သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်သမ္မတကို နိုင်ငံတကာခုံရုံးတွင် စစ်ရာဇဝတ်မှု စွဲချက်တင်နိုင်ရန် ကြိုးပမ်း


နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ရှေ့နေ လူးဝစ္စ မော်ရီနို
အိုကမ်ပို (Luis Moreno-Ocampo) က ဆူဒန်နိုင်ငံ
သမ္မတ အိုမာ ဟက်ဆန် အယ်လ် ဘရှီးယား
(Omar Hassan al Bashir) ကို ဒါးဖောဒေသမှာ
မျိုးဖြုတ်သတ်ဖြတ်မှုတွေနဲ့ စစ်ရေးဆိုင်ရာ
ရာဇဝတ်မှုတွေမှာ ကြိုးကိုင်ခြယ်လှယ်ခဲ့တာကြောင့်
ဝရန်းထုတ်အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီလို ဝရန်းထုတ် အရေးယူရေး မယူရေးအတွက်
တရားသူကြီး ၃ ဦးကနေပြီး ရက်နဲ့ လနဲ့ချီ အချိန်
ယူပြီး ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း ဗွီအိုအေသတင်း
ထောက် တန်ဒိုင်း မာဖိုဆာ (Tendai Maphosa) သတင်းပေးပို့တာကို နော်ရှိုးက
တင်ပြပေးထားပါတယ်။

ICC ခေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ရှေ့နေ လူးဝစ္စ မော်ရီနို အိုကမ်ပိုက နယ်သာလန်
နိုင်ငံ ဟိဂ်မြို့တော်အခြေစိုက် ICC ရုံးချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ
အခုလို ကြေညာခဲ့တာပါ။

“ဆူဒန်နိုင်ငံသမ္မတ အိုမာ ဟက်ဆန် အယ်လ် ဘရှီးယားကို ဒါးဖောဒေသမှာ မျိုးနွယ်တုံး
သတ်ဖြတ်မှုတွေ၊ လူမဆန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ဝရန်းထုတ်
ဖမ်းဆီးဖို့ ခုပဲ ကျနော် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကို လျှောက်လွှာတင်ခဲ့ပါတယ်။”

ဒါပေမယ့် အဲဒီရှေ့နေက သူကိုယ်တိုင် သမ္မတ ဘရှီးယားကို တရားရုံးမှာ စွဲချက်တင်မှာ
မဟုတ်ဘူးလို့ အခုလို အတိအလင်း ပြောသွားပါတယ်။

“ကျနော် ရှင်းရှင်းပဲပြောမယ်။ ကျနော်ဟာ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကိုသာ
တောင်းဆိုတာပါ။ သူတို့အနေနဲ့ ကျနော့် တင်သွင်းချက်လျှောက်လွှာကို သဘောတူနိုင်
တယ်၊ ဒါမှမဟုတ် ပယ်ချပြီး သူတို့ကြိုက်တဲ့ပုံစံမျိုးနဲ့ သွားနိုင်တယ်၊ ဒါမှမဟုတ် ပိုပြီး
ခိုင်လုံတဲ့ သက်သေအထောက်အထားကို ထပ်တောင်းဆိုနိုင်တယ်။ ဒါကြောင့် တရား
သူကြီးတွေဟာ သူတို့သဘောအတိုင်း ဆုံးဖြတ်နိုင်ပါတယ်။”

မစ္စတာ မော်ရီနို အိုကမ်ပိုက တကယ်လို့ သမ္မတ ဘရှီးယားကို ခုံရုံးမှာ တရားစွဲချက်တင်
ခံခဲ့ရလို့ရှိရင် သူ့အနေနဲ့ မျိုးနွယ်တုံးသတ်ဖြတ်မှု၊ လူတွေကို စိတ်သောက အလွန်အမင်း
ရောက်စေမှုနဲ့ ကိုယ်ကာယ အပျက်အစီး အဆုံးအရှုံးတွေ ဖြစ်ပေါ်လာဖို့ အခြေအနေ
ဖန်တီးခဲ့တဲ့အမှု စတဲ့ အမှုသုံးမှုတို့နဲ့ အရေးယူခံရပါလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင်
လူမဆန်တဲ့ ရာဇဝတ်မှုအပါအဝင် အမြစ်ဖြုတ်သတ်ဖြတ်မှု၊ လူအစုလိုက်အပြုံလိုက်ကို
အဓမ္မပြောင်းရွှေ့ခိုင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှု စသည်တို့ကို ထည့်တွက်မယ်ဆိုရင်
တော့ သမ္မတ ဘရှီးယားဟာ အမှု ၅ မှုအထိ ရင်ဆိုင်ရနိုင်ပါတယ်။

တကယ်လို့ တရားသူကြီးတွေက မစ္စတာဘရှီးယားကို ဝရန်းထုတ်အရေးယူဖို့ ဆုံးဖြတ်ခဲ့
ရင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ အာဏာရှိဆဲ နိုင်ငံ့ခေါင်းဆောင်ကို တရားစွဲဆိုတာ
မျိုးမှာ သမ္မတ ဘရှီးယားဟာ ပထမဦးဆုံး ဖြစ်ပါလိမ့်မယ်။

ဆူဒန်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို အသိအမှတ်မပြုပါဘူး။ တရားရုံးက အလို
ရှိတဲ့ သူတို့နိုင်ငံရဲ့ လူမှုကယ်ဆယ်ရေးဝန်ကြီး အာမက် ဟာရွန် (Ahmad Harun) နဲ့
စစ်သွေးကြွခေါင်းဆောင် အလီ ကူရှေ့ဘ် (Ali Kushayb) တို့ကို အပ်နှင်းဖို့ တစိုက်
မတ်မတ် ငြင်းဆိုခဲ့ပါတယ်။

ဆူဒန်ပြည်သူတွေက သမ္မတ ဘရှီးယားကို ခုလို နိုင်ငံတကာ ခုံရုံးကနေ အရေးယူဖို့ကိစ္စ
ကို ခါးခါးသီးသီး တုံ့ပြန်ကြပါတယ်။ သူတို့က ဒီလိုအရေးယူခြင်းအားဖြင့် ဆူဒန်အစိုးရနဲ့
ဒါးဖောသူပုန်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ ထိခိုက်နိုင်တယ်လို့ ယူဆ
ကြလို့ ဖြစ်ပါတယ်။

လန်ဒန်မြို့က ဆူဒန်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ခါလစ် အယ်လ် မူဘာဘရက်က်
(Khalid al Mubabrak) က သမ္မတ ဘရှီးယားကို စွဲဆိုချက်တွေဟာ မမှန်ကန်ဘူးလို့
ပြောပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးအနေနဲ့ ဆူဒန်နိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့်
မရှိဘူးလို့ အခုလိုဆိုပါတယ်။

“ပြောရရင် အမေရိကန်နိုင်ငံလိုပါပဲ။ ကျနော်တို့လည်း နိုင်ငံတကာ ရာဇဝတ်ခုံရုံး
ဖြစ်ပေါ်လာဖို့ ဖန်တီးပေးခဲ့တဲ့ ရောမဥပဒေစာတမ်းကို အတည်ပြုလက်မှတ် ရေးထိုးခဲ့
တာမဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ တော်တော် ထိထိ
ရောက်ရောက် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။ ဒါးဖောကိစ္စနဲ့ပတ်သက်လို့လည်း ကျနော်
တို့ စတင်လေ့လာခဲ့ပြီးဖြစ်တဲ့အပြင် တချို့ကို တရားစွဲဆို အရေးယူတာတွေ၊ အကျဉ်း
ကျနေသူတချို့ကို ပြန်လွှတ်ပေးခဲ့တာတွေ လုပ်ခဲ့ပြီးပါပြီ။”

ဆက်လက်ပြီး မစ္စတာ မူဘာဘရက်က်က ခုလို ခုံရုံးတင်မယ့်ကိစ္စတွေကြောင့် ဒါးဖော
သူပုန်တွေ ပိုပြီးဆူပူလာဖို့ အားပေးအားမြှောက်ပြုမှာမို့ ဒီပြဿနာကြီးတခုလုံးဟာ
ပိုပြီးတောင် ကြန့်ကြာသွားနိုင်ပါတယ်လို့ ဆိုပါတယ်။

ဒါးဖောပြဿနာဟာ ၂၀၀၃ ခုနှစ်တုန်းကတက်လာတဲ့ ဆူဒန်အစိုးရအသစ်ကို ဒါးဖော
သူပုန်တွေက ဆန့်ကျင်တိုက်ခိုက်တာကနေ စခဲ့တာပါ။ ဒီလိုဆန့်ကျင်တာကို ဆူဒန်
အစိုးရက စစ်သွေးကြွတွေသုံးပြီး လူထောင်ပေါင်းများစွာကို အတင်းအဓမ္မ ပြောင်းရွှေ့
စေခြင်းနဲ့ တုံ့ပြန်ခဲ့ပါတယ်။

ဒီအရှုပ်အရှင်းကြောင့် အနည်းဆုံး လူပေါင်း ၃ သိန်း အသက်ဆုံးရှုံးခဲ့ရပြီး ၂ သန်းကျော်
အိမ်ရာမြေစွန့်ပစ်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG