သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားဆွေးနွေးပွဲ အခိုင်အမာရလဒ် ထွက်မလာ


အီရန်နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေး အတွက် ရည်ရွယ်တဲ့ နိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ်များ ညှိုနှိုင်းဆွေးနွေးပွဲ နောက်ဆုံးအကြော့ကို တနေကုန် ငါးနာရီကျော် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အဖြေကတော့ သောင်မတင် ရေမကျ အခြေအနေပဲ ဆိုက်ခဲ့ပြန်ပါတယ်။ အခုအစည်းအဝေးပွဲ အတွင်း အမေရိကန်ဖက်က ကိုယ်စားလှယ် ပထမဆုံးအကြိမ် ပါဝင်လာပေမယ် လို့ ဆွေးနွေး ညှိုနှိုင်းမှုတွေမှာ ဘာမှ တိတိပပ တိုးတက်တဲ့ရလဒ် မရခဲ့ပါဘူး။ ဒီအကြောင်း ကိုသားညွန်ဦးက တင်ပြထားပါတယ်။

ဒီအစည်းအဝေးကနေ ဘာမှ ရလဒ် ထွက်မလာဘူး ဆိုပေမယ့် တနေကုန်ကြာတဲ့ ဆွေးနွေးညှိုနှိုင်းမှုတွေဟာ ယေဘုယျ အားဖြင့် အတော်လေး အပြုသဘော ဆောင်ခဲ့ပါတယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ဟားဗီးယား ဆိုလားနား (Javier Solana) က ပြောခဲ့ပါတယ်။ ဒါပေမယ့်လို့ အနောက်နိုင်ငံတွေဖက်က ကမ်းလှမ်းထားချက် အပေါ်မှာတော့ အီရန်ဖက်ကနေ ရှင်းရှင်းလင်းလင်း အကြောင်းတုံ့ပြန်တာမျိုး မရှိခဲ့ဘူးလို့ ဆိုလားနားက ပြောဆိုခဲ့တယ်လို့ အစည်းအဝေး ကျင်းပရာ ဂျနီဗာမြို့ကနေ ဗီအိုအေ သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) က သတင်းပေးပို့ ခဲ့ပါတယ်။ အနောက်နိုင်ငံတွေဖက်က ကမ်းလှမ်းချက် တွေမှာတော့ အီရန်ဖက်က သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေကို ရပ်နားမယ်ဆိုရင် အပြန်အလှန်အားဖြင့် စီးပွားရေးနဲ့ သံတမန်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းတွေ ပေးသွားဖို့ ပါဝင်ပါတယ်။

"အခုလို အပြန်အလှန် ပြောဆိုဆွေးနွေးပြီး အမြင်သဘောထားတွေ ဖလှယ်ကြတဲ့ ဒီပွဲအပြီးမှာတော့ Dr. Jalili အနေနဲ့ သူ အီရန်နိုင်ငံကို ပြန်သွားရင် သူ့အာဏာပိုင် တာဝန်ရှိသူတွေကို ပြန်ရှင်းပြ - ဒီကနေ ကျနော်တို့အတွက် အဖြေကောင်းတွေ ထွက်လာနိုင်တယ်လို့ ကျနော်ကတော့ အတော်ကြီးကို မျှော်လင့်ထားပါတယ်။ ဒီအစည်းအဝေးဟာ အင်မတန် အရေးကြီးတယ်လို့ ကျနော် လွန်ခဲ့တဲ့ သတင်းပတ်တွေ အတွင်းကတည်းက ပြောခဲ့တာပါ။ ဒီအတွက် မျှော်လင့်ထား ပါတယ်။" - လို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဟားဗီးယား ဆိုလားနားက ပြောသွားပါတယ်။

အခု ညှိုနှိုင်းဆွေးနွေးပွဲကို ပထမဆုံးအကြိမ် အဖြစ်နဲ့ အမေရိကန်ဖက်က တာဝန်ရှိသူတွေလည်း တတ်ရောက်လာတဲ့ အတွက် ဒီအစည်းအဝေးအပေါ် ဒီမတိုင်ခင်က အတော်လေး စိတ်လှုပ်ရှားကြီးစွာနဲ့ မျှော်လင့်ခဲ့ကြရတာပါ။ အခုလို အီရန်နဲ့ ဆွေးနွေးပွဲကို အမေရိကန်ဖက်က တတ်ရောက်လာတာဟာ အမေရိကန် သမ္မတ ဘုရ်ှ အစိုးရရဲ့ မူဝါဒဆိုင်ရာ အဓိက အပြောင်းအလဲတရပ် ဖြစ်တယ်လို့ သုံးသပ်သူတွေက ရှုမြင်ခဲ့ပါတယ်။

အရင်တုန်းကဆိုရင်တော့ အီရန်ဖက်က ယူရေနီယံသန့်စင်မှု လုပ်ငန်းတွေကို ရပ်တန့်မှသာ အမေရိကန်အနေနဲ့ အီရန်နဲ့ မျက်နှာချင်းဆိုင် စကားပြောဆိုနိုင်မယ် ဆိုပြီး ကန့်သတ်ချက်ကို အမေရိကန်က အခိုင်အမာ ကိုင်စွဲခဲ့တာပါ။ ဒါပေမယ့်လည်း အခုတော့ စနေနေ့ကလုပ်တဲ့ အစည်းအဝေးမှာ ပါဝင်ဖို့ အမေရိကန်ဖက်က နိုင်ငံခြားရေး ဝန်ကြီးဌာနက တတိယအဆင့် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဘန်း(စ်) William Burns ကို စေလွှတ်ခဲ့ပါတယ်။

အခု အစည်းအဝေး အတွင်းကနေ ရလဒ် ခိုင်ခိုင်မာမာ ထွက်မလာပေမယ့်လို့ မစ္စတာဘန်း(စ်) အခုလို တတ်ရောက် လာတာကိုက ညှိုနှိုင်းမှုအတွက် အရေးပါမှုတရပ် ဖြစ်တယ်လို့ မစ္စတာ ဆိုလားနားက ပြောပါတယ်။

"အခု အစည်းအဝေးမှာ ပါဝင်လာတာတွေကို ကြည့်မယ်ဆိုရင် ဒီကနေ့လုပ်တဲ့ အစည်းအဝေးရဲ့ အရေးပါမှုကို အီရန်က လူတိုင်း သတိပြုဖို့ အလွန်အရေးကြီးပါတယ်။ အီရန်ကို ကျနော်တို့ ပေးပို့ခဲ့တာ စာရယ်၊ ကမ်းလှမ်းချက်ရယ် ရှေ့ဆက် ဘယ်လိုလုပ်မလဲ ဆိုတာ သုံးခုရှိပါတယ်။ ဒါကို ပါဝင်တဲ့ နိုင်ငံခေါင်းဆောင်အားလုံးက လက်မှတ်ထိုးခဲ့ပါတယ်။ ဒီကနေ့ဆိုရင် နိုင်ငံအားလုံးက လူကိုယ်တိုင်လာပြီး ကိုယ်စားပြု ပါဝင်လာပါပြီ။ ဒီအချက်ဟာ အရမ်းကို အရေးကြီးပြီး လူတိုင်းက သတိပြုရမှာပါ။"

အခု အစည်းအဝေးကိုတော့ ဗြိတိသျှ၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီ၊ ရုရှား နိုင်ငံတွေက ကိုယ်စားလှယ်တွေအပြင် အီးယူ ဥရောပသမဂ္ဂ အီရန်နဲ့ အမေရိကန် အထူး ကိုယ်စားလှယ်တွေလည်း ပါဝင်တတ်ရောက်ခဲ့တာပါ။

ဒီအစည်းအဝေးမှာတော့ အီရန်ဖက်ကနေ အတော်ရှည်တဲ့ စာတစောင်လည်း ပေးပို့လာပါတယ်။ ဒီအထဲမှာတော့ အနောက် နိုင်ငံတွေက ကမ်းလှမ်းချက်အပေါ် တုံ့ပြန်ထားတာတွေတော့ မပါပါဘူး။ ဒါပေမယ့်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး Saeed Jalili ကတော့ ဒီစာထဲမှာတော့ အပြုသဘော ဆောင်တဲ့ စိတ်ကူး စဉ်းစားချက်တွေ အတော်များများ ပါဝင်တယ်လို့ ဆိုပါတယ်။

လာမယ့် ၂ ပတ်အတွင်းမှာတော့ အနောက်နိုင်ငံတွေဖက်က ကမ်းလှမ်း အဆိုပြုချက်တွေကို အီရန်ဖက်က လက်ခံလိုတဲ့ သဘောထားကို မစ္စတာ ဆိုလားနားထံကို ပေးပို့မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါကို ဖုန်းနဲ့ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ အကြောင်းကြားမှာပါလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG