းတွေကိုပေါ့။ လူတကိုယ်မှာ မျက်လုံးက အရေးအကြီးဆုံးပဲဆိုတော့
မျက်လုံးထိခိုက်မှာတော့ အန်တီက စိုးရိမ်တယ်။

"ပြီးတော့ ထောင်ရာဇဝင် သမိုင်းမှာလည်း ရှိခဲ့ဖူးပါတယ်။ မျက်လုံးနဲ့ပတ်သက်ပြီး
ထောင်ထဲမှာ မျက်ကြောသေသွားတာတို့၊ မျက်စိအမြင်အာရုံ မကြည်လင်တော့တာတို့
အဲဒါမျိုးတွေ ရှိခဲ့ဖူးတော့ အန်တီ့သားကိုတော့ အဲဒီလိုဖြစ်မှာ စိုးရိမ်တယ်။ သူတို့
ခေါ်သွားတဲ့အချိန်တုန်းက တကယ့် ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်းနဲ့ ခေါ်သွားတာ။
အဓိက မျက်စိဝေဒနာ ခံစားနေရပြီဆိုတော့ အန်တီ့အနေနဲ့တော့ စိုးရိမ်တာပေါ့။"

ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့ကတည်းက သူ့ရဲ့ ဘလော့ဂါ
စာမျက်နှာတွေအတွက် မေးမြန်းစရာရှိတယ်ဆိုပြီး အာဏာပိုင်တွေက ခေါ်သွားခဲ့တာပါ။
ဖမ်းပြီး နှစ်ပတ်အကြာ အင်းစိန်ထောင်မှာ မိသားစုတွေနဲ့ အပတ်စဉ် တနင်္လာနေ့တိုင်း
ထောင်ဝင်စာတွေ့ခွင့်ရတယ် ဆိုပေမယ့် သူ့အတွက်ငှားထားတဲ့ ရှေ့နေနဲ့ တွေ့ခွင့်ပေး
တာမျိုး၊ ရုံးထုတ်စစ်ဆေးတာမျိုးကိုလည်း တခါမှ မလုပ်သေးဘဲ အခုတော့ စွဲဆိုထား
တဲ့ပုဒ်မ ပြောင်းလိုက်တာဖြစ်တယ်လို့ ကိုနေဘုန်းလတ်မိခင် ဒေါ်အေးသန်းက
ဆက်ပြောပြပါတယ်။

"သူတို့သိချင်တာတွေ၊ ဘလော့ကိစ္စတွေ ဒီကြားထဲမှာ ထပ်ပြီး မေးတာမြန်းတာတွေ
ရှိတယ်၊ လွန်ခဲ့တဲ့တလလောက်က။ အခု ငါးလလည်းကျော်လာပြီ။ အဲဒီကျော်လာတဲ့
အချိန်ကျတော့မှ ဒီလို ပုဒ်မပြောင်းတပ်လိုက်တယ်ဆိုတော့ သူတို့ အပြစ်လိုက်ရှာပြီး
ပုဒ်မတခုပြီးတခု ပြောင်းတပ်တဲ့သဘောမျိုး ဖြစ်နေတာပေါ့။ မိဘအနေနဲ့တော့ စိုးရိမ်
တာပေါ့။

"ဘာဖြစ်လို့လဲဆိုတော့ လူတယောက်ကို ဒီပုဒ်မနဲ့ပဲသွားတယ်ဆိုလည်း တမျိုး။ အခု
တော့ ပုဒ်မက တမျိုးပြီးတမျိုး။ ဒါပေမယ့် သူတယောက်တည်းတော့ မဟုတ်ဘူးပေါ့။
ကျန်တဲ့လူတွေလည်း အကုန်လုံး ဒီလိုပဲ ပုဒ်မပြောင်းတယ်ဆိုတာတော့ ရှိတာပေါ့။
ဒါပေမယ့် သူတို့ပြောတော့ ပထမ နိုင်ငံရေးနဲ့ဖမ်းထားတာ ၅(ည) တွေဘာတွေ မရှိဘူး
ဆိုပြီး အခုတော့ ၅(ည) ကို တပ်လိုက်တယ်ဆိုတော့ ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ
အန်တီတို့လည်း စဉ်းစားလို့မရဘူး ဖြစ်နေတာပေါ့။"
ကိုနေဘုန်းလတ်မိခင် ဒေါ်အေးသန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားတဲ့ အမျိုးသမီးတဦးအဖြစ် လူသိများတဲ့ မစုစုနွေးကို ပြီးခဲ့တဲ့
စနေနေ့ ဇူလိုင်လ ၅ ရက်နေ့ကတည်းက နောက်နှစ်ပတ်တိတိ တိုက်ပိတ်ထားမယ်လို့
သိရတယ်လို့ ဒီနေ့ ထောင်ဝင်စာသွားတွေ့တဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အခု မစုစုနွေးကို ထောင်ဝင်စာပိတ်ထားသလို ဒီနေ့ရုံးချိန်းမှာ မစုစုနွေးကို သူ့မိသား
စုဝင်တွေက တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုနဲ့နီးစပ်တဲ့ အန်န်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်
တဦးက ပြောပါတယ်။

"မစုစုနွေးနေတဲ့ထောင်မှာ တလတကြိမ် ရှာဖွေသိမ်းဆည်းတဲ့အလုပ် လုပ်တယ်။
ထောင်ဝန်ထမ်းတွေက လုပ်ရတာပေါ့။ အဲလိုလုပ်တဲ့အချိန်မှာ ထောင်ဝန်ထမ်းတွေက
မစုစုနွေးအခန်းကို ရှင်းပြီးတော့ စည်းကမ်းမရှိဘူး၊ စနစ်မရှိဘူး၊ ပွတယ်ဆိုပြီးပြော
တယ်။ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောတယ်။ အဲတော့ မစုစုနွေးကလည်း ရင်ထဲမှာ ခံစား
ချက်ရှိတဲ့အခါကျတော့ သူကလည်း ပြန်ပြောတယ်။ အဲလိုပြန်ပြောတဲ့အတွက်
၅-၇-၂၀၀၈ နေ့ကတည်းက တိုက်ပိတ်ခံလိုက်ရတယ်။ အဲဒီအတွက် ထောင်ဝင်စာပို့ခွင့်
ရော၊ မိသားစုနဲ့တွေ့ခွင့်ရော မရဘူး။ ဒီနေ့ ၇-၇-၂၀၀၈ ရုံးချိန်းမှာလည်း မစုစုနွေးမိသား
စုက သွားတွေ့တော့လည်း မတွေ့ခဲ့ရဘူး။"

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကပဲ အကျဉ်းထောင်ထဲမှာ အာဏာပိုင်တွေကို အကျဉ်း
တံခါးဖွင့်ပေးဖို့ကိစ္စ တောင်းဆိုရင်း မစုစုနွေးနဲ့ အာဏာပိုင်တွေနဲ့ အချင်းများခဲ့ရာက
မစုစုနွေးက တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး ဆန္ဒပြခဲ့ပါတယ်။ ၁၅ မိနစ်ကြာလောက် မူးမေ့
လဲခဲ့ပြီး ခေါင်းမှာလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မစုစုနွေးကို ၂၀၀၇ ခုနှစ် သြဂုတ်လကတည်းက ဖမ်းသွားတာဖြစ်ပြီး သူဟာ သွေးအား
နည်းတဲ့ရောဂါနဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် မိသားစုအနေနဲ့ အခုလို တိုက်ပိတ်
ခံထားရတဲ့အပေါ်မှာ စိုးရိမ်မိကြောင်းလည်း ဆက်ပြောပြပါတယ်။

“ကြော်ငြာသင်ပုန်းမှာ မစုစုနွေးကို ၁၄ ရက် တိုက်ပိတ်ထားတယ်ဆိုပြီးတော့ စာချိတ်
ထားတယ်။ မိသားစုတွေက ထောင်ဝန်ထမ်းတွေကို သွားမေးတော့ သူတို့က စာထွက်
ပြီးမှ တိုက်ပိတ်တဲ့အကြောင်း ပြောတယ်။ မိသားစုကတော့ မစုစုနွေးရဲ့ ကျန်းမာရေးကို
စိုးရိမ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သွေးအားနည်းရောဂါကြောင့် ခဏခဏ
မူးလဲတယ်။ အဲလို မူးလဲတဲ့အခါ အပြင်ကမသိဘူးဆိုရင် သူ့ရဲ့ကျန်းမာရေးကို စိုးရိမ်
ပူပန်မှုရှိတာပေါ့။”

မစုစုနွေးရဲ့ ထောင်တွင်းနောက်ဆုံးအခြေအနေကို မိသားစုနဲ့နီးစပ်သူတဦး ပြောပြ
သွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG