သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေဒေးအဖမ်းခံရသူများ အယူခံပယ်ချမှု ILO ရှုတ်ချ


၂၀၀၇ ခုနှစ် မေလ ၁ ရက်နေ့ နိုင်ငံတကာ အလုပ်သမားနေ့မှာ အလုပ်သမား အခွင့်အရေးအကြောင်း ဟောပြောပွဲကို သွားတက်ခဲ့ရာက ဖမ်းဆီး အပြစ်ပေးခံထားရသူ ၆ ယောက်ရဲ့ အယူခံမှုကို မြန်မာဗဟိုတရာရုံးချုပ်က ပယ်ချလိုက်တဲ့ အပေါ် ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ အခု ဖမ်းဆီး အပြစ်ပေးခံထားရသူ ၆ ယောက်ဟာ အမေရိကန် စင်တာမှာကျင်းပတဲ့ အလုပ်သမားနေ့အခမ်းအနားကို သွားတက်ခဲ့ရာ အခုလို ဖမ်းဆီး အပြစ်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီ အယူခံမှုရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အခု အဖမ်းခံထားရတဲ့ ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုကျော်မင်း၊ ကိုမျိုးမင်း၊ ကိုညီညီဇော်နဲ့ ကိုကျော်ကျော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် မေလ ၁ ရက်နေ့က အမေရိကန်စင်တာမှာ ကျင်းပတဲ့ နိုင်ငံတကာ အလုပ်သမားနေ့ အခမ်းအနားကို သွားတက်ရာက အဖမ်းခံခဲ့ကြရတာပါ။

ဒီအထဲက ကိုညီညီဇော် နဲ့ ကိုကျော်ကျော်တို့ ၂ ယောက်ကို ထောင်ဒါဏ် အနှစ် ၂၀ စီနဲ့ ကျန် ၄ ယောက်ကိုတော့ ၂၈ နှစ်စီ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ထဲမှာပဲ ပြစ်ဒဏ်ပေးတာပါ။

အခုလို သူတို့ရဲ့ အယူခံလွှာကို ဗဟိုတရားရုံးချုပ်က ပယ်ချလိုက်တဲ့အပေါ် ILO နိုင်ငံတကာ အလုပ်အသမား အဖွဲ့ချုပ်အနေနဲ့ စိတ်ပျက်မိကြောင်း ILO အမှုဆောင် ညွှန်ကြားရေးမှူး တဦးဖြစ်တဲ့ ကရီ တာပီယိုးလာ (Kari Tapiola) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

"သူတို့ရဲ့ အယူခံလွှာကို ပယ်ချလိုက်တဲ့အပေါ် စိတ်ပျက်မိပါတယ်။ အစိုးရအနေနဲ့ သူတို့အမှုကို အသေအချာ ပြန်လည် ဆန်းစစ်ပြီး လွှတ်ပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် ဒီကိစ္စက ဒီမှာတင် ဆုံးမှာ မဟုတ်ပါဘူး၊ ကျနော်တို့က ဒီအမှုကို အမြဲတမ်း စောင့်ကြည့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ "

အခု အယူခံလွှာ ပယ်ချခံလိုက်ရသူ ၆ ယောက်နဲ့ တခြား အဖမ်းခံထားရသူတွေ ပြန်လည် လွတ်မြောက်ရေးအတွက် ILO အနေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း မစ္စတာ တာပီယိုးလားက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ဖြစ်ပေါ်ရင် လုပ်အားပေးခိုင်းစေခံရသူ ကိုယ်၌ပဲဖြစ်ဖြစ်၊ ဒါကို ကိုယ်တိုင် ကြုံတွေ့ရသူကပဲဖြစ်ဖြစ် ILO ထံမှာ လာရောက် တိုင်ကြားခွင့်ပြုဖို့ စစ်အစိုးရနဲ့ ILO အကြား ရရှိထားတဲ့ သဘောတူညီချက် ဆက်လက် အကျုံးဝင်နေပြီး နောက်ထပ် တိုင်ကြားမှုတွေ ရှိတယ်လို့လည်း မစ္စတာ တာပီယိုးလားက ပြောပါတယ်။

အခု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုဆိုင်ရာ တိုင်ကြားချက်တွေကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ILO အလုပ်အမှုဆောင် အစည်းဝေးကျရင် တင်ပြပြီးတာနဲ့ ထုတ်ပြန်သွားမယ်လို့ မစ္စတာ တာပီယိုးလားက ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG