သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေလဲလှယ်ဆုံးရှုံးမှုပြဿနာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ချုပ်အတွက် ကြီးကြီးမားမားမရှိ


မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရတာ အခုဆိုရင် ၃ လ ရှိပါပြီ။ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ IFRC က မြန်မာနိုင်ငံမှာ သူတို့ရဲ့အဖွဲ့ ဆောင်ရွက်နေတဲ့ နာဂစ်ဆိုင်ကလုန်းဒဏ် ခံရသူတွေအတွက် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးပြီမို့ သူတို့ အရင်ကတည်းက ရှိပြီးသားလုပ်ငန်းတွေကို ပြန်ပြီးလုပ်ဆောင်နေပြီလို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ငွေလဲနှုန်းကိစ္စဟာလည်း သူတို့အဖွဲ့အနေနဲ့ နစ်နာမှု သိပ်မရှိဘူးလို့လည်း ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က IFRC အဖွဲ့ကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

မေလတုန်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရသူတွေကို နိုင်ငံတကာက ကယ်ဆယ်ကူညီသူတွေ ချက်ချင်း ဝင်ရောက်ခွင့်မရခဲ့ပေမယ့် IFRC နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ကြီးကတော့ နဂိုကတည်းက မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နဲ့အတူ လက်တွဲပြီး ပြည်တွင်းမှာလှုပ်ရှားနေတာမို့ ကူညီခွင့်တွေ ရခဲ့ပါတယ်။ အခု ၃ လရှိလာတဲ့အခါမှာတော့ သူတို့ ဆောင်ရွက်နေတဲ့ အရေးပေါ်လုပ်ငန်းတွေ လုပ်ဆောင်တဲ့ကာလ ကုန်ဆုံးခဲ့ပြီလို့ IFRC ပြောခွင့်ရ မိုက်ကယ် ရှု(စ်) က ပြောပါတယ်။

“ကျနော်တို့အဖွဲ့တွေရဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့ကာလ ကုန်ဆုံးပါပြီ။ အခု သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုတွေအတွက် ပြန်လည်ထူထောင်တဲ့ ရေတိုရေရှည်လုပ်ငန်းတွေကို ချမှတ်ဆောင်ရွက်နေပါပြီ။”

နာဂစ်ဆိုင်ကလုန်းတိုက်ခတ်ပြီးပြီးချင်းအချိန်တုန်းက တခြား အဖွဲ့တွေလိုပဲ ကယ်ဆယ်ကူညီဖို့ လုပ်ဆောင်တဲ့နေရာတွေမှာ နှောင့်နှေးကြံ့ကြာမှုတွေနဲ့ အများကြီး ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ပြည်တွင်းက မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နဲ့အတူ တွဲပြီး ကူညီရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ အခုတော့ နာဂစ်မုန်တိုင်း မတိုက်ခင်က ဆောင်ရွက်နေတဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ သဘာဝဘေးအန္တရာယ် အတွက် ပြင်ဆင်ရေးလုပ်ငန်းတွေကို ပြန်ပြီးလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒီပုံမှန်လုပ်ငန်းတွေဟာ နာဂစ်ဆိုင်ကလုန်းဒဏ်ကြောင့် ခေတ္တရပ်နားခဲ့ရပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုတော့ ပုံမှန်လုပ်ငန်းတွေအပြင် ဆုံးရှုံးမှုအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုပါ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာကူညီရေးအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုန်းဒဏ် ခံရသူတွေကို အကူအညီတွေ ပေးတဲ့အခါမှာ မြန်မာနိုင်ငံက ငွေကြေးမတည်ငြိမ်မှုကြောင့် ပြဿနာတွေ ကြုံကြရပါတယ်။ တနင်္လာနေ့က ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်း(စ်) က အခု မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အနေနဲ့ ရရှိတဲ့ ကူညီထောက်ပံ့ငွေတွေထဲက အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက် သုံးစွဲခဲ့ပြီး ငွေလဲနှုန်းကွာဟမှုကြောင့် ၁၀ သန်း ဖိုးလောက် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

မြန်မာနိုင်ငံထဲမှာ အမေရိကန်ဒေါ်လာငွေကို မြန်မာ FEC အဖြစ် လဲလှယ်စေတာမို့ အမေရိကန်ဒေါ်လာပေါက်ဈေး ကျပ်ငွေ ၁,၁၀၀ ရှိချိန်မှာ FEC က ကျပ်ငွေ ၈၈၀ ပဲ ရှိတာမို့ အခုလောက် ဆုံးရှုံးနစ်နာမှုတွေ ကြုံလာရတာဖြစ်ပါတယ်။ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့အနေနဲ့တော့ မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဖိဖိစီးစီး ဆောင်ရွက်နေတာမို့ ဆုံးရှုံး နစ်နာမှုတွေ ရှိမရှိ မစ္စတာ ရှု(စ်) ကို မေးကြည့်တဲ့အခါမှာတော့ -

“ငွေလဲနှုန်းကြောင့် ကျနော်တို့အဖွဲ့အတွက် ထိခိုက်မှုတော့ သိပ်မရှိပါဘူး။ အဲဒါကလည်း အချက်နှစ်ချက်ကြောင့်ပါ။ ပထမတချက်က နာဂစ်ဆိုင်ကလုန်း မတိုက်ခင်ကတည်းက အဖွဲ့ရဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေဟာ မြန်မာနိုင်ငံထဲမှာ ရှိနေတာမို့ ဒါတွေကို ဝေပေးခဲ့ပါတယ်။ ဆိုလိုတာက ဒီကယ်ဆယ်ရေးပစ္စည်းတွေ ဝယ်ဖို့ ငွေများများစားစား မသုံးခဲ့ရပါဘူး။ နောက်တချက်ကလည်း ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရပြီးတဲ့နောက်မှာ မြန်မာနိုင်ငံထဲကို ကယ်ဆယ်ရေးပစ္စည်းတွေ အနေနဲ့ပဲ သွင်းခဲ့တာမိုလို့ ငွေလဲနှုန်းကြောင့် သူများတွေ နစ်နာသလိုမျိုး ကျနော်တို့မှာ ဆုံးရှုံးမှု သိပ်မရှိခဲ့ပါဘူး။”

IFRC နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ ပြောခွင့်ရသူ မိုက်ကယ် ရှု(စ်) ပြောပြခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG