သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လေဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ရလဒ်ကောင်းများရှိနေဟု ကုလအကြီးအကဲ ပြောဆို


မြန်မာနိုင်ငံအတွင်း လေဘေးကယ်ဆယ်ရေး
လုပ်ငန်းတွေ တိုးတက်မှုရှိနေတယ်လို့ မြန်မာ
နိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသား
ချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ
ဂျွန်ဟုမ်းစ် (John Holmes) က ပြောဆိုပါတယ်။
ဒါပေမယ့် ကယ်ဆယ်ရေး အကူအညီတွေ
အတွက် နိုင်ငံခြားငွေ ပေးပို့တဲ့အခါ စစ်အစိုးရရဲ့
FEC နဲ့လဲရပြီး FEC ဈေး ကွာဟချက်ကြောင့်
အလှူငွေတွေ ဆုံးရှုံးရတာ အပါအဝင် တခြား
အခက်အခဲတွေ ရှိနေတယ်ဆိုတာကိုလည်း
သူက ဝန်ခံပြောဆိုပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်
ကအပြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏ
ဘူမိလေဆိပ်မှာ မနေ့ညက သတင်းစာရှင်းလင်း
ပွဲ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို
ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မစ္စတာ ဂျွန်ဟုမ်းစ်က
မကြာသေးခင်က အာဆီယံ၊ ကုလသမဂ္ဂနဲ့ စစ်အစိုးရတို့ ပူးပေါင်းထုတ်ပြန်ခဲ့တဲ့
လေဘေးနဲ့ပတ်သက်တဲ့ အကဲဖြတ်စမ်းစစ်ချက် အစီရင်ခံစာကို ကြိုဆိုထောက်ခံပြော
သွားပြီး နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ လိုအပ်တဲ့ငွေကြေးပမာဏကို ဆက်ပြီး
ပေးလှူမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်းမှာ
ကျေနပ်အားရစရာ တိုးတက်မှုတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

"အားလုံးကိုကြည့်မယ်ဆိုရင်တော့ ကျနော့်ခရီးစဉ်ကို ကျေနပ်အားရ ဖြစ်မိပါတယ်။
တိုးတက်မှုတွေအတွက် ကျနော် ကျေနပ်ပါတယ်။ တခါတရံမှာတော့ စိတ်ချလက်ချ
အရာအားလုံး အဆင်ပြေချောမွေ့နေတယ်ဆိုပြီး ကျေနပ်နိုင်တဲ့ အနေအထားမျိုးတော့
မဟုတ်ပါဘူး။ ရှေ့ဆက်လုပ်တဲ့အချိန်မှာ ပြဿနာ အခက်အခဲတွေ ရှိနိုင်ပါတယ်။
အရေးအကြီးဆုံးကတော့ လက်ရှိအခြေအနေကနေ လုပ်စရာရှိတာတွေကို ဆက်ပြီး
လုပ်ဆောင်နိုင်ဖို့ပါ" လို့ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာအလှူငွေတွေ ပေးပို့တဲ့အခါ စစ်အစိုးရရဲ့ နိုင်ငံခြားငွေလဲ
လက်မှတ် (FEC) နဲ့လဲရတဲ့အတွက် အစိုးရက ဒီအလှူငွေတွေ အပေါ်ကနေ အကျိုး
အမြတ်တွေ ရနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ သတင်း
ထောက်တွေက မေးတဲ့အခါမှာတော့ ဒါက ငွေကြေးလဲလှယ်မှု နည်းလမ်းဆိုင်ရာ
ပြဿနာတခုဖြစ်နေပြီး FEC ဈေးက ဒေါ်လာဈေးထက် နိမ့်ကျနေတဲ့အတွက် အဓိက
ပြဿနာကြုံနေရတာပါလို့ ပြောပါတယ်။ ဒီအခက်အခဲကို ကုလသမဂ္ဂအနေနဲ့ သိတဲ့
အကြောင်းနဲ့ စစ်အစိုးရခေါင်းဆောင်တွေကိုလည်း ဒီဟာနဲ့ပတ်သက်လို့ ဖြေရှင်းပေးဖို့
ဆွေးနွေးခဲ့တာတွေရှိပြီး မြန်မာစစ်အစိုးရဘက်က အမြန်ဆုံးပြေလည်အောင် အဖြေ
ရှာပေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုပါတယ်။

မြန်မာအာဏာပိုင်တွေက လေဘေးကယ်ဆယ်ရေး စခန်းတွေကို ပိတ်ပစ်ပြီး ဒုက္ခသည်
တွေကို နေထိုင်ရပ်တည်ဖို့ ခက်ခဲဆဲဖြစ်တဲ့ နေရပ်ရင်းတွေကို အတင်းအကျပ် ပြန်ပို့
နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ …

"ဒီကိစ္စတွေကို အစိုးရအဆင့်ဆင့်နဲ့ ကျနော်တို့ တွေ့ဆုံတဲ့အခါတိုင်း ဒီလိုပြန်ပို့တာတွေနဲ့
ပတ်သက်လို့ စိုးရိမ်မိတဲ့အကြောင်း ကျနော်ပြောခဲ့ပါတယ်။ လေဘေးဒုက္ခသည်တွေကို
ပြန်ပို့တာတွေက သူတို့သဘောနဲ့သူတို့ ပြန်တာမျိုးပဲ ဖြစ်သင့်တယ်ဆိုတာမျိုး ကျနော်
တို့ဘက်က ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ မြန်မာစစ်အစိုးရကလည်း ကယ်ဆယ်
ရေးစခန်းတွေကို အကြာကြီးဖွင့်မထားချင်ဘူးဆိုတာ မှန်ရင်တောင် လေဘေးဒုက္ခသည်
တွေ နေရပ်ပြန်တာတွေက သူတို့သဘောနဲ့သူတို့ ပြန်တယ်ဆိုတာ သေချာပါတယ်" လို့
ပြောပါတယ်။

ကုလသမဂ္ဂက လေကြောင်းကနေ အကူအညီပေးနေတာတွေ ရပ်တန့်တော့မယ်ဆိုတာ
နဲ့ ပတ်သက်လု့ိတော့ ဘန်ကောက် ဒွန်မောင်းလေဆိပ်က တဆင့်ခံ အကူအညီတွေ
ပေးပို့နေတာကို လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ ရပ်ဆိုင်းတော့မှာဖြစ်ပြီး ဒါက အကူ
အညီတွေ လေကြောင်းကပေးပို့နေတာတွေကို နောင်မပို့တော့ဘူးလို့ ဆိုလိုတာမဟုတ်
တဲ့အကြောင်း၊ ဒါပေမယ့် တခြားနည်းလမ်းတွေနဲ့ အကုန်အကျနည်းနည်းနဲ့ ထိရောက်
အောင် ပေးပို့နိုင်မယ့်နည်းလမ်းကိုတော့ ရှာဖွေနေတယ်လို့ ပြောပါတယ်။

လေဘေးအကူအညီပစ္စည်းတွေကို အာဏာပိုင်တွေဘက်က လမ်းကြောင်းလွှဲပစ်တာမျိုး၊
တကယ်လိုအပ်နေတဲ့ လူတွေလက်ထဲကို တကယ့်အကူအညီတွေ မပေးတာမျိုးတွေ
ရှိနေတယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါမှာ
တော့ …

"ကျနော်တို့တော့ ဒီကိစ္စကို မကြားမိပါဘူး။ ဘာလို့လဲဆိုတော့ အကူအညီတွေက အစိုးရ
ဆီကိုပေးတာ မဟုတ်ပါဘူး။ လေဘေးအကူအညီတွေကို အေဂျင်စီတွေ၊ အစိုးရ
လက်အောက်ခံမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ ကြက်ခြေနီအဖွဲ့တွေကတဆင့် ပေးခဲ့တာပါ။
တကယ်အကူအညီ လိုအပ်နေတဲ့လူတွေလက်ထဲကို ဒီအဖွဲ့အစည်းတွေကတဆင့်
ပေးတာပါ။ ဒီလိုပြောလို့ ရာနှုန်းပြည့် လေဘေးအကူအညီတွေ တလွဲကိုပို့ပစ်တာမျိုး
မရှိပါဘူးလို့ ကျနော် အာမခံတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ စောင့်ကြည့်
လေ့လာသလောက်တော့ ဒီလိုအကူအညီတွေကို တခြားကို လမ်းကြောင်းလွှဲပြီးပို့တဲ့
သက်သေအထောက်အထား မရှိပါဘူး" လို့ ပြောသွားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မစ္စတာ ဂျွန်ဟုမ်းစ်က
အကူအညီလိုအပ်နေသူတွေ အများအပြားရှိနေပြီး လေဘေးဒုက္ခသည်တိုင်းရဲ့ လက်ထဲ
ကို အကူအညီတွေ မပေးနိုင်ခဲ့တာ၊ အကူအညီတွေ လိုအပ်နေတယ်ဆိုတာတွေကို သူက
ဝန်ခံပြောဆိုပါတယ်။ ဒီလို အကူအညီတွေ လိုအပ်နေဆဲပဲ ဆိုပေမယ့်လည်း ကယ်ဆယ်
ရေးလုပ်ငန်းတွေ မအောင်မမြင်ဖြစ်ခဲ့ရတယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ သူ့အနေနဲ့
အငြင်းပွားစရာတွေ ရှိနေပြီး သူ့ရဲ့ခရီးစဉ်အတွင်းမှာတော့ လေဘေးကယ်ဆယ်ရေးက
တိုးတက်မှုတစုံတရာ ရှိနေတာကို တွေ့ရတယ်လို့ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG