သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားရွေးကောက်ပွဲ အခြေအနေ ယခင်ထက် ပိုမို ငြိမ်းချမ်းဘွယ်ရှိ


ကမ္ဘောဒီးယားနိုင်ငံမှာ မကြာခင် ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေကို အနီးကပ် စောင့်ကြည့် လေ့လာနေသူတွေက အရင် ကျင်းပခဲ့ဖူးတဲ့ ရွေးကောက်ပွဲတွေနဲ့စာရင် အခုတကြိမ် အကြိုရွေးကောက်ပွဲတွေဟာ ပိုပြီးငြိမ်းချမ်းတဲ့ အသွင် ဆောင်တယ်လို့ ဆိုနေကြပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့၊ အတိုက်အခံ နိုင်ငံရေး ပါတီတွေကတော့ အစိုးရဟာ ခြိမ်းခြောက်မှုတွေ၊ မသမာမှုတွေနဲ့ အနိုင်ရအောင် ကြိုးပမ်းမှုတွေ လုပ်နေတယ်လို့ စွပ်စွဲနေပါတယ်။ တချိန်တည်းမှာ အစိုးရကတော့ ဒါကို ငြင်းဆိုနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Rory Byrne ဖနွမ်းပင်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ကုလသမဂ္ဂကနေ ၁၉၉၁ ခုနှစ်ကစလို့ ဒီမိုကရေစီ အစပျိုးဖို့ ကြိုးပမ်းခဲ့စဉ်ကစလို့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အခု ရွေးကောက်ပွဲတွေဟာ စတုတ္ထအကြိမ် မြောက်ပါ။ နိုင်ငံရေးပါတီပေါင်း ၁၀ ပါတီက ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထား ပေမယ့်လည်း လက်ရှိအာဏာရ ဝန်ကြီးချုပ် ဟွန်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) က အလွယ်တကူ အနိုင်ရသွားလိမ့်မယ်လို့ အကဲခတ် အများစုက ခန့်မှန်းထားကြတာပါ။ အရင်တုန်းက ကမ္ဘောဒီးယားနိုင်ငံမှာ အစိုးရဖွဲ့ဖို့အတွက် လွှတ်တော်ထဲမှာ ၃ ပုံ ၂ ပုံ နေရာရဖို့ လိုပေမယ့် မကြာသေးခင်တုန်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ အပြောင်းအလဲ တွေ လုပ်ခဲ့တာကြောင့် အခုဆိုရင် တဝက်ကျော် ရရင်ပဲ အစိုးရဖွဲ့နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း လက်ရှိ ဟွန်ဆန် အစိုးရအနေနဲ့ ပထမဆုံး အကြိမ်အဖြစ်နဲ့ တခြားပါတီငယ်တွေရဲ့ အကူအညီမပါပဲ အစိုးရ ဖွဲ့နိုင်တော့မယ့် အနေအထားဖြစ်ပါတယ်။

အရင်ရွေးကောက်ပွဲတွေတုန်းကနဲ့စာရင် ပိုပြီးငြိမ်းချမ်းတဲ့ အသွင် ဆောင်နေတယ် ဆိုပေမဲ့လည်း နိုင်ငံရေးအရ သတ်ဖြတ်မှုတွေနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တဲ့ မဲဝယ်တာတွေ၊ နှောက်ယှက်ဟန့်တားမှုတွေကလည်း ရှိနေတာပါ။ ကမ္ဘောဒီးယားနိုင်ငံက လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ လီခါဒို (Lichadho) ရဲ့ အကြီးအကဲဖြစ်တဲ့ ခက်ခ် ကလာဘရူး (Kek Galabru) ကတော့ မဲပေးမယ့် သူတွေကို အာဏာရပါတီက တက်ကြွလှုပ်ရှားသူတွေဖက်က ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

"နေရာတိုင်းလိုလိုမှာကို အနှောက်အယှက်တွေ ရှိနေတာကို ကျမတို့ ဆက်တွေ့နေရတုန်းပါ။ သူတို့ ပြောသလိုပါပဲ၊ ရှင်တို့ မှတ်ပုံတင်တွေ လိုတယ်လို့ ပြောတယ် ဘာအတွက်လည်းဆိုတာလည်း မသိရဘူး၊ ဆိုတော့ လူတွေက ကြောက်ကြတာပေါ့။ ဘာကြောင့် ငါ့မှတ်ပုံတင်ကို တောင်းရတာလဲ၊ တခါတလေကြတော့လည်း ပြောကြတယ်၊ သူတို့နဲ့ ပေါင်းရင် အခွင့်အလမ်းကောင်းတွေ ရမယ်ဆိုတာမျိုးတွေ၊ မပေါင်းဘူးဆိုရင်တော့ သတိသာထားပေတော့၊ မြေသိမ်းတဲ့ ကိစ္စမျိုးလို စသဖြင့်ပေါ့လေ။"

အတိုက်အခံ ဆမ် ရိန်ဆီ (Sam Rainsy) ရဲ့ပါတီ ပြောခွင့်ရပုဂ္ဂိုလ် လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဆွန်ချေ (Son Chhay) ကတော့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ရွေးကောက်ပွဲမှာ မသမာမှုတွေနဲ့ အနိုင်ရဖို့ ကြိုးပမ်းနေတယ်လို့ ဆိုလိုက်ပါတယ်။

"မဲဝယ်တာတွေ၊ နှောက်ယှက်တာတွေ၊ မသမာမှုတွေ မရှိပဲနဲ့ လွတ်လွတ်လပ်လပ် မျှမျှတတသာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် CPP ပါတီ အနေနဲ့ မဲအရည်အတွက်ရဲ့ ၃၀ % တောင် ရပါ့မလားဆိုတာ ကျနော်တော့ သံသယ ဖြစ်မိပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီမှာ ပြဿနာ အကြီးအကျယ် ဖြစ်နေရတာပါ။ ကျနော်တို့ အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ခင်ဗျားတို့ ဇင်ဘာဘွေနဲ့ ကမ္ဘောဒီးယားကို ယှဉ်ကြည့်လို့ ရပါတယ်။ အဲဒီထက် ဆိုးမယ်မဆိုးဘူး ဆိုတာကို။"

အစိုးရကတော့ ရွေးကောက်ပွဲ အကြိုကာလအတွင်း နိုင်ငံရေးအရ သတ်ဖြတ်မှုတွေ လျှော့ကျလာတာကို ထောက်ပြရင်း
ရွေးကောက်ပွဲဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်ဆိုတာကို ငြင်းပယ်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အာဏာရ (CPP) ပါတီ မဲဆွယ်လှုပ်ရှားမှု လက်ထောက်တာဝန်ခံ ခေ ဘွန် ခီရန် (Ke Bun Khieng) က ပြောတာကတော့ -

"လွှတ်တော်ရဲ့ စတုတ္ထအကြိမ် သက်တမ်းအတွက် ပါတီကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့ လှုံ့ဆော်မှုတွေဟာ ချောချော မောမောနဲ့ အဆုံးသတ်ခဲ့တယ်လို့ သူယူဆပါတယ်။ နိုင်ငံရေးအရ သုတ်သင်သတ်ဖြတ်မှုတွေဟာလည်း အတော့်ကို နည်းသွားပြီးတော့၊ နောက်ဆုံးအကြိမ် ရွေးကောက်ပွဲတွေ လုပ်ခဲ့တုန်းက အခြေအနေနဲ့စာရင် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာမှုတွေဟာလည်း အကြီးအကျယ်ကို တိုးတက်မှုတွေ ရှိခဲ့ပါတယ်။" - ဆိုပြီးတော့ သူက ပြောသွားတာပါ။

ဒီတကြိမ် ရွေးကောက်ပွဲအခြေအနေတွေဟာ တိုးတက်မှုတွေ ရှိတယ်ဆိုပြီး နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေက ပြောဆိုနေတာတွေ ရှိနေတဲ့ တပြိုင်နက်တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံမှာ အစိုးရက ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေကို လက်ဝါးကြီး အုပ်ထားတဲ့ ကိစ္စမျိုးလို့ အရေးကြီးတဲ့ ပြဿနာတွေကတော့ ရှိနေတုန်း ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ရွေးကောက်ပွဲ အကြိုကာလ အခြေအနေတွေနဲ့ ပတ်သက်လို့ မကြာသေးခင်ကပဲ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တဲ့ National Democratic Institute က ပြောရေးဆိုခွင့်ရှိသူ တွမ် အင်ဒရူး (Tom Andrews) ပြောတာကတော့ -

"ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ တိုးတက်မှုတချို့ ရှိခဲ့ပါတယ်။ ဒါကိုလည်း ခင်ဗျားတို့ အသိအမှတ် ပြုရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက ကျနော် ဒီမှာ ရှိနေပါတယ်၊ ၁၉၉၈ ခုနှစ် ရွေးကောက်ပွဲတွေ တုန်းကလည်း ရှိပါတယ်။ တိုးတက်မှုတွေ သိသိသာရှိနေပါတယ်။ ဒါပေမယ့်လို့ ကမ္ဘောဒီးယားနိုင်ငံက ရွေးကောက်ပွဲတွေမှာ မဲပေးမယ့် သူတွေ အနေနဲ့ ဖက်ပေါင်းစုံက အသံတွေကို ကြားရသလားဆိုရင်တော့၊ မကြားရပါဘူး။ အာဏာရပါတီက သူ့အနေအထားကို ချဲ့ထွင်ဖို့ လက်ရှိအစိုးရကို အသုံးချနေသလားဆိုရင်တော့ ဟုတ်ပါတယ်။"

မဲပေးကြဖို့ တရက်သာ ကျန်တော့တဲ့အချိန်မှာတော့၊ မဲဆွယ်ပွဲလှုပ်ရှားမှုတွေလည်း အဆုံးသတ်ခဲ့ပါပြီ။ တနင်္ဂနွေနေ့ အစောပိုင်းမှာ စတင်တော့မယ့် ရွေးကောက်ပွဲတွေမတိုင်မီ ၂၄ နာရီ အရက်သေစာ သောက်စားမှုတားမြစ်တဲ့ ဥပဒေ တခုကိုလည်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ သိရဖို့ အတွက်ကတော့ ရက်အတော်ကြာတဲ့အထိ စောင့်ဆိုင်းရလိမ့်ဦးမယ်လို့လည်း မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG