သုံးရလွယ်ကူစေသည့် Link များ

ယခုနှစ် ဆန်စပါးထုတ်လုပ်မှုနှုန်းကျဆင်းနိုင်ဟု အမေရိကန်စိုက်ပျိုးရေးဌာနက အကဲဖြတ်


မြန်မာနိုင်ငံက မုန်တိုင်းသင့်ဒေသ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတလျှောက် စပါးစိုက်ပျိုးမှု အခြေအနေတွေမှာ ထုတ်လုပ်မှု ကျဆင်းနိုင်တဲ့အပေါ် အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက နိုင်ငံတကာ စိုက်ပျိုး ထုတ်လုပ်ရေး အကဲဖြတ် အဖွဲ့ကနေ စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် အခု အချိန်အထိတော့ စိုက်ပျိုးမှုတွေနဲ့ ပတ်သက်လို့ အောင်မြင်မှု ဘယ်အတိုင်းအတာ ရှိသလဲဆိုတာကို ပြောဖို့ စောသေးတယ်လို့ ဆိုပါတယ်။ ဦးသားညွန့်ဦးက မေးမြန်း စုံစမ်းထားပါတယ်။

USDA လို့ခေါ်တဲ့ အမေရိကန် စိုက်ပျိုးရေးဌာန အနေနဲ့က အခုနှစ် မြန်မာနိုင်ငံမှာ ဆန်စပါး ထုတ်လုပ်မှုနှုန်း အတော်လေး ကျဆင်း သွားနိုင်တယ်လို့ သတိပေးထားတာပါ။ အဓိကကျတဲ့ မိုးစပါး စိုက်ပျိုးရာ မြန်မာနိုင်ငံရဲ့ လယ်စိုက်ပျိုးမြေဧက အတော်များများရှိတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဖက်မှာ မုန်တိုင်းကျပြီး လယ်တွေ ပျက်စီးကုန်တာကြောင့်လို့ ဆိုပါတယ်။ အမေရိကန် စိုက်ပျိုးရေး ၀န်ကြီးဌာနရဲ့ နိုင်ငံတကာ စိုက်ပျိုးထုတ်လုပ်မှု ကုန်သွယ်မှုအခြေအနေ စောင့်ကြည့် အကဲဖြတ်တဲ့ အဖွဲ့အနေနဲ့ မူလကတော့ မြန်မာနိုင်ငံတွင်း ဆန်ထုတ်လုပ်မှုဟာ အခုနှစ်အတွင်း တန်ချိန် အတော်များများ ကျဆင်း သွားလိမ့်မယ်လို့ အကဲဖြတ်ထားပါတယ်။ အဓိကကတော့ စပါးစိုက်မြေဧက အတော်များများမှာ ဆားငံရည် ၀င်ရောက်တာနဲ့ ရေလွှမ်းမိုးတာတွေကြောင့် လယ်မြေအချို့ သုံးမရနိုင် ပျက်စီးကုန်တယ်လို့ အကဲဖြတ်ထားတာပါ။ ဒါကိုလည်း အမေရိကန် အကာသအေဂျင်စီ နာဆာရဲ့ ဂြိုလ်တုကနေ ရိုက်ယူတဲ့ ကောင်းကင်မြေပုံတွေနဲ့ မြေပြင်က အကဲဖြတ် လေ့လာရေးအဖွဲ့တွေရဲ့ သုံးသပ်ချက်တွေကို ပေါင်းစပ်ပြီး အကဲဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အခု မိုးတွင်း စိုက်ပျိုးရာသီမှာ လယ်သမားတွေ စိုက်ပျိုးရေးအတွက် မျိုးစပါးတွေ၊ ထွက်ယက်ဖို့ လယ်ထွန်စက်တွေ လှုကြတန်းကြနဲ့ စပါး စိုက်ပျိုးမှုအတွက် အတော်လေး အားပေး ထောက်ပံ့နေကြတာ တွေ့နေရပါတယ်။ မိုးတွင်း မိုးရေကြောင့် အချို့ ဆားငံရည်ဝင်တဲ့ စိုက်ပျိုးမြေတွေ ပြန်ကောင်းလာသလို ဖြစ်လာတယ်လို့ ဒေသခံ ကူညီရေးလုပ်သားတွေက ပြောသလို၊ အစိုးရ မီဒီယာတွေမှာလည်း စပါးစိုက်ပျိုးမှုတွေကို အတော်လေး အသားပေး ဖော်ပြ အားပေးနေတာ တွေ့ရပါတယ်။ ဒီတော့ အခုနောက်ဆုံး အခြေအနေအရ အမေရိကန် စိုက်ပျိုးရေး ဌာနရဲ့ အကဲဖြတ်ချက်က မှားယွင်းနေပြီလား - ဒါမှမဟုတ် ဒီအပေါ် ပြောင်းလဲမှုတွေရှိလာသလား ဆိုတာကို အမေရိကန် စိုက်ပျိုးရေးဌာန အရှေ့တောင်အာရှနဲ့ အရှေ့ အလယ်ပိုင်းရေးရာ နိုင်ငံတကာ စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ အကဲဖြတ် လေ့လာသူ Michael Shean ကို ကျနော် မေးကြည့်ပါတယ်။

“အခုအချိန် အထိတော့ ကျနော်တို့ရဲ့ တွေ့ရှိချက်တွေအပေါ် ဘာမှ ပြောင်းလဲမှု မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အခု စိုက်ပျိုးရာသီမှာ စိုက်ပျိုးမှု အခြေအနေ ဘယ်လောက် အောင်မြင်မှုရှိသလဲဆိုတာ စောင့်ကြည့်နေဆဲမို့ပါ။ အခု သီးနှံ စိုက်ပျိုးမှုတွေကို ကြိုးစား လုပ်ဆောင်နေကြဆဲပါ။ သူတို့အနေနဲ့ စိုက်ပျိုးတာတွေကို အခု သြဂုတ်လ အလယ်ပိုင်းအထိ ကြိုးပမ်း လုပ်ကြမယ်လို့ ကျနော် သိထားပါတယ်။ ဒါကြောင့် တလလောက်တော့ စောင့်ကြည်ဖို့ လိုပါတယ်။ သြဂုတ် နှောင်ပိုင်း ဒါမှဟုတ် စက်တင်ဘာထဲကျရင်တော့ ကျနော်တို့ ခန့်မှန်းတွက်ချက်မှု အသစ်တွေ ရလာမယ်လို့ မျှော်လင့် ထားပါတယ်။”

အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ နိုင်ငံတကာ စိုက်ပျိုးရေး ကုန်သွယ်မှု လုပ်ငန်းတွေကို စောင့်ကြည့်ဖို့ ၀န်ထမ်းတဦးလည်း မြန်မာနိုင်ငံ ရှိသလို ထိုင်းနိုင်ငံ ဘန်ကောက်မှာလည်း သူတို့ရုံး ရှိတာကြောင့် အဲဒီကနေ မြေပြင် အချက်အလက်တွေကို သူတို့ ရရှိခဲ့တယ်လို့ Micheal Sean က ပြောပါတယ်။ အဲဒီ အစီရင်ခံချက်နဲ့ နာဆာရဲ့ ကောင်းကင် မြေပုံ တွက်ချက်မှုအရ ခန့်မှန်းချက်က အခုနှစ်မှာ စိုက်ပျိုးမြေ ဧကဟာ အရင်ကထက် အတော်လေးကို နည်းသွားမယ်လို့ သူတို့ တွက်ချက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တွက်ချက်ပြီး ယုံကြည်ထားတာကတော့ အခုနှစ်အတွင်းမှာ စိုက်ပျိုးမြေဧကတွေ အတော့်ကို ရှားပါးသွားမှာပါ။ ကျနော်တို့ ခန့်မှန်းချက်အရ ဆိုရင်တော့ အခုနှစ်အတွင်းမှာ စိုက်ပျိုး မြေဧကဟာ ဟတ်တာ ၇သိန်းလောက်အထိ လျော့နည်း သွားပါလိမ့်မယ်။ ဒီအတွက် စိုက်ပျိုးထုတ်လုပ်မှုမှာ ဆန်ထုတ်လုပ်မှု တန်ချိန် ၁ ဒဿမ ၃ သန်း၊ စပါး ထွက် တန်ချိန် ၂ ဒဿမ ၃ သန်း လျှော့နည်း ကျဆင်းသွားနိုင်ပါတယ်။”

အစိုးရက ပြောနေသလို နေရာ အတော်များများမှာ စပါးစိုက်ပျိုးမှုတွေ လုပ်နေပြီဆိုတာကြောင့် သူတို့အနေနဲ့တော့ ဒီစီမံချက်ဟာ ဘယ်လောက် အောင်မြင်မှု ရှိမလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ မြေပြင် အစီရင်ခံချက်တွေကို စောင့်နေတာအပြင်၊ အခြား ဝေဟင် ဂြိုလ်တုကနေ ရိုက်ယူတဲ့ ကောင်းကင် မြေပုံအရ တွက်ချက်ဖို့ လည်း ရာသီဥတုကြောင့် လတ်တလော အခက်ရှိတယ်လို့လည်း သူက ပြောပါတယ်။

“အခု မိုးရွာသွန်း နေတာကြောင့်ရော တိမ်ထူထပ် နေတာကြောင့်ရော အဲဒီကနေ စောင့်ကြည့် အကဲဖြတ်ဖို့ဆိုတာက ခက်ခဲနေပါတယ်။ ဒါကြောင့် အခု သြဂုတ် အကုန်ပိုင်းမှာ စိုက်ပျိုးမှုတွေ ဘယ်လိုရှိသလဲ အောင်မြင်မှုရှိရဲ့လားဆိုတဲ့ အစီရင်ခံစာကို စောင့်နေရပါတယ်။”

အမေရိကန် စိုက်ပျိုးရေးဌာန အရှေ့တောင်အာရှနဲ့ အရှေ့ အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြား စိုက်ပျိုးထုတ်လုပ်ရေး အကဲဖြတ် လေ့လာသူ Micheal Sean ပြောကြားသွားတာပါ။ မုန်တိုင်းအလွန် စပါးစိုက်ပျိုးမှု အခြေအနေနဲ့ ပတ်သက်လို့ - ရေငံတွေနဲ့ ရေလွှမ်းခံခဲ့ရတဲ့ လယ်မြေတွေမှာ စ စပါးစိုက်ပျိုးမှု ဘယ်အတိုင်းအတာအထိ အောင်မြင်မလဲ ဆိုတာကိုတော့ အမေရိကန် စိုက်ပျိုးရေးဌာန အနေနဲ့ အခု စက်တင်ဘာထဲမှာ ထုတ်ပြန်ပေးဖို့ ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ဒါဟာ စပါးအထွက်နှုန်းကိုတော့ ဖော်ပြနိုင်ဦးမှာ မဟုတ်ဘူးလို့တော့ ဆိုပါတယ်။ ဒီလယ်မြေတွေမှာ စပါးစိုက်ပျိုးနိုင်မှု အခြေအနေပဲ ဖြစ်ပြီး စပါးအထွက်နှုန်းကတော့ သီးခြား စပါးပေါ်ရာသီမှာပဲ အကဲဖြတ်ရမှာဖြစ်တယ်လို့ Michael Shean က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG