သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးအကူ လေကြောင်းမှ ပေးပို့မှု ရပ်တော့မည်


မြန်မာနိုင်ငံကို ပေးပို့နေတဲ့ အရေးပေါ် လေဘေးကယ်ဆယ်ရေး အကူအညီတွေကို ရဟတ်ယာဉ်တွေနဲ့ လေကြောင်းက ပေးပို့နေတာတွေကို ရှေ့လအတွင်းမှာ ရပ်ဆိုင်းတော့မယ်လို့ ကုလသမဂ္ဂအရာရှိတွေက ပြောဆိုနေတဲ့အတွက် လေဘေး အကူအညီတွေ ပို့ဆောင်ရေး မထိရောက်မှာကို ကယ်ဆယ်ရေးလုပ်သားတွေ စိုးရိမ်နေကြပါတယ်။ ဘန်ကောက်မြို့ ဒုံမောင်း လေဆိပ်ကို ထောက်ပို့စခန်းအဖြစ် သုံးပြီး လေကြောင်းကနေ အကူအညီတွေ ပို့ပေးနေတာတွေကိုလည်း ကုလသမဂ္ဂက ရပ်ဆိုင်းမယ်လို့ ပြောပါတယ်။ အပြည့်စုံကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

အခုလို ရဟတ်ယာဉ်တွေနဲ့ အရေးပေါ် အကူအညီတွေ ပေးပို့နေတာတွေကို ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လု့ိ ဒါဟာ နိုင်ငံတကာ အကူအညီတွေ မရလို့ လေဘေးအကူအညီ အရေးပေါ် ထောက်ပံ့မှု ရပ်ဆိုင်းတော့မယ့် လက္ခဏာ လားလို့ မေးကြည့်တော့ ဘန်ကောက်မှာရှိတဲ့ ကုလသမဂ္ဂရဲ့ ဘေးဒုက္ခ ကယ်ဆယ်ရေးဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ ရစ်ချတ်ဟိုဆေး (Richard Horse) က အခုလိုပြောပါတယ်။

"အကူအညီ လိုအပ်နေတယ်ဆိုပြီး ထပ်ပြီးတောင်းခဲ့တာကို ကြည့်ရင် အရေးပေါ်အကူအညီတွေကို လပေါင်းများစွာ ဆက်ပြီး ပေးမယ်ဆိုတာ ရှင်းပါတယ်။ ကျနော်တို့အနေနဲ့ အရေးပေါ် အကူအညီ အမြောက်အများကို ဆက်ပြီး ပေးနေအုံးမှာပါ။ တကယ်လိုအပ်နေတဲ့ လူတွေလက်ထဲကို ရောက်အောင်ပေးရမယ့် အကူအညီတွေ အများကြီး လိုနေပါသေးတယ်လို့ ပြောဆိုသွားတာပါ။ ဒါ့အပြင် ရဟတ်ယာဉ်တွေပေါ်ကနေ ဆန်တွေနဲ့ တခြား အကူအညီ လေးလံတဲ့ပစ္စည်းတွေ ပို့ဆောင်ဖို့ဆိုတာကို သိပ်ကို အကုန်အကျ များပါတယ်။ စောစောပိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆင့်မှာ လိုအပ်ပါတယ်။ အမြန်ဆုံးနဲ့ ထိရောက်အောင် အကူအညီတွေ ပေးရတာမို့ပါ။ ရေရှည်မှာ ပိုပြီး အကုန်အကျနည်းတဲ့ လမ်းကြောင်းကနေ ပေးပို့နိုင်အောင် ပြောင်းလဲစီစဉ်ရတာပါ။ ဒါက အကူအညီတွေကို ရပ်ဆိုင်းပစ်မယ့်သဘော မဟုတ်ပါဘူး။"

လေဘေး အကူအညီတွေကို အကုန်အကျနည်းနည်းနဲ့ ထိရောက်အောင် ပို့ပေးဖို့အတွက် ရဟတ်ယာဉ်တွေအစား သင်္ဘောတွေ ကုန်ကားတွေနဲ့ ပြောင်းလဲပို့ပေးမယ့် နည်းလမ်းကို သုံးမယ်လို့ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဒုံမောင်းလေဆိပ်ကိုသုံးပြီး အကူအညီပေးပို့ တာတွေကိုလည်း သြဂတ်စ်လမှာ ရပ်ဆိုင်း တော့မယ် ဆိုတာနဲ့ပတ်သက်လို့တော့ အခုလို ရှင်းပြပါတယ်။

"ဒုံမောင်းလေဆိပ်က အကူအညီထောက်ပို့ပစ္စည်းတွေ ဘန်ကောက်ကနေ ရန်ကုန်ကို ပို့ပေးနိုင်ဖို့အတွက် ကုန်တင် စီးလုံးငှား လေယာဉ်တွေ ဆင်းသက်တဲ့ ကြားခံလေဆိပ်အဖြစ် အသုံးပြုခဲ့တာပါ။ ကမ္ဘာတဝှမ်းက ပေးပို့တဲ့ အကူအညီတွေ ဒုံမောင်းမှာ လာပြီး ဆင်းနိုင်တယ် ဆိုတဲ့ သဘောပါ။ ပစ္စည်းတွေ အသယ်အချ လုပ်ရတာလည်း လွယ်တယ်။ သိုလှောင်စရာ နေရာလည်း ပိုကြီးတယ်။ ဆက်သွယ်လို့လည်း ကောင်းတဲ့အတွက် သုံးခဲ့တာပါ။ ဒါပေမယ့်လည်း ဒီလို အကူအညီတွေ လေကြောင်းကနေ ပို့ပေးတာက စောစောပိုင်း အရေးပေါ်လိုအပ်တဲ့ လတွေမှာသာ သုံးတာပါ။ အစားအသောက်တွေ လေကြောင်းကနေ ပို့ပေးရတဲ့ စရိတ်စခက သိပ်ကြီးပါတယ်။ နောက်ပိုင်း ပုံမှန်ပို့ပေးတဲ့ အကူအညီတွေကိုတော့ လေကြောင်းကို မသုံးဘဲ အခြား နည်းလမ်းတွေကို အသုံးပြုပါတယ်။"

ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ထဲကပဲ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က မြန်မာနိုင်ငံကို ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံံ့ပေးနိုင်ရေး အရေးပေါ် လိုအပ်နေတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ရဟတ်ယာဉ် တွေနဲ့ ထောက်ပို့ပစ္စည်းတွေ ပေးပို့နေတဲ့ အခြေအနေမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ လောက်လိုအပ်နေတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ရဟတ်ယာဉ်တွေနဲ့ အကူအညီ ပေးပို့နေတာတွေကို ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းအတွင်း လေဘေးကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ဒေသခံတွေကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးမှာကို စိုးရိမ်နေကြပါတယ်။

"ရဟတ်ယာဉ်တွေနဲ့စာရင်တော့ ထိရောက်တာ အကျိုးသက်ရောက်မှု အများကြီး ကွာတာပေါ့။ ရဟတ်ယာဉ်နဲ့ ပို့တာနဲ့ ကားသင်္ဘောနဲ့ ပို့တာနဲ့ ဆိုတာက၊ နောက်ပြီး ကျနော်တို့ ဒီ ဧရာဝတီတိုင်းအတွင်းမှာ တချို့ မြစ်လက်တက်တွေနဲ့ တချို့ အတွင်းပိုင်းက ရွာတွေက ရေလမ်း မပေါက်တာတွေ ရှိသေးတယ်ဗျ။ ရေလမ်းမပေါက်တဲ့ ကားလမ်းမပေါက်တဲ့ နေရာတွေ အဲဒီနေရာတွေကျတော့ ရဟတ်ယဉ်သုံးမှ ရနိုင်တဲ့ အနေအထား ရှိတာပေါ့ဗျာ။ ပို့ဆောင်မှုပိုင်းက ထိရောက်မှုပိုင်းက တော်တော်လေးကွာသွားမှာပေါ့။"

လေဘေးကယ်ဆယ်ရေး အကူအညီတွေကို ကုလသမဂ္ဂက ရဟတ်ယာဉ်တွေ၊ လေကြောင်းက ပေးပို့တာတွေ ရပ်ဆိုင်းတော့မယ် ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းအတွင်း ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သူတယောက်က ပြောဆိုသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG