သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စုစုနွေးနှင့် ကိုထင်ကျော်တို့ကို ပုဒ်မပြောင်း စွဲဆို


ဆန္ဒပြပွဲတွေမှာပါဝင်ပြီး ဖမ်းဆီးခံထားရသူတွေကို
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အရင်က တရားစွဲ
ဆိုထားရာက အခုတော့ လူငါးယောက်ထက်ပိုပြီး
စုဝေးတယ်၊ ဆူပူဖို့ကြိုးစားတယ်ဆိုတဲ့ အမှုမျိုး
လောက်နဲ့သာ တရားစွဲဖို့ စစ်အစိုးရဘက်က ရှေ့နေ
တွေကိုယ်တိုင် တင်ပြလာတာတွေ ရှိနေတယ်လို့
ရန်ကုန်ရှေ့နေ အသိုင်းအဝိုင်းက ပြောကြပါတယ်။
အသေးစိတ်ကို ဘန်ကောက်ရောက် ဗွီအိုအေ
ဝိုင်းတော်သား ကိုသိန်းထိုက်ဦးက တင်ပြပေးထား
ပါတယ်။

မနေ့က ရန်ကုန် အင်းစိန်ထောင် သီးသန့်ရုံးမှာ ကုန်ဈေးနှုန်းကြီးမြင့်တာကို ဆန္ဒပြခဲ့တဲ့
ကိုထင်ကျော်နဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ ထန်းမနိုင်ရွာသူ မစုစုနွေးတို့ရဲ့ အမှုတွေကို
ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အရင်တုန်းက သူတို့ကိုစွဲခဲ့တဲ့ ပုဒ်မ ၁၂၄(က) နိုင်ငံတော်ကို
အကြည်ညိုပျက်စေမှုနဲ့ စွဲခဲ့တာပါ။ ဒီအမှုမျိုးက ထောင်ဒဏ်တသက်အထိ ကျခံရနိုင်တဲ့
စွဲချက်မျိုးပါ။ ဒီစွဲချက်ကို ပြန်လည်ပြင်ဆင်ဖို့ အစိုးရရှေ့နေတွေဘက်က ပြန်လည်တင်ပြ
လာတာတွေရှိတယ်လို့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

"ကိုထင်ကျော်ကို စဆွဲတာက ပန်းဘဲတန်းမြို့နယ် သိမ်တော်ကြီးရှေ့မှာ ဆန္ဒပြမှုနဲ့ ပုဒ်မ
၁၂၄(က) နဲ့ တမှုစွဲတယ်။ နောက်တခါ ကမာရွတ်မှာ ဘုန်းကြီးဝတ်ခွင့်မရလို့ သပိတ်နဲ့
သင်္ကန်းကိုင်ပြီး ဆန္ဒပြတဲ့အတွက် ကမာရွတ်မြို့နယ်ဘက်က ၁၂၄(က) နဲ့ တမှုစွဲထား
တယ်။ နောက် သင်္ဃန်းကျွန်း စံပြဈေးရှေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပုံကိုင်ပြီး ဆန္ဒပြ
တဲ့အတွက် ၁၂၄(က) နဲ့ တမှုထပ်စွဲထားတယ်။ ကိုထင်ကျော်ကို သုံးမှု ၁၂၄(က) နဲ့
စွဲတော့ ခရိုင်တရားရုံးအနေနဲ့ စစ်နေတာပေါ့။"

မနေ့က အင်းစိန်ထောင် သီးသန့်ရုံးမှာ ရုံးထုတ်စစ်ဆေးတဲ့အချိန် ရှေ့နေကြီး
ဦးအောင်သိန်းက ကိုထင်ကျော့်ဘက်က လျှောက်လဲချက်ပေးခဲ့တဲ့ အကြောင်းကိုလည်း
အခုလိုရှင်းပြပါတယ်။

"မနေ့ကတော့ ကျနော်တို့က လျှောက်လဲချက်ပေးလိုက်တယ်။ ၁၂၄(က) နဲ့ စွဲချက်
မတင်ထိုက်ဘူး။ အစိုးရကို အကြည်ညိုပျက်စေတဲ့ အသုံးအနှုန်း၊ ပြောဆိုတဲ့စကားလုံး
မရှိဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုဖြစ်တယ်။ သူဆန္ဒပြ၊ ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်လာ
တဲ့အချိန်မှာ ကားတွေကလည်း သွားမြဲသွားနေတယ်၊ ဈေးသည်တွေကလည်း ဈေး
ရောင်းမြဲ ရောင်းနေတယ်၊ ခရီးသည်တင် ဘတ်စ်ကားတွေကလည်း သွားမြဲသွားနေ
တယ်။ အဲလိုအခြေအနေ ဓာတ်ပုံမှတ်တမ်းတွေကို ကြည့်ခြင်းအားဖြင့်တောင် လူတွေကို
ထိတ်လန့်တုန်လှုပ်စေတဲ့ အပြုအမူမျိုး မရှိဘူး။

"ပြောတဲ့ကိစ္စတွေကလည်း ကုန်ဈေးနှုန်းတက်လို့ တက်တယ်ပြောတယ်။ လောင်စာဆီ
ဈေးနှုန်း တက်နေတဲ့အတွက် ချပေးပါလို့ပြောတယ်။ ဒီဟာတွေက အစိုးရကို အကြည်
ညိုပျက်စေတဲ့ အကြောင်းတရားတွေမှာ ဘာမှပေါ်ပေါက်ခြင်းမရှိဘူး။ ကျနော်တို့ဘက်
က စွဲချက်တင်သင့်မသင့် လျှောက်လဲချက်တော့ ပေးလိုက်ပြီ။ ခရိုင် ဥပဒေအရာရှိ
ဘက်ကတော့ ငါးယောက်ထက်ပိုပြီး ဆန့်ကျင်တဲ့ တူညီတဲ့ရည်ရွယ်ချက်နဲ့ စုဝေးတဲ့ကိစ္စ
လောက်နဲ့ပဲ သူတို့က စွဲချက်တင်စေချင်တာပေါ့။ ဆိုတော့ ပုဒ်မက အများကြီးကွာ
သွားပြီ။"

စစ်အစိုးရရှေ့နေ ခရိုင်ဥပဒေအရာရှိ ကိုယ်တိုင်က နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့
အမှုနဲ့ အရင်တုန်းက စွဲဆိုထားတာကို ပြန်လည်ပြင်ဆင်ဖို့ လျှောက်လဲတာမျိုးတွေရှိ
တော့ ကျန်တဲ့ အဖမ်းခံထားရတဲ့သူတွေအတွက်ပါ အခြေအနေကောင်းမယ်လို့
မျှော်လင့်မိတဲ့အကြောင်း ဦးအောင်သိန်းက ပြောပါတယ်။

မစုစုနွေးကို မနေ့က ရုံးထုတ်ခဲ့တဲ့အချိန်မှာတော့ အရင်တုန်းက လူစုလူဝေးနဲ့ ဆူပူ
အောင်လုပ်တယ်ဆိုတဲ့ စွဲချက်တွေကို အစိုးရရှေ့နေ ဆွဲချဘက်က ထပ်ဖြည့်ပြီး အမှုတွေ
ထပ်တိုးခဲ့တယ်လို့ မစုစုနွေးအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးကြည်ဝင်းက
ပြောပါတယ်။ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားတာကို ပြင်ပေးပေ
မယ့် နောက်ထပ် အမှုတွေ ထပ်တိုးတာကတော့ မဖြစ်သင့်တဲ့အကြောင်း သူ့ဘက်က
ပြန်လည်ချေပခဲ့တယ်လို့လည်း ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

"၁၂၄(က) ကိုတော့ ဖြုတ်တယ်။ စွဲချက်က တင်ပြီးပြီ။ တင်ပြီးသားကို အခု သူတို့က
အဲဒါကိုဖြုတ်ချင်တယ်။ ဖြုတ်ပြီးတော့ နောက်ထပ်ပုဒ်မကတော့ ၅၂ တို့ ဘာတို့နဲ့ ထပ်
တိုးပြီးတော့ စွဲချင်တာ။ ကျနော်လျှောက်လဲတဲ့အမှုမှာတော့ ကျနော်က ဥပဒေနဲ့
ဆန့်ကျင်တဲ့ လူစုလူဝေးမှ မဖြစ်ခဲ့ဘဲ။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်အောင် လုပ်တာတို့၊
အန်တုဗလလုပ်တာတို့ စသဖြင့် အဲဒါတွေမှ မပေါ်ဘဲ။ တရားလိုသက်သေတွေကို
စစ်တော့ သူတို့ ရောက်လာပြီးတားတယ်၊ တားတော့ စကားများကြပြီး ကားပေါ်
တက်ခိုင်းတော့ တက်တာပဲ။"

ပုဒ်မ ၁၂၄(က) မှာ ဖောြ်ပထားတာက ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားတဲ့ အစိုးရ
မျိုးကို အကြည်ညိုပျက်အောင် လုပ်တာမျိုးကိုမှ စွဲဆိုလို့ရတဲ့အမှုမျိုးလို့ ရှေ့နေ
ဦးကြည်ဝင်းက ရှင်းပြပါတယ်။ ဒါက လက်ရှိစစ်အစိုးရကို တရားဝင်အစိုးရ မဟုတ်ဘူး
လို့ ပြောတာမဟုတ်တဲ့အကြောင်း၊ ဒါပေမယ့်လည်း ဥပဒေနဲ့အညီ ဖွဲ့စည်းတည်ထောင်
ထားတဲ့ အစိုးရမျိုးကို အသရေပျက်အောင်လုပ်မှ ဒီလိုပုဒ်မနဲ့ စွဲဆိုလို့ရတဲ့အကြောင်း၊
အရင်တုန်းက ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ ဖမ်းဆီးခံခဲ့ရတဲ့ အချိန်တုန်းက
လည်း သူ့ဘက်က လျှောက်လဲချက်ပေးခဲ့ဘူးတယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီပုဒ်မနဲ့စွဲဆိုထားတဲ့အမှုကို ပြန်လည်ပြင်ဆင်ပေးမယ်ဆိုရင်တော့
ဖမ်းဆီးခံထားရသူတွေအတွက် သက်သာရာရနိုင်တယ်ဆိုပြီး ရန်ကုန်ရှေ့နေအသိုင်း
အဝိုင်းက တွက်ဆထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG