သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား သံတမန်တွေကို မဖိတ်ကြား


လာမယ့်စနေနေ့မှာ ကျရောက်မယ့် ၆၁
နှစ်မြောက် အာဇာနည်နေ့အတွက် မြန်မာ
စစ်အစိုးရက နိုင်ငံခြားသံရုံး ဝန်ထမ်းတွေ
နဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို ဖိတ်ကြား
ထားခြင်းမရှိတဲ့အကြောင်း ရန်ကုန်အခြေ
စိုက် သံတမန်သတင်းရပ်ကွက်က
ဗွီအိုအေကို ပြောပါတယ်။ တချို့သံရုံးတွေ
ကို အာဇာနည်နေ့ အခမ်းအနားအတွက်
ဖိတ်ကြားပြီးမှ အခမ်းအနား ပယ်ဖျက်
လိုက်တယ်လို့ စစ်အစိုးရဘက်က
အကြောင်းကြားခဲ့တာပါ။ အပြည့်အစုံကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါ
တယ်။

နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ အခမ်းအနားတွေမှာ စစ်အစိုးရ အရာရှိတွေ၊ အာဇာနည်
ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေအပြင် နိုင်ငံခြားသံတမန်တွေကိုပါ မြန်မာစစ်အစိုး
ရဘက်က ဖိတ်ကြားခဲ့ပါတယ်။

ဒီနှစ်အခမ်းအနားမှာ အာဇာနည်နေ့အတွက် နိုင်ငံခြားသံရုံးဝန်ထမ်းတွေနဲ့ ကုလသမဂ္ဂ
ဝန်ထမ်းတွေကို ဖိတ်ကြားထားခြင်း မရှိတဲ့အကြောင်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေး
ဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အနောက်တိုင်း
သံအရာရှိတယောက်က ဗွီအိုအေကို ပြောပါတယ်။

အာရှနိုင်ငံတခုက သံရုံးအရာရှိတယောက်ကတော့ စစ်အစိုးရက အာဇာနည်နေ့ အခမ်း
အနားကိုတက်ဖို့ ပထမ စစ်အစိုးရဘက်က ဖိတ်ကြားစာပေးပို့ခဲ့ပြီး နောက်မှ အခမ်း
အနားကို ပယ်ဖျက်လိုက်တယ်လို့ ပြောပါတယ်။ အခြား အာရှနိုင်ငံ သံရုံးအရာရှိ
တယောက်ကလည်း ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက အာဇာနည်နေ့အခမ်းအနားကို
ပယ်ဖျက်လိုက်တယ်ဆိုပြီး စစ်အစိုးရဘက်က အကြောင်းကြားထားခဲ့တယ်ဆိုတာကို
အတည်ပြုပြောဆိုပါတယ်။ ဘာကြောင့်ဆိုတာကိုတော့ အကြောင်းပြချက် မပေးဘူးလို့
ဆိုပါတယ်။

အခုအချိန်အထိ စစ်အစိုးရက အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံခြားသံတမန်တွေ
မပါဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပမှာလား၊ ဒါမှမဟုတ် အာဇာနည်ဂုံးမှာကျင်းပမယ့်
အခမ်းအနားကို လုံး၀ ပယ်ဖျက်လိုက်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါ
ဘူး။

သံအမတ်ကြီးဟောင်း ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ အာဇာနည်နေ့
အခမ်းအနားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံခြားသံတမန်တွေကို ဖိတ်ကြားပြီး
ကျင်းပခဲ့တဲ့ အစဉ်အလာရှိတယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ ဖဆပလအစိုးရ လက်ထက်တုန်းကတော့ ဖိတ်တာပေါ့။ ဒါ ဒီအလေးပြုပွဲကို
အသားယူတာပဲ။ ပြီးတော့မှ လူအုပ်ကြီးနဲ့အတူ သူ့ လူထုအစည်းအရုံးတွေက သူ့ဟာနဲ့
သူ အလေးပြုကြတာ။ ဖဆပလအစိုးရ လက်ထက်တုန်းကတော့။ ဟိုတုန်းကဆိုရင်
၇ ရက်၊ ၁၀ ရက်လောက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်နေ့ အကြောင်း
တွေပြော၊ ဓာတ်ပုံတွေ၊ သတင်းစာတွေထဲက ဆောင်းပါးတွေရေး၊ ရေဒီယိုကလည်း
သီချင်းတွေဘာတွေနဲ့ အာဇာနည်နေ့ကို မမေ့အောင်၊ အာဇာနည်နေ့ကို ဂုဏ်ပြုအောင်
အကုန်လုံး သေသေချာချာ ရေဒီယိုကနေ အသားပေးပြီး ဒါ လမ်းစဉ်ပါတီအစိုးရ
လက်ထက်ထိ ဒီအတိုင်းလုပ်လာတာပဲ။”

မြန်မာစစ်အစိုးရ အာဏာရယူခဲ့တဲ့နှစ်တွေအတွင်း အာဇာနည်နေ့ အခမ်းအနားတွေကို အရင်ခေတ်တွေတုန်းကလိုမဟုတ်ဘဲ သာမန် အကျဉ်းချုံးပြီး ကျင်းပတာမျိုးလောက်ပဲ
တွေ့ရတယ်လို့ သခင်ချန်ထွန်းက ပြောပါတယ်။ စစ်အစိုးရဟာ အာဇာနည်ခေါင်းဆောင်
တွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်နေတယ်ဆိုတဲ့ ဝေဖန်တာမျိုးတွေလည်း ရှိပါ
တယ်။ သခင်ချန်ထွန်းကတော့ ဒီနှစ်အခမ်းအနားဟာ ဝတ်ကျေတမ်းကျေကျင်းပမယ့်
အခမ်းအနားတခုသာဖြစ်မယ်လို့ ခန့်မှန်းပါတယ်။

“မနှစ်ကလည်း ဘာမှမှ မသိလိုက်ကြဘဲ။ အခုလည်း ဒီလိုပဲ ရှိမှာပဲပေါ့။ အခုတော့ နေပြည်တောင်ပြောင်းသွားတဲ့အခါကျတော့ ရန်ကုန်မှာ ဘာမှမရှိတော့ဘဲ၊ တိုင်းမှူးရှိရင်
တိုင်းမှူးကိုယ်တိုင်လုပ်မလား၊ အဲလိုများခိုင်းမလား မပြောတတ်ဘူး။ မခိုင်းဘဲ ဒီ့ပြင်
မြို့နယ်တွေလုပ်သလို သာမန်ပဲ လုပ်မလား၊ ဒါကတော့ စောင့်ကြည့်ရမှာပဲ။”

ပြီးခဲ့တဲ့နှစ်က အခမ်းအနားကို မြန်မာစစ်အစိုးရကိုယ်စား ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်
ခင်အောင်မြင့်က တက်ရောက် လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။

ဒီနှစ် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံခြားသံတမန်တွေအပြင် နောက်ထပ်
တက်ရောက်ခွင့်မရနိုင်ဘူးလို့ သတ်မှတ်ခံထားရသူကတော့ နေအိမ်အကျယ်ချုပ် ကျခံ
နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က အနည်းဆုံး ၇ ကြိမ်လောက် တက်ရောက်ဂါရဝ
ပြုခဲ့ဘူးပါတယ်။

ဒီဆယ်စုနှစ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံမှာ
လူထုအုံကြွမှုကြီးမဖြစ်ခင် ဇူလိုင်လက အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့
ဘူးပါတယ်။ နောက် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ ၁၉၉၅
ခုနှစ်ကနေ နောက်ပိုင်း ၂၀၀၀ ခုနှစ်အထိ ဆက်တိုက်တက်ရောက်ခဲ့ပေမယ့် ၂၀၀၁
ခုနှစ်မှာတော့ နေအိမ်အကျယ်ချုပ် ထပ်မံကျခံခဲ့ရတဲ့အချိန်မှာ အာဇာနည်နေ့အခမ်း
အနားကို မတက်ရောက်ခဲ့ပါဘူး။

နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်ခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ နောက်ဆုံး
ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ပြီး ပန်းခြင်းတွေချ
ဂါရဝပြုခဲ့ပါတယ်။ ဒီနှစ်ဆိုရင် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခွင့်မရတော့
တဲ့ ၆ နှစ်မြောက်နှစ်ပဲ ဖြစ်ပါတယ်။

အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကတော့ ဌာနချုပ်နဲ့
နယ်တွေမှာ အာဇာနည်နေ့အခမ်းအနားတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပမယ်လို့
ဗွီအိုအေကို ပြောဆိုထားပါတယ်။
ကိုသိန်းထိုက်ဦး သတင်းပေးပို့သွားတာပါ။

အခုနောက်ဆုံးရတဲ့ သတင်းတွေအရလည်း မြန်မာစစ်အစိုးရက နိုင်ငံခြားသံရုံးတွေကို
အကြောင်းကြားတဲ့အခါ အာဇာနည်နေ့အခမ်းအနားကို ပယ်ဖျက်လိုက်တယ်လို့
အကြောင်းကြားထားတဲ့အကြောင်း အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က
ပြောပါတယ်။

ဒါပေမယ့် စစ်အစိုးရက ပုံမှန် အာဇာနည်ဂုံးမှာ ကျင်းပလေ့ရှိတဲ့ အာဇာနည်နေ့အခမ်း
အနား တခုလုံးကို ပယ်ဖျက်လိုက်တာလား၊ ဒါမှမဟုတ် ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပ
ပြီး နိုင်ငံခြားသံတမန်တွေကိုပဲ မဖိတ်ကြားတော့တာလားဆိုတာ ရှင်းရှင်းလင်းလင်း
မသိရသေးပါဘူး။

သံရုံးတွေကို အကြောင်းကြားတဲ့အခါ အခမ်းအနားအစီအစဉ် ပယ်ဖျက်လိုက်တယ်လို့
သာ အကြောင်းကြားပြီး အကြောင်းပြချက် တစုံတရာ စစ်အစိုးရဘက်က မပေးတဲ့
အကြောင်း အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG