သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံး နှစ် ၂၀ ပြည့်အကြို တက္ကသိုလ်ကျောင်းသားများ လှုပ်ရှား


ရှစ်လေးလုံးနှစ်ပတ်လည် နီးကပ်လာချိန်
မှာ ရန်ကုန်မှာ စာတွေ၊ ပိုစတာတွေကပ်တဲ့
လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ရန်ကုန်မြို့၊
ရွှေပြည်သာ ကွန်ပျူတာတက္ကသိုလ်မှာ
ရှစ်လေးလုံးကို မမေ့ကြနဲ့ဆိုတဲ့စာတွေ
ကပ်နေတာ ရှိနေပါတယ်။ အနှစ် ၂၀
ပြည့်မယ့် ရှစ်လေးလုံး လူထုအုံကြွမှုကြီး
နှစ်ပတ်လည် လှုပ်ရှားမှုတွေ မပေါ်ပေါက်
ရအောင် အာဏာပိုင်တွေဘက်ကလည်း
လုံခြုံရေးတင်းကျပ်ပြီး ကြိုးပမ်းနေချိန်မှာပဲ
အခုလို စာကပ်၊ ပိုစတာကပ်တဲ့ လှုပ်ရှားမှု
တွေ ရှိနေတာဖြစ်ပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရောက် ဗွီအိုအေ
ဝိုင်းတော်သား ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့နဲ့ သြဂုတ်လ ၁ ရက်နေ့တွေက ရန်ကုန်၊ ရွှေပြည်သာမှာ
ရှိတဲ့ ကွန်ပျူတာတက္ကသိုလ်မှာ ကျောင်းသားတချို့က စာတွေကပ်ပြီး လွန်ခဲ့တဲ့ အနှစ်
၂၀၊ ၁၉၈၈ ခုနှစ်က တတိုင်းပြည်လုံး အုံကြွခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးကို မမေ့ဖို့
ဆော်သြခဲ့ကြပါတယ်။ ကျောင်းမှာ စာတွေကပ်ခဲ့တာနဲ့ပတ်သက်ပြီး ကျောင်းသားမိဘ
အသိုင်းအဝိုင်းက အခုလိုပြောပါတယ်။

"အိမ်သာတွေထဲမှာလည်း ကပ်တယ်၊ ကျောင်းခန်းတွေထဲမှာလည်း ကပ်တယ်။
ရှစ်လေးလုံးနေ့ တို့မမေ့ ဆိုတာကပ်တယ်။ နောက် ကျောင်းသားရှိရင် ကျောင်းသား
သမဂ္ဂ ရှိရမယ်။ ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် အနက်ရောင်ဝတ်စုံတွေ ဝတ်ကြဖို့
ဆော်သြတယ်။ ၃၁ ရက်နေ့မှာ ဆရာကန်တော့ပွဲရှိတယ်။ ဆရာကန်တော့ပွဲမှာ
ဆရာမကြီးက ကျောင်းသားတွေကို ရင်ဝယ်သားကဲ့သို့ ချစ်မြတ်နိုးကြောင်းပြောတယ်။
အဲဒီမှာ ကျောင်းသားတယောက်က ဒါဆိုရင် ဖမ်းထားတဲ့ကျောင်းသားတွေကို
ပြန်လွှတ်ပေးပါလို့ တောင်းဆိုတယ်။

"ဒုတိယနေ့ကျတော့ အတန်းခန်းမတွေထဲမှာ သူတို့က မှုတ်ဆေးတွေနဲ့ ကလေးတွေက
ရေးထားတယ်။ စောစောကရေးသလိုပဲ ရှစ်လေးလုံးနေ့ တို့မမေ့၊ ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမယ်ဆိုတဲ့ဟာတွေကို မှုတ်ဆေးတွေနဲ့ ရေးထားတယ်။"

ဒီလိုစာကပ်တယ်ဆိုတဲ့ သတင်းတွေကြောင့် အာဏာပိုင်တွေဘက်က လုံထိန်းကား
တစင်းလွှတ်ပြီး လုံခြုံရေးတိုးချခဲ့တာမျိုးတွေ ရှိပေမယ့် တခြားလုံခြုံရေး အခြေအနေ
ကတော့ သိသိသာသာ မရှိပါဘူးလို့ ရွှေပြည်သာတက္ကသိုလ်က ကျောင်းသားတချို့က
ပြောပါတယ်။ စာတွေကပ်ခဲ့တာကို သူတို့ မျက်မြင်တွေ့ခဲ့ရတဲ့ အခြေအနေကိုလည်း
ကျောင်းသားတယောက်က အခုလိုပြောပါတယ်။

"စာက ကျောက်သင်ပုန်းမှာရေးထားတာ။ ရှစ်လေးလုံးနေ့ တို့မမေ့၊ ကျောင်းသား
သဏ္ဍာန် ခွပ်ဒေါင်းဟန်တဲ့၊ အဲဒါတွေရေးထားတယ်။ အဲဒီနေ့မှာ ဆရာမ ဝင်တော့
မော်ကွန်ထိန်းကလာပြီး တင်ဒါနဲ့ဖျက်သွားတယ်။ ဆော့ဖ်ပင်နဲ့ရေးထားတော့
ဘောဖျက်နဲ့ဖျက်လို့မရဘူး၊ တင်ဒါနဲ့ လာဖျက်သွားတယ်။ သောကြာနေ့က လာရေး
သွားတာ။ ကြာသပတေးနေ့က ဝါဆိုသင်္ကန်းကပ်တယ်။ ယောက်ျားလေးအိမ်သာထဲမှာ
လည်း စာကပ်တယ်။ ဘုန်းကြီးတွေကို ထောက်ခံတဲ့အနေနဲ့ အင်္ကျီအမည်းတွေ
ဝတ်လာကြပါလို့ ရေးထားတယ်။"
ရွှေပြည်သာတက္ကသိုလ်က ကျောင်းသားတယောက် ပြောသွားတာပါ။

ဒီလို ကျောင်းသားတွေ စာကပ်ခဲ့တယ်ဆိုတဲ့အချိန်က မြန်မာစစ်အစိုးရဘက်က လုံခြုံ
ရေးတွေ ရန်ကုန်မြို့အတွင်း အထူးတင်းကျပ်ထားပြီး နောက်ထပ်အုံကြွမှုတွေ မပေါ်
ပေါက်အောင် အထူးသတိထားနေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ရှစ်လေးလုံး
နှစ်ပတ်လည်နေ့မတိုင်ခင် တပတ်အလိုမှာ ဖြစ်ပွားခဲ့တာပါ။

ဒီရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ဘုန်းတော်ကြီးကျောင်းတွေကို
သွားပြီး ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ နောက်ထပ် အမှတ်တရ လှုပ်ရှားမှုတွေ မပေါ်
ပေါက်အောင် ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့အကြောင်း ရန်ကုန်မြို့ခံတယောက်က အခုလို
ပြောပါတယ်။

"ဆန်တွေ၊ ဆီတွေ၊ ဆွမ်းတွေ အကုန်ကပ်ပေါ့ဗျာ။ ကပ်ပြီးတော့ ဒီမှာ အားလုံး
အေးအေးချမ်းချမ်းဖြစ်ဖို့အတွက် တိုင်းမှူးကိုယ်တိုင် လိုက်ပြီးတော့ မေတ္တာရပ်ခံတဲ့
သဘောအနေနဲ့ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ အဲဒီမှာက ဘုန်းကြီးတော်တော်များတာ
ကိုး။ ဒီမှာ ဘုန်းကြီးများတဲ့အတွက် အန္တရာယ်ဖြစ်နိုင်တယ်ပေါ့။ အန္တရာယ်ဖြစ်နိုင်တဲ့
ကျောင်းတွေတော်တော်များများကို တိုင်းမှူးကိုယ်တိုင်လိုက်ပြီး ဆွမ်းတွေ၊ ဆန်တွေ၊
လှူဖွယ် တန်းဖွယ်တွေနဲ့ လိုက်ပြီးတော့ အေးအေးချမ်းချမ်းဖြစ်ဖို့ မေတ္တာရပ်ခံတယ်။

"မနေ့ကဆိုရင် သတင်းစာထဲမှာပါတယ်။ တကယ့်တကယ်ကတော့ သံဃာအင်အားများ
တဲ့ကျောင်းတွေကို လိုက်ပြီးတော့ တိုင်းမှူးကိုယ်တိုင်ဝင်တယ်။ မနေ့ကဆို Escort တွေ
အများကြီးပဲ။ အကုန်လုံးလိုက်ပြီး ပူဇော်ဆက်ကပ်ပေါ့၊ တခါမှ မလုပ်ဘူးတာတွေ
လုပ်တာပေါ့။ ဝါတွင်းကြီးမှာ အဲဒီလိုကပ်တာ ရှိမှမရှိဘဲ။"

ဒီလို ရှစ်လေးလုံးနှစ်ပတ်လည်နေ့ မတိုင်ခင်မှာ ရန်ကုန်မြို့တွင်း တခြားလုံခြုံရေး အနေ
အထားတွေရော ဘယ်လိုရှိပါသလဲလို့ မေးကြည့်တော့ ရန်ကုန်မြို့ခံကပဲ အခုလိုပြောပါ
တယ်။

"ဒီမှာ လှည်းတန်းတို့၊ မြို့ထဲတို့၊ မင်္ဂလာဒုံတို့၊ အင်းစိန်ဘက်တို့မှာ အပြည့်ပဲ။ လုံးဝ
Stand by အပြည့်ပဲ။ ကားကြီးတွေနဲ့၊ ဒိုင်းတွေ၊ လွှားတွေ၊ တုတ်တွေနဲ့ ချထားတာ။"

လွန်ခဲ့တဲ့ အနှစ် ၂၀ က ကျောင်းသားတွေ စတင်လှုပ်ရှားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကနေ
တတိုင်းပြည်လုံး ရဟန်းရှင်လူ ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့တဲ့ အထွေထွေသပိတ်ကြီး
ပေါ်ပေါက်ခဲ့ဖူးပါတယ်။ မြန်မာစစ်အစိုးရဟာ လွန်ခဲ့တဲ့အနှစ် ၂၀ က အရိပ်တွေ အခုထိ
ခြိမ်းခြောက်ခံနေရဆဲဖြစ်ပြီး ဒီလိုသပိတ်မျိုးတွေ ထပ်ပြီးမပေါ်ပေါက်အောင် အခုလို
လုံခြုံရေးကို တင်းကျပ်ထားတာလို့လည်း ရန်ကုန်မြို့ခံတွေက သုံးသပ်ပြောဆိုကြပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG