သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US အောက်လွှတ်တော် ဥပဒေမူကြမ်းကြောင့် မြန်မာ့ကျောက်မျက် ဈေးကွက်ကို ထိခိုက်နိုင်


မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ထိပ်ပိုင်းအရာရှိတွေကို ပစ်မှတ်ထားပြီး နိုင်ငံခြားဝင်ငွေ တွေကို ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ (Block Burmese Jades Act) ဥပဒေမူကြမ်းတခုကို အင်္ဂါနေ့ (ဇူလိုင် ၁၅၊ ၂၀၀၈) က အမေရိကန် အောက်လွှတ်တော်မှာ တခဲနက်တည်း အတည်ပြုခဲ့ပါတယ်။

မကြာခင်မှာတော့ အထက်လွှတ်တော် မှာလည်း ဒီဥပဒေမူကို အတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးတော့ ဒီဥပဒေကြမ်းထဲမှာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို အမေရိကန်ပြည်ထောင်စုအတွင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တင်သွင်းတာတွေကို ပိတ်ဆို့ပါဝင်တော့ ဒီအချက်က မြန်မာစစ်အစိုးရ ဘယ်လောက်ထိခိုက်မလဲ၊ မြန်မာ့ကျောက်မျက် ဈေးကွက်ကိုရော တစုံတရာထိခိုက် ရှိနိုင်ပါသလား။

အခုလို အမေရိကန်ဥပဒေကြောင့် မြန်မာစစ်အစိုးရကိုတစုံတရာထိခိုက်နိုင်သလဲ သာမန်ကုန်သည်တွေနဲ့ မြန်မာ့ကျောက်မျက်ဈေးကွက်ကိုပါ ထိခိုက်နိုင်တယ်လို့ မြန်မာကျောက်မျတ်ဈေးကွက်က ကုန်သည်တွေကတော့ ယူဆပါတယ်။ မြန်မာကျောက်မျတ်တွေကို အစိုးရက တိုက်ရိုက်နိုင်ငံတွင်းမှာ ကျောက်မျတ်ပွဲလုပ်ပြီး ရောင်းချနေတာတွေရှိသလို၊ ကုန်သည်တွေကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဓိကထား အရောင်းအဝယ်လုပ်ရတာဖြစ်ပြီး၊ ဒီကနေ အိမ်နီးချင်းနိုင်ငံတွေကနေ အမေရိကန်နဲ့ နိုင်ငံကြီးတွေကို တင်ပို့တာလို့ သိရပါတယ်။ အခုလို ဒီ ဥပဒေမူကြမ်းအတည်ဖြစ်သွားပြီဆိုရင် မြန်မာကျောက်မျတ်တွေ အမေရိကန် ပြည်ထောင်စုကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ဖြစ်စေ တင်သွင်းမှုတွေ ရပ်သွားနိုင်ပါ့မလား - မြန်မာကျောက်မျတ်ဈေးကွက်က ကုန်သည်တဦးကို ကျနော်မေးကြည့်ပါတယ်။

ကျောက်မျက်ကုန်သည်ပွဲစား “ဟုတ်ကဲ့ နည်းတော့နည်းသွားမယ်။ ဒါပေမဲ့ သူတို့ထွက်ပေါက်လေးတွေတော့ ရှိပါတယ်။ ကျနော်တို့ မြန်မာပြည်ကနေပြီး တတိယနိုင်ငံ တရုတ်ပြည်၊ ဟောင်ကောင်၊ ထိုင်း တို့က အဓိက ဈေးကွက်ဖြစ်တယ်။ အမေရိကကို တင်သွင်းတဲ့ ကျောက်မျက်ရတနာဆိုတာ Color stone တွေဖြစ်တယ်။ ကျောက်စိမ်းပိုင်းကတော့ တရုတ်ပြည်ဖြစ်တယ်။”

ဒါဆိုလိုရှိရင် အခုလို ဥပဒေကြမ်းထွက်လာတော့ သာမန်အခြား မြန်မာကျောက်မျက် ကုန်သည်တွေကိုရော ထိခိုက်နိုင်သလား၊

“ထိခိုက်တယ်ခင်များ။ ကုန်သည်ပိုင်းလည်း ထိခိုက်တယ်၊ အစိုးရပိုင်းဆိုင်ရာလည်း ထိခိုက်တယ်။”
တကယ်တမ်း ရည်ရွယ်တာကတော့ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရ နဲ့ ထိပ်ပိုင်းအရာရှိတွေရဲ့ နိုင်ငံခြားဝင်ငွေတွေ ပိတ်ဆို့ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ကုန်သည်ပိုင်းအတွင်းမှာ ထိခိုက်တယ်ဆိုတာ ဘယ်လိုပုံစံပါသလဲ။

“ဒီလိုရှိတယ် - ကုန်သည်တွေနဲ့ ရောင်းတဲသူတွေက အမြဲတမ်းအချက်အဆက်က ရှိနေတယ်။ အဲဒီတော့ အဓိက ထိုင်းနိုင်ငံမှာက အစိုးရ သွားရောင်းတာမဟုတ်ဘူး။ တကယ်တော့ ကုန်သည်တွေက သူ့ဘာသာသူ သွားရောင်းကြတာဆိုတော့ ယူအက်စ်က တင်းတင်းကြပ်ကြပ် လုပ်မယ်ဆိုရင် အဓိကသွားထိခိုက်မှာ ကုန်သည်တွေ ဖြစ်လိမ့်မယ်ခင်များ။ အစိုးရပိုင်းဆိုင်ရာကတော့ ကျောက်မျက်ရတနာပွဲမှာ ရောင်းပြီးရင် သူတို့ကိစ္စက ပြီးသွားပြီ။”

ထိုင်းတို့ တရုတ်ကနေပြီး ပြန်ဝယ်နိုင်တယ်ဆိုတာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာမှန်း မသိနိုင်ဘူးလား။ ကျောက်မျက်ရတနာကို စစ်လို့ရှိရင် မြန်မာပြည်က လာတဲ့ ကျောက်မျက်ရတနာမှန်း မသိနိုင်ဘူးလား။

“သိနိုင်ပါတယ်။ စစ်လို့ရပါတယ် သိနိုင်တယ်။ တခုကတော့ အမေရိကန်က ဘယ်လောက်အတိုင်းအတားထိ စစ်ပြီးမှ သူတို့နိုင်ငံကို တင်သွင်းခွင့်ပြုမယ် ဆိုတဲ့အပေါ် မူတည်တယ်။ အခုနက ပြောသလို မြန်မာပြည်က ကျောက်ဆိုရင် လုံး၀ မဝယ်တော့ဘူးလား ဆိုတဲ့ အနေအထားမျိုးလား။ ဒါပေမဲ့ ကျနော်ထင်တာ ဒီကုန်သည်တွေ အခုနောက်ဆုံး တကယ်နာမည်ကြီး ကုမ္မဏီတွေဖြစ်တဲ့ Tiffany တို့လို ကုမ္မဏီတွေတောင် မြန်မာပြည်နဲ့ သူတို့ connection ရှိပြီးသာဘဲ။”

ဟုတ်ကဲ့ ဒါက ကြားနိုင်ငံတွေက တဆင့်လာမဲ့သဘောပေါ့။

“ဟုတ်ပါတယ်။”

ဟုတ်ကဲ့ ဒါပေမဲ့ ဒီကျောက်ကို စစ်လိုက်တာနဲ့ မြန်မာပြည်က ကျောက်ဆိုတာကို သိသာပါသလား။

“ဟုတ်ကဲ့ သေခြာပါတယ်။ အဲဒါကတော့ စစ်လို့ရပါတယ်။”

သူတို့ ပစ်မှတ်ထားတာ စစ်အစိုးရကို ပစ်မှတ်ထားတာပါ။ တကယ်တမ်း ဒီဥပဒေက ကျောက်မျက်ရတနာ ပိတ်ဆို့လိုက်ရင် စစ်အစိုးရ အသိုင်းအဝိုင်းကို ဘယ်လောက် ထိခိုက်နိုင်မလဲလို့ အကို ယူဆနိုင်လဲ။

“ကျနော်အထင်က စစ်အစိုးရ 50-50 လောက်ပါဘဲ။ ဘာကြောင့်လည်းဆိုတော့ အမေရိကဘက်ကို တင်သွင်းဖို့ ကျောက်မျက်ရတနာဆိုတာ တော်ရုံ ကွာလတီမျိုး မဟုတ်ဘူးခင်များ သူက တော်တော်လေး ယူရုတ်၊ အမေရိကဘက် တင်သွင်းတဲ့ ကွာလတီက တော်တော်လေး ကောင်းဖို့ဖြစ်တယ်။ ဒီလိုမျိုးကို တင်သွင်းနိုင်ဖို့က အစိုးရနဲ့ ပတ်သက်နေတဲ့ ကုန်သည်ကြီးတွေ ဒီအစိုးရနဲ့ ပတ်သက်တဲ့ လူတွေ ဥပမာ ကိုတေဇ တို့လည်း လူတွေ၊ ဒီမိုးကုတ်ဖက်ပိုင်းမှာလည်း သူရဲ့နာမည်နဲ့ အကုန်ယူထားပြီးပြီ။”

အရင်တုန်းကရော မြန်မာနိုင်ငံက ဒီကျောက်သံပတ္တမြားတွေ အမေရိကဖက်ကို လာတာ ဘယ်လောက်လောက်ရှိသလဲ။ တော်တော်များလား။

“မိုးကုတ်က လူတွေက တက်ရောင်းကြတယ်။ အင်တာနေရှင်နယ် ကုန်သည်တွေကတော့ မြန်မာ့ကျောက်မျက်ပြပွဲမှာ သွားဝယ်ကြတယ်။ ဒါပေမဲ့ အဓိက ပစ္စည်းတွေ ထွက်သွားတာကတော့ အမေရိကတော့ အဓိက ဈေးကွက်ပါဘဲ။ ဥရောပနဲ့ စာရင်တော့ အမေရိက က ပိုပြီး ဝယ်လေ့ရှိတယ်။”

အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို သမ္မတလက်မှတ်ထိုးပြီးလို့ အတည်ပြုသွားလို့ရှိရင် မြန်မာ့ကျောက်မျက် ဈေးကွက် အပေါ်မှာ ဘယ်လောက်ထိ ထိခိုက်ရိုက်ခိုက်မှု ရှိနိုင်မလဲဆိုတာကို မြန်မာ့ကျောက်မျက် အသိုင်းအဝိုင်းက ကုန်သည်တဦးကို ကိုသားညွှန့်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါ။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG