သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း ကပ်ဘေးကယ်ဆယ်ရေးဆိုင်ရာ စစ်ဖက်-အရပ်ဖက် ပူးတွဲလေ့ကျင့်ခန်းလုပ်ရန် အေအာရ်အက်ဖ်တွင် ဆွေးနွေးမည်


အေအာရ်အက်ဖ်ခေါ် အရှေ့တောင်အာရှဒေသ လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို အခု
လာမယ့် ဇူလိုင် ၂၄ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံ
တွေနဲ့ အခြားအင်အားကြီးနိုင်ငံတွေ ပူးပေါင်းပြီးတော့ ဒေသတွင်း ကပ်ဘေးအန္တရာယ်
ကျရောက်မှုရှိလာရင် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပေါင်းပြီးလုပ်နိုင်ဖို့ စစ်ဖက်-
အရပ်ဖက် နှစ်ဖက်ပါဝင်တဲ့ လေ့ကျင့်မှုတရပ်ကို ပြုလုပ်ရေး အဆိုပြုချက်ရှိနေတယ်လို့
သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ
ပေးထားပါတယ်။

အခုလို အာဆီယံနိုင်ငံတွေနဲ့ အခြားအင်အားကြီးနိုင်ငံတွေတွဲပြီး စစ်ဖက်-အရပ်ဖက်
ကပ်ဘေးကယ်ဆယ်မှုဆိုင်ရာ လေ့ကျင့်ခန်းလုပ်ဖို့ ဆွေးနွေးနေကြတယ်၊ အေအာရ်
အက်ဖ်ရဲ့ အဖွဲ့ဝင် ၂၇ နိုင်ငံအနေနဲ့ လာမယ့် ၂၀၀၉ ခုနှစ်အစောပိုင်းမှာ သဘောတူ
လက်ခံကြဖွယ်ရှိတယ်လို့ မနေ့ကထုတ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာကြီး
က ရေးသားထားပါတယ်။ အဲဒီမှာပဲ အမေရိကန်အစိုးရရဲ့ အာဆီယံဒေသ အထူး
ကိုယ်စားလှယ် စကော့ မာဆီရယ်လ် (Scot Marciel) ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး
တော့ အခုလာမယ့် ဇူလိုင် ၂၄ အေအာရ်အက်ဖ် အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေး
ဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ မြန်မာနိုင်ငံက ဆိုင်ကလုံးကပ်ဘေးကြောင့် ဒေသတွင်း အခုလို ကယ်ဘေးဆိုး
တွေ ကျရောက်လာရင် ဘယ်လို ဒေသတွင်းမှာ၊ ဒါမှမဟုတ် နိုင်ငံတကာအနေနဲ့ အမြန်
ဆုံး ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာဟာ မေးခွန်းဖြစ်လာပါတယ်။ ဒီအပေါ်မှာပဲ
အခုလိုစဉ်းစားချက်တွေ ပေါ်လာတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အခု လေ့ကျင့်ခန်း
သဘောက အရပ်ဖက်ကယ်ဆယ်ရေးတင်မဟုတ်ဘဲ စစ်အင်အားတွေကိုပါ အသုံးချ
မယ့်သဘောဖြစ်တာကြောင့် အေအာရ်အက်ဖ် အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံလို အခြား
အာဆီယံနိုင်ငံတွေဘက်က တကယ်တမ်း အင်အားကြီးနိုင်ငံတွေက စစ်ရေးပါဝင်လာမှု
ကို လက်ခံနိုင်ဖွယ်ရှိပါရဲ့လား။ ဂျော့ချ်တောင်းတက္ကသိုလ် လုံခြုံရေးဆိုင်ရာပညာရပ်
လေ့လာသူ ကိုမင်းဇော်ဦးကတော့ အာဆီယံနိုင်ငံအချို့က အင်အားကြီးနိုင်ငံတွေနဲ့
စစ်ရေးပူးတွဲဆောင်ရွက်ဖို့ သတိထားကြနိုင်တယ်လို့ ယူဆပါတယ်။

“အာရှနိုင်ငံ၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေအတွင်းမှာတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး
သဘောထားကွဲလွဲမှုတချို့ ဖြစ်နိုင်တယ်။ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံက နေတိုးမဟုတ်
တဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံထဲမှာပါတယ်။ စင်ကာပူနိုင်ငံဆိုရင်လည်း ဒေသတွင်း
မှာ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်း အများဆုံးကို တပ်ဆင်ထားတဲ့နိုင်ငံဖြစ်တယ်။
အဲဒါကြောင့် အမေရိကန်နဲ့ စင်ကာပူကြား၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ကြားမှာ စစ်ရေးအရ
ပူးတွဲဆောင်ရွက်မှုတွေက ဟိုးအရင်ကတည်းက ရှိတယ်။

“ဒါပေမယ့် တခြားနိုင်ငံတွေအနေနဲ့ဆိုရင် ဒီလိုကိစ္စမျိုးကို သိပ်သတိထားတယ်။ ဥပမာ
ဆူနာမီဖြစ်တဲ့ကိစ္စတုန်းက အင်ဒိုနီးရှားမှာ အမေရိကန်က ဝင်ပြီးကူညီမယ့်ကိစ္စကို သူတို့
အများကြီး အသေးစိတ်ဆွေးနွေးတာတွေ လုပ်ခဲ့ရတယ်။ လေယာဉ်တင်သင်္ဘောကြီးကို
ဘယ်လိုပေးကပ်မလဲ၊ လေယာဉ်တင်သင်္ဘော ပေးကပ်တဲ့အတွက် အမေရိကန်
လေယာဉ်တွေက ပိုင်းလော့တယောက်က နှစ်ပတ်အနည်းဆုံး မဖြစ်မနေ ပျံရတာရှိ
တယ်။ အဲတော့ အင်ဒိုနီးရှားနိုင်ငံ လေပိုင်နက်အတွင်းမှာ လေယာဉ်ပျံတွေ
ဘယ်လောက်ပေးပျံမလဲ။ ဒါမျိုး အသေးစိတ်တွေကအစ ဆွေးနွေးရတာရှိတယ်။

“အဲဒီလို အသေးစိတ်ကိစ္စတွေ ဆွေးနွေးတဲ့အဆင့်မရောက်ဘဲ မူအရ အကုန်လုံးက
ဗြုန်းစားကြီးလက်ခံဖို့ဆိုတာတော့ မလွယ်သေးဘူးလို့ ကျနော်ထင်ပါတယ်။”

ပြီးခဲ့တဲ့ မြန်မာနိုင်ငံမှာ ဆိုင်ကလုံးမုန်တိုင်း တိုက်တုန်းကလည်း အမေရိကန်နဲ့ ပြင်သစ်
က စစ်သင်္ဘောတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ခွင့်တောင်းခဲ့တာကို မြန်မာ
အာဏာပိုင်တွေဘက်က ပယ်ချခဲ့ပါတယ်။ အခုအခြေအနေလိုမျိုး အင်အားကြီးနိုင်ငံ
တွေရဲ့ စစ်တပ်ပါ ပါတဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်မယ့်အပေါ်မှာ မြန်မာဘက်က စိုးရိမ်
ချက်တွေ ရှိမလာနိုင်ဘူးလား။

“ဒီလို ဖြစ်စဉ်တခုကို လေ့ကျင့်ခန်းလုပ်လိုက်ရုံနဲ့ နိုင်ငံတခုမှာ ဒီလိုဖြစ်လာခဲ့လို့ရှိရင်
ဒီနိုင်ငံတွေက ဝင်ကူညီလို့ရတယ်၊ ဝင်စွက်ဖက်လို့ရတယ်ဆိုတဲ့ သဘောတူညီချက်ကို
လက်မှတ်ထိုးတာမဟုတ်ပါဘူး။ အဲတော့ မြန်မာပြည်ရဲ့ အနေအထားမှာလည်း ဒီလိုမျိုး
တိုင်းပြည်မှာ ကပ်ဘေးဒုက္ခဖြစ်လာရင် ကျနော်တို့တိုင်းပြည်က ခွင့်ပြုချက်မရဘဲ
တခြားတိုင်းပြည်က ဝင်လို့မရဘူးဆိုတဲ့ အခြေခံအချက် ရှိနေသရွေ့ကတော့ မြန်မာပြည်
လက်ရှိအစိုးရအတွက် ဒါတွေကို စိုးရိမ်စရာမလိုဘူးလို့ ထင်ပါတယ်။”

အခုလိုမျိုးစဉ်းစားချက် စစ်ရေးအရပါ ပူးပေါင်းဆောင်ရွက်မှုမျိုးတွေ အရင်ကရော
အေအာရ်အက်ဖ်အတွင်းမှာ ရှိခဲ့ဖူးပါသလား။

“ထိရောက်တဲ့အဆင့်လောက်အထိ မရှိခဲ့ဖူးဘူး။ အာဆီယံတခုလုံးအနေနဲ့လည်း မရှိခဲ့
ဘူး။ ရှိခဲ့တယ်ဆိုတဲ့ဟာတွေကလည်း အာဆီယံနိုင်ငံထဲမှာရှိနေတဲ့ နေတိုးမဟုတ်တဲ့
အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်တို့၊ ထိုင်းတို့၊ အမေရိကန်နဲ့ စစ်ရေး
အရ အစဉ်အဆက် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စင်ကာပူလိုနိုင်ငံမျိုးတွေလောက်ပဲ ရှိပါ
တယ်။ တခြားနိုင်ငံတွေက ဒီလောက်အထိ ပူးပေါင်းဆောင်ရွက်မှု မရှိကြပါဘူး။”
ကိုမင်းဇော်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

အေအာရ်အက်ဖ်ဟာ အာရှ-ပစိဖိတ်ဒေသ အထူးသဖြင့် အာဆီယံဒေသတွင်း ငြိမ်းချမ်း
ရေးနဲ့ လုံခြုံရေးအတွက် အပြန်အလှန်ဆွေးနွေးရေး ဦးတည်ဖွဲ့စည်းထားတဲ့ လုံခြုံရေး
ဆိုင်ရာ ဒေသအဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအဖွဲ့အတွင်း အာရှနိုင်ငံတွေအပြင် အခြား
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေကိုပါ ထည့်သွင်းထားတာပါ။ အခုလာမယ့်
အေအာရ်အက်ဖ် အစည်းအဝေးကိုတော့ အမေရိကန်ပြည်ထောင်စုက နိုင်ငံခြားရေး
ဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) လည်း တက်ရောက်မယ်လို့ နိုင်ငံခြား
ရေးဌာနက ဒီကနေ့ပဲ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG