သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံ ၈၈ ကျောင်းသားများ ဥပဒေကြောင်း အခွင့်အရေးများ ဆုံးရှုံး


ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာဆန္ဒပြ လှုပ်ရှားမှုမတိုင်ခင်ကတည်းက လောင်စာဆီ ဈေးနှုန်းကြီးမြင့်တဲ့အပေါ် ဆန္ဒပြလို့ အဖမ်းခံခဲ့ကြရတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို ပုဒ်မတွေ အမျိုးမျိုး မကြာမကြာ ပြောင်းပြီး ချုပ်နှောင်ခဲ့တာ အခု တနှစ်ပြည့်ခါနီးပေမယ့် လွတ်လပ်တဲ့ တရားစီရင် ခံယူခွင့် ဥပဒေအကျိုး ခံစားခွင့်တွေ အခုအချိန်အထိ မရသေးပဲဖြစ်နေပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း ထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို ပုဒ်မတွေ အမျိုးမျိုးပြောင်းပြီး ချုပ်ရက် ရမန်ယူလာခဲ့တာ နောက်ဆုံး အချိန်မှာတော့ ကျောင်းသားခေါင်းဆောင် အချို့ကို ပုဒ်မ ၁၇/၁ တရားမဝင် အသင်းဖွဲ့စည်းတာ ဆက်သွယ်တာတွေနဲ့ စွဲချက် ပြောင်းလိုက်ပြန်ပြီလို့ မိသားစု အသိုင်းအဝိုင်း သတင်းအရ သိရပါတယ်။ ဒါပေမယ့် ရှေ့နေနဲ့ ပြောဆိုတိုင်ပင်ခွင့် တရားရုံးမှာ လျှောက်ထားခွင့် မရတာကြောင့် သူတို့အပေါ် ဘယ်လို အကြောင်းရပ်တွေနဲ့ စွဲဆိုနေသလဲ၊ ဘယ်လို ဥပဒေတွေ ငြိစွန်းထားသလဲ စသဖြင့် ဘာမှ ရေရေရာရာ မိသားစုတွေက သိမထားကြပါဘူး။ ထိုင်းအခြေစိုက် အေအေပီပီ ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းကတော့ သူတို့ဟာ မတရားသဖြင့် ဖမ်းဆီးခံထားရတာ ဖြစ်ပြီး ဖမ်းဆီးခံထားရစဉ်မှာလည်း တရားဥပဒေရဲ့အကျိုးခံစားခွင့် ဘာမှ မရဘူးလို့ ဆိုပါတယ်။

အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကို ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ အခြေအနေ နောက်ဆုံး သိရသမျှကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။

ပြီးခဲ့တဲနှစ် စက်တင်ဘာလှုပ်ရှားမှုတွေ မတိုင်ခင် သြဂုတ်လလောက်ထဲက ဖမ်းဆီးခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေပေါ့၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အခု သူတို့ ဖမ်းဆီးခံထားရတာလည်း တနှစ်တောင် ပြည့်တော့ပါမယ်။ သူတို့ကို တကယ်တမ်း ရုံးထုတ်တာတွေ၊ စစ်ဆေးတာတွေ ဘာမှ မတွေ့ရသေးဘူးခင်ဗျ။ အဲတော့ သူတို့ရဲ့ အခု ဖမ်းထားတဲ့ အခြေအနေနဲ့ပတ်သက်လို့ နောက်ဆုံး အခြေအနေ ကိုဘိုကြည်တို့ ဘာတွေများ သိထားလဲခင်ဗျ။ -

"အခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်တို့ ကိုကိုကြီးတို့၊ ကိုပြုံးချိုတို့ကို ဖမ်းဆီးထားတာက တနှစ်နီးပါး ရှိနေပြီ။ ဒါပေမယ့် ဒီ တနှစ်နီးပါးရှိတဲ့အချိန်မှာ သူတို့က ဥပဒေအရ ခံစားရတဲ့ ခံစားခွင့်တွေ ဘာတခုမှ မရသေးဘူး။ ရှေ့နေငှားခွင့်တို့၊ ရှေ့နေတွေနဲ့ တိုင်ပင်ခွင့်တို့ အဲဒီလို လွတ်လွတ်လပ်လပ် တွေ့ဆုံပြီးတော့ အမှုအကြောင်း ပြောဆိုခွင့်၊ ဥပဒေအရ ကာကွယ် ခံစားခွင့်တွေ တခုမှရတာ ကျနော်တို့ မတွေ့ရသေးဘူး။ အဲဒီအပြင် ကျန်းမာရေး စောင့်ရှောက်မှုအရလည်း လုံလောက်တဲ့ စောင့်ရှောက်မှုတွေ ပေးတာကို ကျနော်တို့ မတွေ့ရဘူး။ အဲဒီလို ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတဲ့အတွက် ခေါင်းဆောင်တွေ ကျန်းမာရေးအရ ဆိုးဆိုးရွားရွား ခံစားနေရတာကို ကျနော်တို့ ကြားသိနေရတယ်။ အဲဒီအတွက် အရမ်းကို စိုးရိမ်စရာ ကောင်းပါတယ်။"

ဟုတ်ကဲ့။ အခု သူတို့ကို ဖမ်းဆီးထားတဲ့ ပုဒ်မတွေ ဥပဒေတွေနဲ့ပတ်သက်လို့ အခု ပုဒ်မတွေ ပြောင်းတယ်ဆိုပြီး ကျနော်တို့ ခဏခဏလည်း ကြားရပါတယ်။ အတည်ပြုချက်လည်း ယူလို့မရသေးပါဘူး။ နောက်ဆုံး ကိုဘိုကြည်တို့ရော ဘယ်လို ပုဒ်မတွေနဲ့ စွဲထားတယ်လို့ ကြားထားလဲခင်ဗျ။ -

"ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲက တချို့တွေကို ပုဒ်မ ၁၇/၁ နဲ့ ပြောင်းလဲပြီး စွဲတယ်လို့ ကျနော်တို့ ကြားပါတယ်။ အခုဟာက ဘယ်လို ဖြစ်နေလဲဆိုတော့ ပုဒ်မတွေကို ပြောင်းတယ်ဆိုတာက သူတို့က နိုင်ငံတကာကို သူတို့ ဥပဒေကြောင်းအရ တရားဝင် လုပ်နေပါတယ်လို့ ဖြေရှင်းဖို့အတွက် ပုဒ်မတွေကို ပြောင်းပြောင်းနေတာ ဖြစ်တယ်။ နောက်ခုကလည်း ဒီ ပုဒ်မတွေ ပြောင်းပြောင်းပြီး စွဲတဲ့အခါကျတော့ သူတို့က ဒီလူတွေကို ဆက်ပြီးတော့ ဖမ်းဆီး ချုပ်နှောင်ခွင့်ရှိမှာ ဖြစ်တယ်။"

သူတို့အမှုတွေကို အခုထက်ထိ ပြောင်ပြောင်တင်းတင်း မစစ်သေးတာ၊ နောက် တရားရုံး မတင်သေးတာ ဒီအနေအထားက ဘာကြောင့်လို့ ယူဆလို့ရမလဲခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို တနှစ်နီးပါးလောက် ရှိနေပြီ။ ထိန်းသိမ်းထားတဲ့ သဘောပဲ ရှိသေးတယ်။ တကယ်တမ်း တရားရုံးမှာ တရားရင်ဆိုင်တာတွေ မတွေ့ရသေးဘူးခင်ဗျ။ -

"တချို့တွေကို တရားရုံးမှာ ဟန်ပြထုတ်နေတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ဒီလူတွေကို တခုခု အကြောင်းအရာတွေကို သေသေချာချာ စစ်တာမဟုတ်ဘဲနဲ့ ရမန်ယူဖို့ ထုတ်တာလောက်ပဲ ရှိပါတယ်။ ဒီလိုမျိုး လုပ်နေရတဲ့ အဓိက အကြောင်းရင်း ကတော့ သူတို့က ဒီလူတွေနဲ့ တစုံတရာ အပေးအယူ လုပ်ချင်နေသလား။ ညှိနှိုင်းနေသလား၊ အဲဒါမျိုးတွေက ရံဖန်ရံခါမှာ လုပ်တတ်တာမျိုးတွေ ရှိတယ်။ အဲဒီလို ညှိနှိုင်းနေရင်းနဲ့မှ မရလို့ရှိရင် နှစ်ရှည် ဝေါဝေါ ဝေါဝေါနဲ့ ထောင်ချပစ်လိုက် တာမျိုးတွေ လုပ်တာရှိပါတယ်။ ဆိုတဲ့အခါကျတော့ ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေ ကြားထဲမှာ အထိန်းသိမ်းခံ နေရသူတွေကြားထဲမှာ သွေးခွဲဖို့အတွက် လုပ်နေတဲ့လုပ်ရပ်တွေနဲ့ ကျနော်တို့ တွေ့နေရတယ်။ တချို့လူတွေကိုတော့ ဒီကြားထဲမှာ ပြန်ပြီးတော့ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဒါကို သဘောတူရင် လွှတ်ပေးမယ် ဆိုတာမျိုးတွေ ပြောပြီးတော့ တချို့ကို လွှတ်ပေးလိုက်တာမျိုးတွေလည်း ရှိနိုင်တယ်။ ဒီလို နည်းနဲ့ သူတို့က ရသလောက် သွေးခွဲမှာပဲ ဖြစ်တယ်။ အဲဒီလို သွေးခွဲဖို့အတွက်လည်း သူတို့က စနစ်တကျ လုပ်ဖို့ စီစဉ်ထားတာမျိုး၊ စနစ်တကျကို ဒီလိုပုံစံမျိုး လုပ်နေတာမျိုးကို ကျနော်တို့ တွေ့ရပါတယ်။"

အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ သြဂုတ်လအတွင်း အာဏာပိုင်တွေက လောင်စာဆီ ဈေးနှုန်း အဆမတန် တိုးမြင့်လိုက်တဲ့အပေါ် လမ်းလျှောက် ဆန္ဒပြမှုတွေ လုပ်ခဲ့ပြီးနောက် နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီနောက်ပိုင်း လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ရာကနေ မကြုံစဖူး သံဃာတွေရဲ့ ဆန္ဒပြမှုတွေအထိ အကြီးအကျယ် ဖြစ်ခဲ့ပြီး၊ အစိုးရက ဒီဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်း ဖမ်းဆီးခဲ့တာကြောင့် အသေအပျောက်တွေပါ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG