သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ပွဲတော်မှာ မြန်မာ့ကျောက်စိမ်းတွေ မဝယ်ဖို့ ကချင်ကျောင်းသားတွေ လှုံ့ဆော်


ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနဲ့ 88 Burma ဆိုတဲ့အဖွဲ့တို့က တရုတ်
ပြည်မှာ ရောင်းချနေတဲ့ ကျောက်စိမ်းအများစုဟာ မြန်မာနိုင်ငံထွက် သွေးစွန်းနေတဲ့
ကျောက်စိမ်းတွေဖြစ်လို့ အားမပေးကြဖို့ တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကို
ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်အားကစားပွဲမှာ လက်ဆောင်အဖြစ်ပေးမယ့်
ကျောက်စိမ်းနဲ့ပြုလုပ်ထားတဲ့ဆုတွေ၊ ရောင်းချမယ့် လက်ဆောင်ပစ္စည်းတွေကို
မဝယ်ယူဖို့အတွက် ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂနဲ့
88 For Burma အဖွဲ့ကနေ တိုက်တွန်းလိုက်ပါတယ်။

ကျောက်စိမ်းတွေဟာ မြန်မာနိုင်ငံကထွက်တာဖြစ်ပြီး သွေးစွန်းနေတဲ့ ကျောက်စိမ်းတွေ
ဖြစ်တယ်လို့ ဆိုပါတယ်။ ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ
က သုတေသီတဦးဖြစ်သူ ကိုနော်လက ကျောက်စိမ်းတွေမဝယ်ယူဖို့ တိုက်တွန်းရခြင်း
အကြောင်းကို အခုလိုပြောပါတယ်။

"သိသိသာသာဖြစ်တာက လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ကစပြီး တရုတ်ပြည်က ဘေဂျင်း
အားကစားပွဲတော်ကို ဦးတည်ပြီး ဝယ်ယူမှုတွေ အားကောင်းတယ်။ ကျောက်စိမ်းတွေ
ကလည်း မြန်မာပြည်ကထွက်တဲ့ ကျောက်စိမ်းတွေဖြစ်တဲ့အတွက် အလုအယက်
ဝယ်ယူကြတယ်။"

ကျောက်စိမ်းတွေဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်း၊ တောမှော် စတဲ့
နေရာတွေကထွက်ပြီး ကျောက်စိမ်းတူးဖော်မှုကြောင့် ဖြစ်လာတဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ ရှိတာကြောင့် အခုလို သပိတ်မှောက်ဖို့ တိုက်တွန်းနှိုးဆော်ရတာ
ဖြစ်တယ်လို့လည်း ကိုနော်လက ဆက်ပြောပါတယ်။

"လယ်မြေတွေသိမ်းတယ်၊ ရွာတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းတာမျိုး သူတို့လုပ်တယ်။
ပြီးတော့ သဘာဝပတ်ဝန်းကျင် ဆုံးရှုံးပျက်စီးမှုတွေ ဖြစ်တယ်။ ရေကြောင်း၊
မြစ်ကြောင်းတွေပြောင်းလဲပြီး ရေကြီးမှုက နှစ်တိုင်း ကျနော်တို့ ကြုံတွေ့ရတဲ့ ပြဿနာ
တွေဖြစ်တယ်။ ကျောက်စိမ်းကောက်တဲ့ ဒေသခံပြည်သူဆိုရင် သူတို့ခွင့်ပြုချက်မပေးတဲ့
နေရာမှာ ကောက်မိတယ်ဆိုရင် သူတို့ ပစ်သတ်လိုက်တယ်။ ပြီးတော့ ဘာမှအရေး
ယူခြင်းမရှိဘူး။ စစ်အစိုးရအနေနဲ့ လျစ်လျူရှုထားလိုက်တယ်။"

ကျောက်စိမ်းတူးဖော်တဲ့ဒေသဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အဆိုးဆုံး
ဒေသဖြစ်သလို အဲဒီဒေသမှာ ပြည့်တန်ဆာတွေများပြီး အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်
ဖြစ်ပွားမှုနှုန်းကလည်း အများအပြား ရှိနေတာကြောင့် လူမှုရေးအရ ကြည့်မယ်ဆိုရင်
လည်း အခြေအနေဆိုးတယ်လို့ ဆိုပါတယ်။

ကျောက်စိမ်းတူးဖော်ခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေအပြင်
လူ့အခွင့်အရေး ချိုးဖောက်မှုတွေသာမက ဒီကျောက်စိမ်းကြောင့်ပဲ စစ်အစိုးရက အကျိုး
ဖြစ်ထွန်းစေတာကြောင့်လည်း ကချင်ကျောင်းသားတွေက အစီရင်ခံစာတခုထုတ်ပြီး
အခုလို တိုက်တွန်းရတာဖြစ်ကြောင်းလည်း ဆက်ပြောသွားပါတယ်။

"လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ လုံးဝဖြစ်ပေါ်နေတဲ့ အခြေအနေ။
ဒီကျောက်စိမ်းတူးဖော်ခြင်းကြောင့် ရရှိတဲ့ အကျိုးစီးပွားဟာလည်း နအဖနဲ့ သူ့ရဲ့
အပေါင်းအဖော်တွေပဲ အဓိကရရှိတဲ့အတွက်ကြောင့် ကျနော်တို့က မဝယ်ဖို့၊ မယူဖို့
တောင်းဆိုခြင်းဖြစ်ပါတယ်။"

ကျောက်စိမ်းကို အဓိကဝယ်ယူအားပေးနေတဲ့ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာကို
လည်း အခုလိုတိုက်တွန်းခဲ့ပါတယ်။

"မြန်မာနိုင်ငံက ထွက်ရှိတဲ့ကျောက်ကို အဓိကဝယ်ယူနေတဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊
စင်ကာပူနိုင်ငံတို့ကို ကျနော်တို့ အဓိကပြောချင်တာကတော့ မြန်မာပြည်ကထွက်တဲ့
ကျောက်ကို မဝယ်ပါနဲ့။ ဒါဟာ စစ်အစိုးရကို ထောက်ပံ့ပြီး ပြည်သူတွေဟာ ပိုပြီး ဒုက္ခ
ရောက်နိုင်တယ်။ ငြိမ်းချမ်းမှု ရရှိနိုင်မှာမဟုတ်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက
လည်း ဆက်လက်ဖြစ်ပေါ်နေမှာပဲဆိုတာ ကျနော်တို့ ပြောချင်ပါတယ်။"

သွေးစွန်းသောကျောက်စိမ်းများလို့ အမည်ရတဲ့ အစီရင်ခံစာဟာ မြန်မာပြည်ရဲ့ လူ့အခွင့်
အရေး ချိုးဖောက်မှုတွေနဲ့ ရင်းနှီးပေးဆပ်ထားတဲ့ ကျောက်စိမ်းတွေကို တရုတ်အိုလံပစ်
အားကစားပွဲမှာ မဝယ်ယူဖို့အတွက်၊ သပိတ်မှောက်ဖို့အတွက် တိုက်တွန်းနှိုးဆော်
ထားခြင်းလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG