သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘုရှ် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေးလှုပ်ရှားသူများနှင့် တွေ့နိုင်ဖွယ်ရှိ


လာမယ့် ဇန်နဝါရီလကျရင် သမ္မတ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့ အမေရိကန်
သမ္မတ ဂျော့ဒဗလျူဘုရှ် သူ့ရဲ့ နောက်ဆုံးအကြိမ် သမ္မတ ခရီးစဉ်အဖြစ်နဲ့ အာရှနိုင်ငံ
တွေကို သွားရောက်ဖို့ရှိပါတယ်။ ထိုင်းနိုင်ငံကို အရင်ဆုံး သွားရောက်မှာဖြစ်ပါတယ်။
သူ့ရဲ့ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားသူတချို့နဲ့
တွေ့ဆုံကောင်း တွေ့ဆုံနိုင်တယ်လို့ ဘန်ကောက်ကလာတဲ့ သတင်းတချို့ကို ကိုးကားပြီး
၂၈ ရက်နေ့ထုတ် မဇ္ဈိမသတင်းမှာ ဖော်ပြပါတယ်။

သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ သွားရောက်မယ့် အမေရိကန်သမ္မတရဲ့ ထိုင်း
နိုင်ငံခရီးစဉ်အတွင်း သမ္မတကတော် လော်ရာဘုရှ်လည်း သူနဲ့အတူ လိုက်ပါမှာဖြစ်ပါ
တယ်။ သမ္မတနဲ့ သမ္မတကတော် နှစ်ဦးစလုံးတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့
တက်တက်ကြွကြွ ပြောဆို ဆွေးနွေးလေ့ရှိကြသူတွေပါ။ အခုလည်း သူတို့ရဲ့ ထိုင်းနိုင်ငံ
ခရီးစဉ်အတွင်း မြန်မာ့အရေး လှုပ်ရှားသူတချို့နဲ့ တွေ့ကောင်းတွေ့နိုင်တယ် ဆိုတဲ့
သတင်းတွေ ထွက်ပေါ်နေတာပါ။ သမ္မတ အိမ်ဖြူတော်ကတော့ သမ္မတရဲ့ ခရီးစဉ်
အသေးစိတ် အပြီးသတ် မဆွဲရသေးတာကြောင့် ဒါနဲ့ပတ်သက်လို့ အတည်မပြုနိုင်
သေးတဲ့အကြောင်း ဗွီအိုအေကိုပြောပါတယ်။

သမ္မတဘုရှ်အနေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ တွေ့မယ့်မတွေ့ဘူးဆိုတာ မသေ
ချာပေမယ့် သမ္မတဘုရှ်အနေနဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကိုရောက်တုန်း မြန်မာ
နိုင်ငံနဲ့ပတ်သက်လို့ တိုက်တွန်းပြောကြားတာမျိုးတွေတော့ လုပ်နိုင်တယ်လို့ အမေ
ရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ US
Campaign for Burma အဖွဲ့ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလို
သုံးသပ်ပါတယ်။

“သမ္မတဘုရှ်က ထိုင်းမှာ နှစ်ရက်ထဲခင်ဗျ။ ဆိုတော့ ဒီနှစ်ရက်အတွင်းမှာ သူ့ အနေနဲ့
ထိုင်းဘုရင်မင်းမြတ်နဲ့ တွေ့ဆုံဖို့ရှိတယ်၊ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံမယ်၊ တခြားအစည်း
အဝေးတွေ တက်မယ်ပေါ့နော်။ သူ့ရဲ့ Schedule (ခရီးအစီအစဉ်) က ကျနော်တို့ သိ
သလောက်ဆိုရင် တော်တော်ကြီးကို ကျပ်ပါတယ်။

“အဲဒီတော့ သမ္မတအနေနဲ့ ဘန်ကောက်မှာရှိတဲ့ မြန်မာအတိုက်အခံတွေကို တွေ့ ဆုံဖို့
ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ ကျနော် မသေချာပါဘူး။ ကြိုးစားမယ်လို့တော့ ထင်ပါတယ်။
အနည်းဆုံး သူ့ရဲ့ကိုယ်စားလှယ်တွေကို စေလွှတ်ပြီးတော့ တွေ့ခိုင်း တာလည်း ဖြစ်
ကောင်းဖြစ်နိုင်ပါတယ်။

“အလားတူပဲ ကျနော်တို့သိသလောက် First Lady အနေနဲ့လည်း မဲဆောက်ကို သွားပြီး
တော့ လေ့လာနိုင်တယ်၊ ဒေါက်တာစင်သီယာမောင်ရဲ့ ဆေးခန်းတို့၊ နောက်တခါ တခြား
နေရာတွေပေါ့နော်၊ ဒုက္ခသည်စခန်းတို့ သွားကြည့်ချင်တဲ့ ဆန္ဒလည်းရှိတယ်။

“သို့သော်လည်း တကယ့်တကယ်မှာကျတော့ အချိန်က အရမ်းကို တိုတောင်းတဲ့ အခါ
ကျတော့ သူ တကယ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖို့ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင်ဆို
တာ ခုထိ ကျနော်တို့ မသေချာသေးပါဘူး။

“သို့သော်လည်း သမ္မတဘုရှ်အနေနဲ့ ထိုင်းကို ရောက်တဲ့အချိန်မှာ သေချာတာက တော့
သူ့ရဲ့ မိန့်ခွန်းတွေအားလုံးမှာ မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှု အကြောင်းကို
တကယ့်ကို အလေးအနက်ထားပြီး ပြောဆိုသွားမယ်၊ မြန်မာ့ အရေးကိစ္စနဲ့ပတ်သက်ပြီး
တော့ အာဆီယံနိုင်ငံများက ဒီ့ထက်မက ပိုပြီးတော့ ဖိအားပေးမှုတွေလုပ်အောင် တိုက်
တွန်းသွားမယ်၊ နောက် မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး
အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်း
အားထုတ်မှုတွေကို ထပ်ခါထပ်ခါ သူ ထပ်လောင်းပြောကြားသွားမယ်။ ဒါတွေတော့
သေချာပါတယ်။

“နောက် တချိန်ထဲမှာပဲ ထိုင်းအစိုးရကိုလည်း ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာ
အတိုက်အခံများရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ သူ့ရဲ့ စိတ်ပူပန်မှုတွေကိုလည်း သူ
ဖော်ထုတ်ပြောကြားလိမ့်မယ်လို့ ကျနော်တို့ယူဆပါတယ်။”

ဟုတ်ကဲ့၊ သမ္မတဘုရှ်က နောက် ခြောက်လလောက်ကျရင် သမ္မတသက်တမ်း ကုန်ဆုံး
တော့မှာဆိုတော့ နောက်တက်လာမယ့် သမ္မတ အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လာ
ရင် တက်တက်ကြွကြွ ဆောင်ရွက်လိမ့်မယ်လို့ ထင်ပါသလားရှင့်။ ဒီ မြန်မာနိုင်ငံအပေါ်
ထားတဲ့ အမေရိကန်ရဲ့ မူဝါဒတွေ ထူးထူးခြားခြား ပြောင်းသွားနိုင်တဲ့ အနေအထားမျိုး
ရော ရှိနိုင်ပါသလား။

“ကျနော်တို့ နားလည်သလောက် အခု ဒီ သမ္မတလောင်းနှစ်ယောက် ရှိတယ်ပေါ့ဗျာ။
ဒီမိုကရက်ပါတီက ဘရက် အိုဘားမားနဲ့ ရီပတ်ဘလီကန်ပါတီက ဆီနေတာ မက်ကိန်း
နှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံးက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရှိရင် အင်မတန်
မှတက်ကြွကြတဲ့ လူပုဂ္ဂိုလ်တွေပါ။

“အထက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ကျနော်တို့
အများကြီး ကြိုးစားခဲ့ကြတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရ စီးပွားရေး ပိတ်ဆို့အရေး
ယူမှုတို့၊ အခုနောက်ဆုံးလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာပစ္စည်းတွေ တင်သွင်းတာ ပိတ်
ပင်ဖို့တို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်ကနေပြီးတော့ ဂုဏ်ထူးဆောင် ရွှေ
တံဆိပ်ပေးဖို့တို့ စသည်ဖြင့်ပေါ့ဗျာ၊ ကွန်ဂရက်ကနေပြီးတော့ မြန်မာ့အရေးနဲ့ပတ်သက်
တဲ့ ဆုံးဖြတ်ချက်တွေကျဖို့ ကြိုးစားတဲ့နေရာမှာ နှစ်ယောက်စလုံးက ရှေ့တန်းကနေ
တက်တက်ကြွကြွ ဦးဆောင်ပါဝင် ထောက်ခံ ခဲ့ကြတာပါ။

“နောက် ခုချိန်မှာလည်း သူတို့ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်
ကျသက်တမ်း နအဖကတိုးတာကို ဆီနေတာမက်ကိန်းအနေနဲ့ရော၊ ဆီနေတာ
အိုဘားမားအနေနဲ့ရော ပြင်းထန်တဲ့ကြေညာချက်တရပ်စီ ထုတ်ပြန်ပြီး တော့ နအဖစစ်
အစိုးရကို ပြစ်တင် ရှုတ်ချခဲ့ကြတာပါ။

“နောက် ဆီနေတာမက်ကိန်းရဲ့အဖွဲ့ထဲမှာရော၊ ဆီနေတာအိုဘားမားရဲ့ အဖွဲ့ထဲမှာရော
မြန်မာ့အရေးကိစ္စ အင်မတန်မှ ထောက်ခံအားပေးတဲ့ပုဂ္ဂိုလ်တွေက ဝင်ရောက်ပြီး
လှုပ်ရှားနေကြတာပါ။

“ဆိုတော့ သမ္မတဘုရှ်အနားယူသွားပြီး သမ္မတသစ်တက်လာတဲ့အချိန်မှာ မြန်မာပြည်ရဲ့
ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ်မှာ သဘောထား ထူးထူးခြားခြား ပြောင်းလဲလိမ့်မယ်လို့
ကျနော်မထင်ပါဘူး။”

US Campaign for Burma အဖွဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင် ပြောပြခဲ့
တာပါ။

ထိုင်းနဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး နှစ်ပေါင်း ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်
ဂုဏ်ပြုဖို့အတွက် အဓိက ရည်ရွယ်ချက်နဲ့ သမ္မတ ဘုရှ် အခုလို ထိုင်းနိုင်ငံကို လာ
ရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့
ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ရှိသလို အမေရိကန်နိုင်ငံရဲ့ အာရှ
ဒေသဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့မိန့်ခွန်းတရပ် ပြောကြားဖို့ရှိတယ်
လို့ ဝါရှင်တန်ဒီစီ ထိုင်းသံရုံးရဲ့ နိုင်ငံရေးရာ တာဝန်ခံ တန်နီ ဆန်ဂရက် (Tanee
Sangrat) က ပြောပါတယ်။ သမ္မတဘုရှ်ရဲ့ ခရီးစဉ်ကနေ နှစ်နိုင်ငံအကြား ရင်းနှီးချစ်
ကြည်မှုတွေ ပိုပြီး တည်ဆောက်မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

သြဂုတ်လ ၇ ရက်နေ့မှာ သမ္မတ ဘုရှ် ထိုင်းနိုင်ငံကနေ ထွက်ခွာမှာဖြစ်သလို သြဂုတ်လ
၈ ရက်နေ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ နွေရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲ
အခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံကိုလည်း
သွားရောက်ဦးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG