သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရေးယူမှုစာရင်းမှာ စစ်အစိုးရနှင့်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတချို့ ထပ်မံထည့်သွင်း


ဒီမိုကရေစီကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေ လုပ်နေတဲ့ မြန်မာစစ်အစိုးရကို အထောက်အပံ့ဖြစ်စေတဲ့ လုပ်ငန်းတွေကို နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက ကြေငြာလိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရပိုင် လုပ်ငန်းတွေကို နောက်ထပ်တိုးမြှင့် အရေးယူတာတွေ လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီတော့ အခုအရေးယူ ဆောင်ရွက်မှုတွေက မြန်မာစစ်အစိုးရနဲ့ မြန်မာ့စီးပွားရေးမှာ ဘယ်လိုများ သက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ဘောဂဗေဒ ပညာရှင် ဦးမော်သန်း ကို ဦးအောင်လွင်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာစစ်အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပျက်ကွက်နေတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက တိုးမြှင့် လုပ်ဆောင်လာတဲ့ နေရာမှာ မနေ့ကဆိုရင်လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရပိုင် လုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူမယ့် အမည်စာရင်းထဲမှာ နောက်ထပ် ထည့်သွင်းလိုက်တာပါ။ အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ရဲ့ လက်အောက်ခံ ကျောက်မျက်၊ ဘဏ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အဓိက ပစ်မှတ်ထား အရေးယူခဲ့တာပါ။ ဒီအထဲမှာ၊ Myanmar Ruby Enterprise, Myanmar Imperial Jade Company Ltd., Myawaddy Trading Ltd., နဲ့ Myawaddy Bank Ltd., စတဲ့ လုပ်ငန်း ၄ ခု တို့အပြင် သတ္တုတွင်းလုပ်ငန်း အမှတ် - ၁၊ ၂၊ ၃၊ နောက် သမဝါယမ သွင်းကုန်ထုတ်ကုန် လုပ်ငန်းတို့ကိုလည်း အရေးယူ ပိတ်ဆို့မယ့် စာရင်းထဲ ထည့်သွင်းခဲ့တာပါ။ ဒါဟာဆိုရင် မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေလုပ်နေတဲ့ အစိုးရအတွက် ဝင်ငွေရပေါက်ရလမ်းတွေကို ပိတ်ဆို့ဖို့ ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာပါ။ ဒီရည်ရွယ်ချက်ပစ်မှတ်တွေ ဘယ်လောက်အတိုင်းအတာ အထိ ထိရောက်မှု ရှိနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်း ရဲ့ အမြင်ကို ကျနော် မေးကြည့်ပါတယ်။

"အဲဒါက ရှင်းပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပို့ကုန်နဲ့ ပတ်သက်လို့ အဓိက ဝင်ငွေက ကျောက်စိမ်းတို့၊ ကျောက်မျက်ရတနာတွေတို့ ပေါ့လေ။ အစိုးရက လုပ်နိုင်တဲ့ လုပ်ငန်းတွေပေါ့။ အစိုးရက သူပဲ reserved လုပ်ထားတယ်။ သူပဲ ကိုင်နိုင်ခွင့်ရှိတယ်။ ကျန်တဲ့ ကုမ္မဏီတွေ ကိုင်ခွင့်မရှိဘူး။ အဲဒါတွေ ကိုင်ရင်တော့ အစိုးရ ကော်ပရေးရှင်းတွေ ပိုပြီး ထိခိုက်မှာပေါ့။ တိုင်းပြည်အနေနဲ့လည်း နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး ဒီလုပ်ငန်းတွေ ပေါ်မှာ အမှီပြုရတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုထိခိုက်တာပေါ့။"

ဒါပေမဲ့လည်း ဒီလို ပြည်ပနိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ အကျိုးထက်အပြစ်သာဖြစ်စေတယ်ဆိုပြီး လက်မခံလိုသူတွေရှိကြသလို၊ မြန်မာစစ်အစိုးရ ကိုယ်တိုင်ကလည်း တိုင်းပြည်နဲ့ လူထုကိုသာ ထိခိုက်နစ်နာစေတယ် ဆိုပြီး တုန့်ပြန်တာတွေလည်း ရှိပါတယ်။ စီးပွားရေးပညာရှင် ဦးမော်သန်း ကတော့ အခုလို သုံးသပ်ပါတယ်။

"တိုက်ရိုက်ထိခိုက်မှာကတော့ သက်ဆိုင်ရာ ကော်ပရေးရှင်းတွေ ပေါ့လေ။ နိုင်ငံပိုင် ကော်ပရေးရှင်းတွေဆိုတာက အစိုးရနဲ့ ဆိုင်တာပေါ့လေ။ သူတို့မှာတော့ တိုက်ရိုက်သွားပြီး ထိခိုက်မှာပေါ့။ သူတို့ပေါ်မှာ မှီနေတဲ့ ပြည်သူကတော့ အလုပ်အကိုင် ရရှိမှု အနေနဲ့ ထိခိုက်မယ်။ နောက်တခုက နိုင်ငံအတွက် နိုင်ငံခြားငွေ ရပေါက်ရလမ်း၊ ဝင်ငွေ ရပေါက်ရလမ်းက ဒီကော်ပရေးရှင်းတွေပေါ်မှာမှီရတယ်ဆိုတော့ နိုင်ငံလည်းပဲ ထိခိုက်မှာပါပဲ။ ဒီကော်ပရေးရှင်းအနေနဲ့ အဓိကအားဖြင့် လှုပ်ရှားတဲ့နေရာမှာ၊ ပြည်ပနဲ့ ဆက်သွယ်တဲ့နေရာမှာ အဓိက တံခါးပေါက်လို ဖြစ်နေတာ။ အကျိုးခံစားခွင့် ကိစ္စရပ်တွေအတွက် ဒီကော်မတီကြီးက ဂိတ်ပေါက်လို ဖြစ်နေတာ။ ကျန်တဲ့ စီးပွားရေးကတော့၊ ပုဂ္ဂလိက ကဏ္ဍကတော့ ဒီလောက် ထိခိုက်မယ်မထင်ပါဘူး။"

နိုင်ငံတကာက မြန်မာစစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေ လုပ်နေတဲ့အထဲမှာ အပြင်းထန်ဆုံးလို့ ဆိုရမယ့် အမေရိကန် ပြည်ထောင်စုက တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို အမေရိကန် နိုင်ငံထဲ တင်သွင်းတာတွေကို တိုးမြှင့်ပိတ်ပင်တဲ့ ဥပဒေမူကြမ်းတရပ်ကိုလည်း သမ္မတ ဂျော့ဂျ် ဘုရှ် က မနေ့ကပဲ လက်မှတ် ရေးထိုး အတည်ပြုလိုက်ပါတယ်။ အရင်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ မြန်မာ့ကျောက်မျက်တွေကို တတိယ နိုင်ငံတွေက တဆင့် အမေရိကန်နိုင်ငံထဲ တင်သွင်းတာတွေကို တားမြစ်ထားတာမျိုး မရှိပဲ ဖြစ်နေရာက အခုတော့ အဲဒီလိုပါ တင်သွင်းခွင့် မရှိတော့တဲ့ ဥပဒေသစ် တရပ်ကို ချမှတ်လိုက်တာပါ။ စီးပွားရေးပညာရှင် ဦးမော်သန်း ကတော့ ဒီဥပဒေသစ်နဲ့ ပတ်သက်လို့ အခုလို မြင်ပါတယ်။

"နိုင်ငံခြားကို ဒီကျောက်မျက်ရတနာတွေနဲ့ ပတ်သက်လို့ ထွက်ပေါက်က ပြည်ပနိုင်ငံတွေက အကုန်လုံး အမေရိကန်နဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်ကြမယ်ဆိုရင် တော်တော်ထိခိုက်မယ်ပေါ့။ ဒီလိုမှ မဟုတ်ဘူး၊ အမေရိကန် တနိုင်ငံထဲဆိုရင် တော့ ထိခိုက်မှုက သက်သာမှာပေါ့။ မြန်မာနိုင်ငံက အာစီယံ အဖွဲ့ဝင်တို့ ဖြစ်နေတော့ အဲဒီကလည်း ထွက်နိုင်တယ်။ သို့မဟုတ် တရုတ်နိုင်ငံတွေက ထွက်ပေါက်ရှိနေမယ်ဆိုရင်တော့ သိပ်ပြီးတော့ ထိခိုက်မှာ မဟုတ်ပါဘူး။ အမေရိကန် ပြည်အနေနဲ့ အမေရိကန် ဈေးကွက်က ကမ္ဘာ့ ဈေးကွက်မှာ တစိတ်တပိုင်းပဲ ရှိတာ။ ဥပမာ ဥရောပသမဂ္ဂလို၊ တရုတ် ပြည်ပကြီးတို့လို၊ ရေနံနိုင်ငံတွေလို၊ အိန္ဒိယနိုင်ငံတွေလို အဲဒီလို ဈေးကွက်တွေလည်း ရှိတာပေါ့။ အကုန်လုံးက အမေရိကန်နဲ့ ဝိုင်းပြီးတော့ပါတယ်ဆိုရင်တော့ ပိုပြီးတော့ နာမှာပေါ့။"

စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲတုန်းကလည်း အမေရိကန် ပြည်ထောင်စုက အလားတူ ဒဏ်ခတ်အရေးယူဖို့ ဆုံးဖြတ်ခဲ့တာမျိုး ရှိခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာ စစ်အစိုးရ အတွက် နိုင်ငံခြားဝင်ငွေရနေတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ သစ်လုပ်ငန်းနဲ့ ပုလဲလုပ်ငန်း တို့ကို အရေးယူ ပိတ်ဆို့မယ့် စာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG