သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအရပ်ဖက် နျူကလီးယားစက်ရုံတွေကို IAEA မှ ကြပ်မတ် စစ်ဆေးသွားမည်


အိန္ဒိယက နျူကလီးယားစက်ရုံတွေကို စစ်ဆေးသွားဖို့ အစီအစဉ်တရပ်ကို IAEA အပြည်ပြည်ဆိုင်ရာ အနျူမြူစွမ်းအင် အေဂျင်စီ အုပ်ချုပ်ရေးအဖွဲ့ကနေ ဆုံးဖြတ်လိုက်ပါတယ်။ အိန္ဒိယနဲ့ အမေရိကန် ပြည်ထောင်စုအကြား နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တရပ် မချမှတ်နိုင်ခင်မှာ လိုအပ်တဲ့ အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံကို အမေရိကန်ပြည်ထောင်စုနဲ့အခြားနိုင်ငံတွေကနေ နျူကလီးယားလောင်စာတွေ တင်ပို့ခွင့် ရဖို့ဆိုရင်တော့ ကုလသမဂ္ဂရဲ့ အိုင်အေအီးအေ (IAEA) အပြည်ပြည်ဆိုင်ရာ နျူကလီးယားအေဂျင်စီက သတ်မှတ်သဘောတူထားတဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက် အခြေအနေတွေ ရှိရပါမယ်။ ဒါကြောင့်လည်း အိန္ဒိယအနေနဲ့ သူ့ရဲ့ အရပ်ဖက်သုံး နျူကလီယားစက်ရုံတွေ နျူကလီးယားဆိုင်ရာ အဆောက်အဦတွေကို နိုင်ငံတကာ စုံစမ်းရေးမှူးတွေ လာရောက် စစ်ဆေးနိုင်အောင် တံခါးဖွင့်ပေးရမှာဖြစ်တယ်လို့ လန်ဒန်ကနေပြီးတော့ Tendai Maphosa က သတင်းပေးပို့ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ အိုင်အေအီးအေ ရဲ့ ညွှန်ကြားရေးမှူးချုပ် Mohamed ElBaradei ဟာ ဗီယက်နာမှာပြုလုပ်တဲ့ အစည်းအဝေးအတွင်း အုပ်ချုပ်ရေးအဖွဲ့ကို အခုလို ပြောခဲ့ပါတယ်။

“၂၀၀၉ ခုနှစ်မှာလုပ်မယ့် အဆောက်အဦသစ်တွေမှာ ဒီသဘောတူညီချက်ကို စပြီး အကောင်အထည် ဖော်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒါကို အိန္ဒိယကနေ အေဂျင်စီကို အသိပေးမှာပါ။ ဒီကနေ ဒီအဆောက်အဦတွေ လုံခြုံစိတ်ချမှုအခြေအနေ တင်ပြလာရင် အတွင်းရေးမှူးအဖွဲ့ကနေ ပြန်ပြီး အစီရင်ခံပါ့မယ်။ အေဂျင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေ အကြားက အခြားလုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေလိုပါပဲ - သဘောတူညီမှုတွေက အချိန်ကာလ အကန့်အသတ် မရှိပါဘူး။”

နျူကလီးယားလက်နက် စမ်းသပ်ထားတဲ့ အိန္ဒိယနိုင်ငံဟာဆိုရင် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် လက်မှတ်မထိုးရသေးတဲ့ နျူကလီးယား အင်အားကြီး သုံးနိုင်ငံထဲက တနိုင်ငံဖြစ်ပါတယ်။ နောက်နိုင်ငံတွေကတော့ အစ္စရေးနဲ့ ပါကစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အစ္စရေးမှာ နျူကလီးယားလက်နက် အတော်များများ ရှိတယ်လို့ ယုံကြည်ရသလို၊ အိန္ဒိယရဲ့ ပြိုင်ဖက် ပါကစ္စတန်ဟာဆိုလည်း နျူကလီးယားစမ်းသပ်မှုတွေ လုပ်ထားပါတယ်။

လန်ဒန်အခြေစိုက် သုတေသနဌာနတခုဖြစ်တဲ့ Chatham House က Malcolm Grimston ကတော့ အိန္ဒိယအနေနဲ့က အိုင်အေအီးအေ နဲ့ သဘောတူညီချက်လုပ်မယ်ဆိုရင် သူ့ပြိုင်ဖက် အိမ်နီးချင်း ပါကစ္စတန်နဲ့ ယှဉ်ရင် ထိခိုက်အား နည်းနိုင်တယ်လို့ ယူဆထားတယ်လို့ ပြောပါတယ်။

“အခုလုပ်တဲ့ သဘောတူညီချက်ကတော့ အိန္ဒိယအနေနဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်မှာ လက်မှတ်ထိုးနိုင်ဖို့ ပိုပြီး နီးစပ်လာအောင် အမေရိကန်ရဲ့ ကြိုးပမ်းမှုလို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံသား အတော်များများကတော့ ပါကစ္စတန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုအပေါ် ပြန်လည် တုံ့ပြန်နိုင်စွမ်းတွေ အားကျသွားမယ်လို့ ခံစားနေကြပါတယ်။ အခြားတဖက်မှာလည်း ဖြစ်နိုင်သမျှ ကမ္ဘာကြီးမှာ နျူကလီးယား လုံခြုံစိတ်ချရေး အကာအကွယ် ရချင်ပါတယ်။ ဒါကြောင့် ဒီအတိုင်းဆိုရင်တော့ သူတို့ရဲ့ နျူကလီးယားလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အကန့်အသတ်အချို့ကိုတော့ လက်ခံပါလိမ့်မယ်။”

အစည်းအဝေးအပြီးမှာတော့ အိုင်အေအီးအေ အကြီးအကဲ မစ္စတာ အယ် ဖာရာဒေးက အခု သဘောတူညီချက်ဟာ အိန္ဒိယနိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ ကောင်းစေဖို့ဖြစ်တယ်လို့ ပြောပါတယ်။ အိန္ဒိယအနေနဲ့ အရပ်ဖက် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လမ်းဖွင့်လိုက်တာနဲ့ လက်နက်မပြန့်ပွားရေးအတွက် ဆောင်ရွက်လာတာဟာ အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့လည်း အိုင်အေအီးအေဆိုင်ရာ အမေရိကန်သံအမတ်ကြီး Greg Schulte က ပြောပါတယ်။

နျူကလီယားစွမ်းအင်ကို အရပ်ဖက်အတွက် အသုံးပြုရေးမှာ အိန္ဒိယအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ မှတ်တိုင်တရပ် ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် Manmohan Sign က ချီးကျူးလိုက်ပါတယ်။

အခု သဘောတူညီချက်ကို လုပ်ဆောင်ဖို့ကတော့ အိန္ဒိယအနေနဲ့ အိုင်အေအီးအေနဲ့ နျူကလီးယားပစ္စည်း ထောက်ပံ့တဲ့ နိုင်ငံများအဖွဲ့တွေနဲ့ သီးခြား သဘောတူညီချက်တွေ လုပ်ရဖို့ရှိပါတယ်။ ဒါပြီးရင်တော့ အမေရိကန်နဲ့ သဘောတူညီချက် အတွက် အမေရိကန်ကွန်ဂရက်မှာ အတည်ပြုချက်ယူရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG