သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးတင်းကြပ်မှုတွေကြားက အန်အယ်လ်ဒီ အာဇာနည်နေ့ ကျင်းပ



အာဇာနည်နေ့ လုံခြုံရေး အခြေအနေ မြင်ကွင်း၊ ဇူလိုင် ၁၉၊ ၂၀၀၈
(ဓာတ်ပုံ၊ ဗွီအိုအေ မြန်မာပိုင်း)

၁၉ ဇူလိုင်မှာ ကျဆုံးခဲ့ရတဲ့ ကွယ်လွန်သူ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည် ခေါင်းဆောင်တွေ ကွယ်လွန်တဲ့ အထိမ်းအမှတ် အခမ်းးအနား တွေကို ဒီကနေ့ ကျင်းပခဲ့ရာမှာ လုံခြုံရေး အာဏာပိုင်တွေ အကြီးအကျယ် စောင့်ကြပ် ချထားတာတွေ ရှိခဲ့သလို၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တချို့ကို ထိန်းသိမ်း ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံ တွေနဲ့ အတိုက်အခံ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။ အာဇာနည်နေ့ အခမ်းအနားတွေ ဘယ်လိုကျင်းပခဲ့ကြရတယ် ဆိုတာကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျရောက်တဲ့ နေ့မှာပဲ ရန်ကုန်မြို့ က အာဇာနည်ဗိမာန်ရှိရာ နေရာအပါအဝင် နေရာအတော်များများမှာ လုံခြုံရေး တွေ အကြီးအကျယ် ချထားတာပါ။ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ သာမက မြန်မာ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ အရပ်သားအဖွဲ့အစည်း တွေပါပူးပေါင်းပြီး ရန်ကုန်မြို့တဝိုက် လုံခြုံရေးတွေ တိုးမြှင့်ထားတာကို တွေ့ကြရ တယ်လို့ မြို့ခံတွေ အခုလို ပြောပြကြပါတယ်။

"ဒီ ၉ လမ်းဘက်က သွားတဲ့နေရာမှာ သံဆူးကြိုးတွေချပြီးတော့ ပိတ်ဆို့တာတွေ ရှိတော့ ဝင်မယ့်သူတိုင်းကို ပါတဲ့ပစ္စည်းတွေအားလုံး အသေးစိတ် စစ်ဆေးခံပြီးမှ ဝင်ရပါမယ်။ ဝင်သွားပြီးရင် အာဇာနည်ကုန်းကို အလေးပြု ပြီးရင် ဟိုးဘက် ရေတာရှည်ကနေ ပြန်ပတ်ပြီးတော့မှ ပစ္စည်းတွေကို ပြန်လာယူရပါမယ်လို့ ပြောတဲ့အတွက်ကြောင့် တော်ရုံတန်ရုံလူ လမ်းလျှောက်ပြီးတော့ အိမ်ကို နာရီဝက်လောက် လမ်းလျှောက်ပြီးတော့ ပြန်လာရမယ့်လူအနေနဲ့ ဝင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သူတို့စီမံထားတဲ့ လုံခြုံရေးစီမံချက်အရ။ ခွင့်တော့ပြုပါရဲ့။ ဒါပေမဲ့ အခက်အခဲ အတားအဆီးပေါင်းများစွာ လုပ်ထားတဲ့အတွက်ကြောင့် အာဇာနည်နေ့ အထိမ်းအမှတ်ကို အရိုအသေပြုမယ့် လူပုဂ္ဂိုလ်အနေနဲ့ အခက်အခဲ အများကြီးရှိတာကို တွေ့ရပါတယ်။ သူတို့ဂိတ်ဝမှာ တာလပတ်စကာထားတဲ့ ယာယီဂိတ်ဆောင်လေးထဲမှာ စစ်ဆေးခံရပါမယ်။ ဘာပစ္စည်းဖြစ်ဖြစ် ပါသမျှ အကုန်ထားခဲ့ရပါမယ်။ ထားခဲ့ပြီးတော့ အာဇာနည်ကုန်းကို ဝင်ရပါမယ်။ ဒါတောင်မှ ကျနော်တို့ သွားတဲ့အချိန်မှာ ဝင်ခွင့်ပေးသေးတာ မဟုတ်ပါဘူး။ ကျနော်တို့ မေးကြည့်လို့ သိရတာပါ။ လာမေးတဲ့သူအားလုံးကိုလည်း ဘယ်က လာတာလဲ။ ဘာလုပ်ဖို့လဲ။ ဘယ်သွားမှာလဲ စသဖြင့်ပေါ့ဗျာ။"

"ရွှေဂုံတိုင်ရှေ့ကနေ တော်ဝင်နှင်းဆီဘက်မှာ - တော်ဝင်နှင်းဆီရှေ့မှာဆိုရင် တော်တော်များများကို ချထားတယ်။ ကားဆိုရင် တော်တော်များတယ်။ စွမ်းအားရှင် ပေါက်စနလေးတွေရော၊ ဘာတွေရော၊ သေးသေးလေးတွေရော ခေါ်လာတာရှိတယ်။ သူတို့ရဲ့ ဒီစွမ်းအားရှင်ကားပေါ်မှာဆိုရင် ဒန်ပေါက်ကို အိုးလိုက်ကြီး တင်ပေးထားတာလေ။"

မြန်မာစစ်အစိုးရဖက်က ဒီနှစ်အခမ်းအနားတွေကို သိပ်ပြီး သိုက်သိုက်ဝန်းဝန်း ကျင်းပဖို့ အစီအစဉ်မရှိပဲ နိုင်ငံခြားသံတမာန်တွေ အခန်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားထားတာတွေကိုလည်း ပြန်လည်ပယ်ဖျက် ခဲ့တယ်ဆိုပြီးတော့လည်း သံတမန်အသိုင်းအဝိုင်းက ပြောတာဆိုတာတွေလည်း ရှိပါတယ်။ ဒီလို အခြေအနေတွေကြားကပဲ မြန်မာနိုင်ငံက အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီး တခုလည်းဖြစ် အာဇာနည် ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း သမီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကတော့ ရန်ကုန်ဌာနချုပ်နဲ့ နယ်မြို့ တချို့မှာပါ အခန်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ လုံခြုံရေးအာဏာပိုင်တွေ မျက်စေ့အောက်က ကျင်းပခဲ့တဲ့ အန်အယ်လ်ဒီရဲ့ အာဇာနည်နေ့ အခန်းအနားနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြတာကတော့ -

"ကျင်းပတာကတော့ ကျနော်တို့ မနက်အာရုံတက်ကတည်းက သံဃာတော်တွေကို ပင့်ဖိတ်ပြီးတော့ ဆွမ်းကျွေး အမျှဝေ လုပ်တယ်။ နောက် ၁၀ နာရီ ၃၇ မိနစ် ကျနော်တို့ အာဇာနည်တွေ ကျဆုံးတဲ့အချိန်မှာ ဥသြဆွဲတယ်။ ပြီးတော့ ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့သီချင်းနဲ့ အလေးပြုတာပေါ့လေနော်။ အဲဒါပြီးတော့ ၁၂ နာရီခွဲကျတော့ ကျနော်တို့ အခမ်းအနားကျင်းပတယ်။ ဘာမှတော့ ဟိုဒင်းမဖြစ်ဘူး။ ဒါပေမဲ့လို့ လုံခြုံရေးပေါ့နော် အရပ်ဝတ်လုံခြုံရေးက မတရားများတာ။ နောက် ကျနော်တို့ အနောက်ရွှေဂုံတိုင်လမ်းကို ရွှေဂုံတိုင်မီးပွိုင့် ကနေစပြီးတော့ ပိတ်ထားတာ။ လူတွေတော့ ဝင်ခွင့်ရှိတာပေါ့လေ။ ကားတွေ ဘာတွေ ဝင်လို့မရဘူး အကုန် ပိတ်ထားတယ်။ အဲလိုအနေအထားမှာ ကျနော်တို့ဘက်ကတော့ ပြီးစီးအောင် လုပ်ခဲ့တာပေါ့။"

အာဇာနည်နေ့ အခန်းအနားကို တခြားနယ်မြို့တချို့မှာလည်း ကျင်းပတဲ့နေရာမှာ အလားတူ လုံခြုံရေး အာဏာပိုင်တွေ ရဲ့ ကန့်သတ်မှုတွေ၊ စောင့်ကြည့်မှုတွေနဲ့ ကြုံရတာတွေ ရှိတယ်လို့လည်း သိရပါတယ်။ ဒီအထဲက အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိမြို့ဖြစ်တဲ့ နတ်မောက်မြို့မှာ ကြုံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ နတ်မောက်မြို့နယ်က အန်အယ်လ်ဒီပါတီ လူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုအောင်မိုးလွင် က အခုလို ပြောပြပါတယ်။

"ကျနော်တို့ဘက်မှာ မရကဥက္ကဋ္ဌကနေပြီးတော့ ခေါ်ထားတယ်လေ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးတူးပေါ့ ဦးတူးကို ခေါ်ပြီးတော့ တားတယ် အာဇာနည်နေ့ မလုပ်ဖို့ပေါ့ ခေါ်တားတဲ့အခါကျတော့ ဒါကတော့ လုပ်ရပါမယ် ဒီဥစ္စာ ကျနော်တို့ရဲ့ အာဇာနည် ဆိုတာ တိုင်းပြည်အတွက် အသက်ပေးထားတာ အသက်ပေးတဲ့ အာဇာနည်တွေဆိုတာ ဒါ မမေ့အပ်တဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့အတွက် ကောင်းမှုကုသိုလ် အလှူဒါန ကျနော်တို့ လုပ်ရမယ်။ လုပ်ဖြစ်အောင် လုပ်မယ်။ အဲဒီအခါကျတော့ သူတို့က သူတို့ဒီလိုပိတ်ပင်တာကို သိရှိကြောင်း လက်မှတ်ထိုးပေးပါဆိုလို့ လက်မှတ်ထိုး ပေးခဲ့တယ်။ လက်မှတ်ထိုးပစ်ခဲ့ပြီးတော့မှ ဒီနေ့ အဲဒီမှာ လုပ်ဖြစ်တာပေါ့ အဖွဲ့ဝင် ၂၀ လောက်နဲ့လေ။ သံဃာကတော့ ၉ ပါးပေါ့။ နတ်မောက်မြို့မှာက ကျောင်း ၉ ကျောင်းရှိတယ်လေ။ ကျောင်း ၉ ကျောင်းက သံဃာတွေ အကုန်ကြွကြပါတယ်။ ဘုရားကြီးကျောင်းတိုက်မှာ လုပ်ဖြစ်တာပါ။ ရဲတွေဘာတွေကတော့ အနားမှာ လာပြီးတော့ စောင့်ကြည့်နေတာတော့ ရှိတယ်လေ။"

ဒီလို အာဇာနည်နေ့ အခမ်းအနားတွေကို အာဏာပိုင်တွေဖက်က ကန့်သတ်မှုတွေ ရှိနေသလို၊ တက်ကြွလှုပ်ရှားသူ တချို့ကို ဖမ်းဆီးထိန်းးသိမ်းတာ တွေလည်း ရှိခဲ့တာပါ။ အာဇာနည်နေ့ မတိုင်မီ အခုတပတ်ထဲကပဲ ရန်ကုန်မြို့မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၄ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့သလို မနေ့ညပိုင်းကလည်း အဖမ်းအဆီး တချို့ရှိခဲ့တယ်လို့ အန်အယ်လ်ဒီက ပြောပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ တွံတေးမြို့က ကျူရှင်ဆရာ ဦးအောင်ဖေ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG