သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်ဖွယ်ရှိ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာကနေ ၆လအတွင်း ပြန်လွှတ် ပေးနိုင်ဖွယ်ရှိတယ်လို့ မြန်မာ စစ်အစိုးရဘက်က ပြောကြားချက်ကို အာစီယံ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ ကမကထ လုပ်တဲ့ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။ အာစီယံ ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ သက်တမ်း နောက်ထပ် တနှစ်တိုးဖို့ မေလတုန်းက ဆုံးဖြတ်ချက်ချတဲ့အပေါ် အလွန်အမင်း စိတ်ပျက်မိ တယ်လို့ ပြောဆိုကြတဲ့ နောက်ပိုင်း ပြန်လွှတ်ပေးမယ်လို့ အရိပ်အမြွတ်တွေ ပြောလာကြတာဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အတွက် နိုင်ငံတကာက တောင်းဆိုသံတွေ ညံနေပေမယ့် မြန်မာစစ်အစိုးရဘက်က ဂရုမစိုက်ဘဲနေနေရာကနေ အခု မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ့် အချိန်ကာလ အနီးစပ်ဆုံး ပြောကြားချက် ထွက်လာတာမို့ ဒါကို အပြုသဘောအဆောင်ဆုံး လုပ်ရပ်တခုအဖြစ်နဲ့ သတ်မှတ် ကြပါတယ်။ အာစီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်လာသူတွေကို အိမ်ရှင် စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဂျော့်ရိုးက ညစာ စားပွဲနဲ့ တည်ခင်း ဧည့်ခံတုန်း ဦးဉာဏ်ဝင်းက အခုလို အရိပ်အမြွတ် ပြောကြားခဲ့တာပါ။

၂၇နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်မယ့် ဒေသတွင်း ဆွေးနွေးပွဲ မတိုင်ခင်ကတည်းက ဒီဆွေးနွေးပွဲတွေမှာ အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာကို ကြေညာထားပါတယ်။ ဒီအကြောင်းအရာတွေထဲက ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနှစ်နိုင်ငံ အငြင်းပွားနေတဲ့ ဟိန္နူဘုရားကျောင်း ပြဿနာ၊ မြန်မာနိုင်ငံနဲ့ သဘာ၀ ဘေးအန္တရာယ် ကယ်ဆယ်ကူညီရေး ဆိုင်ရာ ပြဿနာတွေကို ညစာစားပွဲမှာ ဆွေးနွေးကြပါတယ်။

ထိုင်း၊ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားမှာ တည်ထားတဲ့ ရှေးဟောင်း ဟိန္နူ ဘုရားကျောင်းတဝိုက် နှစ်နိုင်ငံက စစ်တပ်တွေ ချထားပြီး နယ်မြေပိုင်ဆိုင်ခွင့် ဆိုင်ရာ အငြင်းပွားနေကြတာတွေနဲ့ မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး လုပ်ဆောင်မှု မရှိတာတွေ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုထိ နေအိမ်အကျယ်ချုပ်ချထားပြီး ပြန်လွှတ်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ ပြဿနာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ အာစီယံ နိုင်ငံတွေ အနေနဲ့ အဖွဲ့ဝင် မြန်မာနိုင်ငံ အပေါ် ပြုပြင်ပြောင်းလဲလာဖို့အတွက် ဖိအားပေး ဆောင်ရွက်မှုတွေ သိပ်ကို နဲနေတယ်လို့ ဝေဖန်ခံနေရပေမယ့် မေလတုန်းက နာဂစ်ဆိုင်ကလုံးဒဏ်ခံရတဲ့နောက် နိုင်ငံတကာ အကူအညီတွေ၊ ကယ်ဆယ်ကူညီသူတွေကို လက်ခံဖို့ မြန်မာစစ်အစိုးရကို ဖြောင်းဖျနိုင်ခဲ့တဲ့အတွက် အချီးကျူးခံခဲ့ရပါတယ်။

အာစီယံ ဆွေးနွေးပွဲ ဆိုင်ရာ ပြောခွင့်ရ အင်ဒရူး တန်ကတော့

“လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးတဲ့နေရာမှာရော၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းကို လုပ်ကိုင်ရာမှာရော နိုင်ငံရေးနဲ့ မရောနှောဘူးလို့ အာစီယံနိုင်ငံခြားရေး ဝန်ကြီးတွေက သူတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောထား ပြီးသားပါ။ ဒါပေမယ့် အာစီယံ မိသားစုဝင်တွေထဲမှာတော့ အချင်းချင်း ဒီကိစ္စတွေကို တကယ်ပဲ ဆွေးနွေးကြမှာဖြစ်တဲ့ အပြင် တချိန်ထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေအတွက် မြန်မာအစိုးရဆီက နောက်ဆုံး အခြေအနေ တွေကိုလည်း သိရှိနေရတာဖြစ်ပါတယ်။”

ညစာ စားပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယားနဲ့ ထိုင်း နှစ်နိုင်ငံကြား အငြင်းပွားနေတဲ့ ပြဿနာတွေကို အိမ်နီးချင်းကောင်းပီသစွာနဲ့ စည်းစည်းလုံးလုံး ဖြေရှင်းဖို့ တိုက်တွန်းခဲ့တဲ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးခဲ့တဲ့အပေါ် စိတ်ပျက်ကြောင်း အခုလို ပြောပါတယ်။

“မြန်မာစစ်အစိုးရကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးတဲ့အပေါ် အတော်လေးကို စိတ်ပျက်မိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် အစိတ်အပိုင်း တခုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အာစီယံခေါင်းဆောင်တွေကနေ ထပ်မံတောင်းဆိုခဲ့ကြပါတယ်။ ”

အာစီယံအဖွဲ့ကြီး အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေ သိပ်မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အခု စိတ်ပျက်မှုတွေ အခါခါ ကြုံလာရတာမို့ တောင်းဆိုလာကြတာပါ။ နိုင်ငံတကာက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာစီယံဘက်က လုံလောက်တဲ့ ဖိအားတွေ မပေးဘူးဆိုပြီး ဝိုင်းဝန်း ပြစ်တင်ကြတာမို့ ခံရတာများလာတာမို့ အခု အာစီယံဘက်နေ စိတ်ပျက်လာတာပါ။ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ နိုင်ငံရေး အမှုဟာ အလွန်ဆုံး ခြောက်နှစ်အထိပဲ ထိန်းသိမ်းနိုင်တယ်လို့ သူတို့ကို ရှင်းပြခဲ့ကြောင်း မစ္စတာရိုးက ရှင်းပြခဲ့ပါတယ်။

“သူတို့ရဲ့ ဥပဒေအောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထဲရေး ထောက်ခံမှုအရ ထိန်းသိမ်းထားနိုင်တဲ့ကာလက ၁နှစ်ပဲ ဖြစ်ပါတယ်။ ဝန်ကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဝန်ကြီးအဖွဲ့က ထောက်ခံလို့ ထိန်းသိမ်းထားနိုင်တဲ့ကာလက ၅နှစ် ဖြစ်ပါတယ်။ ဆိုလိုတာက ၆နှစ်အများဆုံးပါ။ ၆နှစ် သက်တမ်း အကန့်အသတ်ဟာ အခုလာမယ့် ခြောက်လဆို ပြည့်တော့ မယ်လို့ သူက ကျွန်တော်တို့ကို ပြောပါတယ်။”

အခုလို ပြောခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ခြောက်လအကြာမှာ လွှတ်ပေးမယ် မလွှတ်ပေးဘူး အတိအကျ ပြောဆိုဖို့ ငြင်းတယ်လို့ ပြောဆိုပါတယ်။ စစ်အစိုးရထုတ် သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက ခြောက်နှစ်အထိ ဆက်လက် ချုပ်နှောင်ထားခွင့်ရှိတယ်လို့ ပြောခဲ့တာတွေ ရှိပေမယ့် အခု စစ်အစိုးရတာဝန်ရှိသူကိုယ်တိုင် နိုင်ငံတကာ အစည်းအဝေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာနိုင်တယ်လို့ ပြောတာဟာအခု အကြိမ်ဟာ ပထမဆုံး ဖြစ်ပါတယ်။ စစ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ မေလ ၂၇ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ၁နှစ် ထပ်တိုးခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည်စုဟာ အခုဆိုရင် ပြီးခဲ့တဲ့ ၁၈နှစ်တာကာလအတွင်း ၁၂နှစ်ကျော် အထိန်းသိမ်းခံနေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အခုလို သက်တမ်းတိုးတဲ့အပေါ် ရှုံ့ ချလိုက်ပြီး ဒီလို သက်တမ်းတိုးတာဟာ တရားဝင် မဟုတ်တဲ့အပြင် ဆက်လက်ချုပ်နှောင်ခွင့်ဟာ ငါးနှစ်ထက် ပိုလို့ မရဘူးလို့ လက်ရှိဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG