သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘုရှ်၏ ထိုင်းခရီးစဉ် မြန်မာ့အရေး ဆွေးနွေးမည်


အမေရိကန်သမ္မတဘုရှ် (Bush) နဲ့ သမ္မတ
ကတော် လော်ရာဘုရ်ှ (Laura Bush)
တို့ဟာ လာမယ့် ၅ ရက်နေ့မှာ ၇ ရက်ကြာ
အာရှသုံးနိုင်ငံခရီးစဉ် စတင်တော့မှာဖြစ်ပါ
တယ်။ ဒီခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့ကိုလည်း သွားရောက်မှာ
ဖြစ်ပြီး မြန်မာနိုင်ငံအရေး တွေ့ဆုံဆွေးနွေး
တာတွေ လုပ်ဖို့ရှိပါတယ်။ သမ္မတကတော်
ဟာလည်း ဒုက္ခသည်စခန်းတခုနဲ့
ဒေါက်တာစင်သီယာမောင် ဆေးခန်းတို့ဆီ
သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဗွီအိုအေသတင်း
ထောက် ပေါ်လာ ဝုဖ်ဆင် (Paula Wolfson) ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို
အခြေခံပြီး ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။

အခုခရီးစဉ်ကတော့ သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်ရဲ့ သမ္မတသက်တမ်း ၈ နှစ်အတွင်း
ကိုးကြိမ် မြောက် အာရှခရီးစဉ်ပါ။ တောင်ကိုရီးယား၊ ထိုင်းနဲ့ တရုတ်နိုင်ငံတို့ဆီ
သွားရောက်မယ့် ဒီခရီးစဉ်အတွင်း ထိုင်းနိုင်ငံခရီးကတော့ မြန်မာ့အရေးနဲ့ တိုက်ရိုက်ကို
ဆက်နွယ်နေပါတယ်။

မနေ့က သမ္မတအိမ်ဖြူတော်မှာလုပ်ခဲ့တဲ့ အထူးသတင်းစာရှင်းလင်းပွဲမှာ အမျိုးသား
လုံခြုံရေးကောင်စီ၊ အာရှရေးရာဌာန၊ အကြီးတန်းညွှန်ကြားရေးမှူး ဒန်းနစ္စ ဝိုင်လ်ဒါ
(Dennis Wilder) က ခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။
သမ္မတဘုရှ်တို့ ဇနီးမောင်နှံဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို သြဂုတ်လ ၅ ရက်နေ့
ညနေပိုင်းမှာ ရောက်ပါမယ်။ သြဂုတ်လ ၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာတော့ နာဂစ် ဆိုင်ကလုန်း
မုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အမေရိကန်အစိုးရ အဖွဲ့အစည်းတချို့တို့က
ရှင်းလင်းပြောပြတာတွေကို နားထောင်ပါမယ်။ နေ့လယ်ပိုင်းမှာ မြန်မာ့ဒီမိုကရေစီရေး
လှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီး သူတို့ပြောဆိုတာတွေကိုလည်း နားထောင်ပါမယ်။ အဲဒီ
နောက်မှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ သတင်းမီဒီယာတွေက သမ္မတကို တွေ့ဆုံမေးမြန်း
ခွင့်ရကြမှာဖြစ်ပြီး အဲဒီကနေတဆင့် မြန်မာနိုင်ငံတွင်းကို ထုတ်လွှင့်မှာဖြစ်လို့ မြန်မာ
လူထုကို သူပြောလိုတာတွေ တိုက်ရိုက်ပြောနိုင်လိမ့်မယ်လို့ ဒန်းနစ္စ ဝိုင်လ်ဒါက ရှင်းပြ
ခဲ့ပါတယ်။

ထိုင်းနိုင်ငံကိုရောက်တဲ့ အချိန်တိုလေးအတွင်းမှာ သမ္မတဘုရှ်ဟာ မြန်မာ့အရေးကို
အဓိက ပြောဆိုလုပ်ဆောင်မယ့်ပုံ ရှိနေတဲ့အပေါ် သူဟာ မြန်မာနိုင်ငံကိစ္စကို သိပ်အာရုံ
စိုက်လွန်းပြီး ဒေသတွင်း တခြားကိစ္စတွေပေါ် လုံလောက်တဲ့အာရုံစိုက်မှု မရှိဘူးလို့
ဝေဖန်သူတဦးကတော့ ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ ချူလာလောင်ကွန်းတက္ကသိုလ်က
ပါမောက္ခ သစ်တီနန် ဖွန်ဆူးဒီရက် (Thitinan Pongsudhirik) ဖြစ်ပါတယ်။

"အရှေ့တောင်အာရှကို ဘုရှ်အစိုးရက အာရုံစိုက်ပြီဆိုရင် အဲဒါ မြန်မာနိုင်ငံကိစ္စပဲဗျ။
ဒါ့ကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ဒီဒေသတွင်းမှာ တကယ့်
ကို အပြည့်အဝ ဆောင်ရွက်တာမျိုး မရှိသေးပါဘူး။"

သမ္မတဘုရှ်က ဘန်ကောက်မှာ သူ့အစီအစဉ်တွေအတိုင်းသွားနေချိန် သမ္မတကတော်
လော်ရာဘုရှ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို သွားရောက်ပါမယ်။ အဲဒီကနေ
ထိုင်း-မြန်မာနယ်စပ်မှာ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းကို
သွားပြီး ဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံပါမယ်။ အဲဒီကအပြန်မှာတော့ ဒေါက်တာ
စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ဝင်ရောက်မှာဖြစ်ပါတယ်။ မယ်တော်
ဆေးခန်းဟာ ဒုက္ခသည်တွေ၊ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုသွားပြီး အလုပ်လုပ်နေကြ
သူတွေ အပါအဝင် မြန်မာနိုင်ငံထဲကနေ နယ်စပ်ဖြတ်ပြီး ဆေးလာကုကြတဲ့ တခြား
လူနာတွေကို အခမဲ့ဆေးကုသပေးနေတဲ့ ဆေးခန်းပါ။ ဒီဆေးခန်းကို သွားရောက်မှာ
ဖြစ်တဲ့အတွက် ဒေါက်တာစင်သီယာမောင်နဲ့ သမ္မတကတော် လော်ရာဘုရှ်တို့ တွေ့ဆုံ
ကြမှာဖြစ်သလို ဆေးခန်းရဲ့အခြေအနေတွေကိုလည်း သမ္မတကတော်အနေနဲ့
ကိုယ်တိုင်ကိုယ်ကျ သိခွင့်ရမှာပါ။

ထိုင်းနိုင်ငံခရီးစဉ်အပြီး သမ္မတဘုရှ်ရဲ့ နောက်ခရီးစဉ်ကတော့ အများအပြောများနေကြ
တဲ့ အငြင်းပွားဖွယ် တရုတ်ခရီးစဉ်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဒီခရီးစဉ်ရဲ့ အဓိက
ရည်ရွယ်ချက်က ဘေဂျင်းမှာကျင်းပမယ့် အိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲကို
တက်ရောက်ဖို့နဲ့ အားကစားပွဲတချို့ကို ကြည့်ရှုဖို့ဖြစ်လို့ပါ။ သမ္မတကတော့ သူ့ရဲ့ခရီးစဉ်
နဲ့ပတ်သက်လို့ ခုလိုပြောပါတယ်။

"နိုင်ငံတော်အလံကို ဝှေ့ယမ်းနေတဲ့ သူတို့သမ္မတကို တွေ့ရတာဟာ အပြင်းအထန်
ကြိုးစားခဲ့ကြတဲ့ အားကစားသမားတွေ အားတက်ကြမယ်လို့ ကျနော်ထင်ပါတယ်။"

ဒါပေမယ့် ဝေဖန်သူတွေရဲ့ အမြင်ကတော့ မစ္စတာဘုရှ်နဲ့ မတူပါဘူး။ ဒဲရက် မစ်ချဲလ်
(Derek Mitchell) ဟာ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနကပါ။ သူက
မစ္စတာဘုရှ် အဲဒီလိုပြောတာဟာ သူဖြစ်ချင်တဲ့အတွေးပဲ ဖြစ်ပါလိမ့်မယ်တဲ့။

"သမ္မတက သာမန်လူတယောက်အဖြစ် အားကစားပွဲသွားကြည့်တာမျိုးလောက်
လုပ်လို့မရဘူးလေဗျာ။ အားကစားဖွင့်ပွဲမှာ တရုတ်နိုင်ငံက အခမ်းအနားဆင်ယင်
နေတာကို သွားကြည့်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဆိုတဲ့ ဂုဏ်ရှိန်
အဆင့်အတန်းက အပြည့်အ၀ ပါနေတာပါ။"

အိုလံပစ်ဖွင့်ပွဲကို မတက်ရောက်ဖို့ မစ္စတာဘုရှ်ကို ဖိအားပေး တိုက်တွန်းခဲ့သူတွေက
တော့ တိဘက်အရေး ကိုင်တွယ်ပုံနဲ့ ဆူဒန်နိုင်ငံ၊ ဒါးဖောဒေသအရေးမှာ တရုတ်နိုင်ငံရဲ့
လုပ်ရပ်တွေကို ထောက်ပြပြီး ဒါတွေဟာ သပိတ်မှောက်ဖို့ လုံလောက်တဲ့ အကြောင်းပြ
ချက်တွေပါလို့ ဆိုကြပါတယ်။

ဒါပေမယ့် မစ္စတာဘုရှ်ဟာ တရုတ်သမ္မတ ဟူ ကျင်းတောင် (Hu Jintao) ရဲ့ ဖိတ်ကြား
ချက်ကို လက်ခံခဲ့ပြီးကတည်းက နောက်ပြန်လှည့်လို့ မရတော့ဘူးဆိုပြီး မစ်ချဲလ်က
ပြောပါတယ်။

"သမ္မတက ချက်ချင်းပဲ သူသွားမယ်လို့ ပြောခဲ့ပါတယ်။ ဆိုတော့ အဲဒါကို ပြန်ပြောင်း
မယ်ဆိုရင် တရုတ်ပြည်သူလူထုကို စိတ်ကသိကအောက်ဖြစ်စေတာ၊ စော်ကားသလို
ဖြစ်စေတာမျိုး တနည်းနည်းနဲ့ဖြစ်မှာမို့ သူ့အတွက် ပိုပြီး ခက်ခဲပါတယ်။"

အားကစားပွဲကို သူမသွားဘူးဆိုရင် တရုတ်လူထုကို ဗြောင်စော်ကားသလို ဖြစ်လိမ့်
မယ်လို့ သမ္မတဘုရှ်ကလည်း ပြောပါတယ်။

ဒါ့အပြင် အားကစားသမားတွေကို သူအနေနဲ့ လူကိုယ်တိုင်အားပေးချင်လွန်းလှပါပြီလို့
အမေရိကန် အိုလံပစ်အားကစားအဖွဲ့ကို သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တုန်းက
မစ္စတာဘုရှ် ပြောခဲ့ပါတယ်။

"အားကစားပွဲတက်ဖို့ ကျနော် သိပ်တက်ကြွနေတယ်။ ကျနော်တို့အားကစားသမားတွေ
ကို အားပေးချင်လှပြီ၊ ခင်ဗျားတို့ရဲ့ အောင်ပွဲတွေအပေါ် အပျော်တွေကို ကျနော် မျှဝေ
ခံစားချင်လှပြီ။"

အမေရိကန်အားကစားသမားတွေဟာ လွတ်လပ်မှုအပေါ် အမေရိကန်ရဲ့ ချစ်ခင်မြတ်နိုး
မှုကို ကိုယ်စားပြုတဲ့ လွတ်လပ်မှုရဲ့ သံတမန်တွေအဖြစ် သူမြင်တယ်လို့ သမ္မတဘုရှ်က
ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG