သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနာမှု အထောက်အပံ့ သာမက လူ့အခွင့်အရေး တိုးတက်အောင် ကုလသမဂ္ဂ လုပ်ဆောင်သင့်


ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင် တစုံတရာ အထောက်အကူ ပြုနိုင်မယ်လို့ ဒီမိုရေစီရေး လှှုပ်ရှားသူတချို့က မျှော်လင့်ကြပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်ရဲ့ အခြေအနေကို ချဉ်းကပ်တဲ့အခါ ကုလသမဂ္ဂအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတခုတည်းကို ရှေ့တန်းတင်တာမျိုး မလုပ်သင့်ဘူးလို့ ပြောဆိုပါတယ်။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်လို့ ဒီမိုကရေစီ အင်အားစုတွေက သူတို့ သဘောထားကို ပြောခဲ့ကြတာပါ။

မစ္စတာ ကင်တာနား အနေနဲ့ ဒီနှစ် မတ်လ (၇) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကနေ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူအဖြစ် တာဝန်ပေးအပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

မြန်မာ စစ်အစိုးရဘက်က သူ လာရောက်မှာကို အခုမှ လက်ခံခဲ့တာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မစ္စတာ ကွီတားနားအနေနဲ့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေအပြင် နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို တွေ့ဆုံမယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အခုလို ပြောဆိုပါတယ်။

"မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေကို အမှန်တကယ်လည်း သိသွားမယ်။ နောက် ဒီဟာနဲ့ပတ်သက်ပြီး တော့လည်း တိုးတက်မှု တစုံတရာတော့ ရနိုင်ပါတယ်လို့တော့ ကျနော်တို့ မျှော်မှန်းပါတယ်။"

အာဂျင်တီးနားနိုင်ငံသား သောမတ်စ် အိုဟေး ကင်တားနားဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တာဝန်ပေးခြင်းခံရတဲ့ ပဉ္စမမြောက် လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းသူဖြစ်ပါတယ်။

သူအရင် ဘရာဇီးနိုင်ငံသား ပါမောက္ခ ပေါ်လိုဆာဂျေယို ပင်ညဲရိုး (Paulo Sergio Pinheiro)၊ မောရီရှတ်စ် နိုင်ငံသား ရက်ဆိုမာ လာလား (Rajossomer Lallah) နဲ့ ဂျပန်နိုင်ငံက ဆာဒကို အိုဂါတာ (Sadako Ogata) နဲ့ ပါမောက္ခ ယိုဇို ယိုကိုတာ (Yozo Yokota) တို့ကို ကုလသမဂ္ဂက ခန့်အပ်ခဲ့ဖူးပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို လေ့လာစုံစမ်းခဲ့တဲ့ တချိန်တည်းမှာ အထူး ကိုယ်စားလှယ်တွေ ခန့်အပ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ရင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲအောင် တိုက်တွန်းနားချခဲ့တာတွေ ရှိပါတယ်။

ဒါပေမယ့်လည်း ဒီလို လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင် သွားရောက်လေ့လာတဲ့ ခရီးစဉ်တွေဟာ မြန်မာနိုင်ငံ အခြေအနေ အမှန်တကယ် တိုးတက်ပါ့မလားဆိုပြီး သံသယနဲ့ တုံ့ပြန်သူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံ လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်က ဦးမြင့်အေးကတော့ အခုလို ပြောပါတယ်။

"သူ လာလေ့လာတဲ့ကိစ္စက သူ သိသွားယုံပဲ ရှိမှာပေါ့။ ဒါလည်း တကယ် ဒီလို နိုင်ငံခြား ဧည့်သူတွေလာတဲ့အခါမျိုးမှာ တကယ်တမ်း ဖြစ်စဉ်တွေ အမှန်တွေကို သိရှိဖို့အတွက် ကျနော် သိသလောက်ကတော့ အများအားဖြင့် ဘယ်သူမှ အဲဒီအခွင့်အရေး မရသွားဘူးခင်ဗျ။ အခုတော့ သူလည်း အဲဒီလိုပဲ လာပြီး ပြန်သွားတာပဲ ဖြစ်မှာပဲ။ ဘာမှ တိုးတက်စရာ မရှိပါဘူး။"

ဦးမြင့်အေးပြောသွားတာပါ။ ဒီနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ် ခံရပြီးနောက်ပိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပါအဝင် အခြား ထိပ်တန်း အရာရှိတွေ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ခရီးစဉ်တွေအတွင်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု ကိစ္စတခုတည်းကိုပဲ ဦးတည်တယ်ဆိုပြီး လူ့အခွင့်အရေးကိစ္စတွေကို ပစ်ပယ်ခဲ့ကြတာကြောင့် ဝေဖန်တာတွေလည်း ခံခဲ့ကြရပါတယ်။

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ ဒါနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

"ကျနော်တို့ သုံးသပ်တာကတော့ အဲဒီ မစ္စတာ ဘန်ကီမွန်းတို့ ဘာတို့ လေဘေး ဒုက္ခသည်တွေအတွက်ပဲ နိုင်ငံရေးမပါဘူးလို့ ပြောတာ ကြားရပါတယ်။ ဒါပေမယ်လို့ ဘယ်လိုပဲ ပြောပြော နိုင်ငံရေးက ပါကို ပါရပါတယ်။ ကျနော်တို့ အဲဒီလိုပဲ နားလည်ပါတယ်။ နိုင်ငံရေး ကင်းလွတ်တဲ့ လူသားချင်းစာနာခြင်းဆိုတာလည်း မရှိနိုင်ဘူးလို့ပဲ ကျနော်တို့ နားလည်ပါတယ်။"

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု ကိစ္စတွေကို ကြည့်တဲ့အချိန်မှာ လူသားချင်း မစာမနာ အလုပ်ခံနေရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုလည်း လစ်လျူရှု မထားသင့်ဘူး ဆိုပြီး ဒီမိုကရေစီအင်အားစုတွေက ေဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်က ဦးမြင့်အေးကတော့ အခုလို ပြောပါတယ်။

"လောလောဆယ်က ကျနော်တို့ကဗျာ၊ လူသားချင်းစာနာထောက်ထားတယ် ဆိုတာက နာဂစ်ကို အကြောင်းပြပြီး သူတို့ ပြောတာပေါ့။ တကယ်တော့ ကျနော်တို့ ဒီ လူသားချင်း စာနာထောက်ထားသင့်တဲ့ အကြောင်းအရာက နာဂစ်မတိုင်ခင်ကတည်းက တိုင်းပြည် အင်မတန်ကို ဆင်းရဲနေတဲ့ အကြောင်းရင်းက ရှိနေပါတယ်။ ဘာပဲလုပ်လုပ် လူသားချင်း ထောက်ထားစာနာတဲ့ ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင် စာနာတယ်ဆိုတာကဗျာ၊ နိုင်ငံတကာ အကူအညီပေါ့ဗျာ။ ဒါကတော့ လိုနေတာပါပဲ။ ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ နိုင်ငံရေးပြဿနာတွေ ရှိနေတယ်။ စီးပွားရေးပြဿနာတွေ ရှိနေတယ်။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပြဿနာတွေ ရှိနေတယ်ပေါ့ဗျာ။ အဲဒါတွေလည်း မျှမျှတတ ချိန်ပြီးတော့ ဖိအားပေးဖို့တော့ လိုအပ်ပါတယ်။

သြဂုတ်လတွင်း ကုလမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူ မစ္စတာ ကင်တားနားအပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ လည်း မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကတော့ ကုလသမဂ္ဂဟာ ပြီးခဲ့တဲ့ မေလ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာနိုင်ငံကို မသွားရောက်ခင် အနည်းဆုံး (၃၅) ကြိမ် မြန်မာနိုင်ငံကို အထူး ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။

ဒါကြောင့်လည်း ဒီလို ခရီးစဉ်တွေကနေ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ချဉ်းကပ်မှုတွေဟာ လက်တွေ့ အပြောင်းအလဲတွေ ပေါ်လာနိုင်တဲ့ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုတွေ ရှိလာအောင် ဒီထက်ပိုပြီး ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း တိုက်တွန်းပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG