သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသ ကူညီရေးပစ္စည်းများ ရောက်ရန် အခက်အခဲရှိနေဆဲ


မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ
နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာ ၃ လ
ရှိလာခဲ့ပေမယ့် ကယ်ဆယ်ကူညီရေး
ပစ္စည်းတွေ တကယ်လိုအပ်နေတဲ့သူတွေ
ဆီ ရောက်အောင်ပို့ပေးဖို့ အခက်အခဲတွေ
အခုထိ ရှိနေတုန်းပဲလို့ ကုလသမဂ္ဂရုံးချုပ်
က အင်္ဂါနေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်း
ပွဲမှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင်
မုန်တိုင်းသင့်ဒေသတွေမှာ နေထိုင်သူတွေ
အတွက် စားသောက်ရေးနဲ့ ရှင်သန်ရပ်
တည်ရေး အဓိကအခန်းကဏ္ဍမှာရှိတဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ကူညီဖို့ ရန်ပုံငွေတွေ အရေးတကြီး လိုအပ်နေတယ်
လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

နာဂစ်ဆိုင်ကလုံးဒဏ်ခံရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက အခြေအနေတွေဟာ ပြန်လည်
နာလန်ထူတဲ့ အစပိုင်းကာလကို ရောက်လာပြီလို့ မြန်မာ၊ အာဆီယံနဲ့ ကုလသမဂ္ဂ
သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ရဲ့ သုံးသပ်ချက်ကို ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာ
မှုဆိုင်ရာအဖွဲ့က တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂါနေ့ နယူးယောက်ခ် ကုလရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကုလ
သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ မစ်ရှဲလ် မွန်းတပ်စ် (Michèle Montas) က
ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေအတွက် စိန်ခေါ်နေတဲ့ပြဿနာတွေ အများကြီးရှိနေ
သေးတယ်လို့ ပြောပါတယ်။

"နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံထားရတာ ၃ လရှိပြီဖြစ်ပေမယ့် မြန်မာနိုင်ငံထဲမှာ ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေလုပ်ဖို့ အများကြီးလိုအပ်နေပါသေးတယ်။ ဒုက္ခသည်
တွေရှိတဲ့နေရာတွေကို ကယ်ဆယ်ကူညီရေးပစ္စည်းတွေ ပို့ပေးဖို့ လိုအပ်နေသေးတဲ့
အပြင် အခုကာလဟာ နာလန်ပြန်ထူလာတဲ့ အစောပိုင်းကာလလို့ ပြောပေမယ့်
ရင်ဆိုင်ရမယ့် အခက်အခဲတွေက အများကြီးရှိနေပါသေးတယ်။"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ် ဒန်နီယယ်
ဘေကာစ်က မုန်တိုင်းသင့်ဒေသတွေမှာ သိသိသာသာ တိုးတက်မှုတွေရှိလာအောင်
လုပ်နိုင်တာဟာ ဒေသခံတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေက
စေတနာရှင်တွေရဲ့ ဝိုင်းဝန်းကူညီ ပံ့ပိုးမှုတွေကြောင့်ပါလို့ ပြောပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသ ဝေးလံခေါင်သီတဲ့ဒေသတွေက မုန်တိုင်းဒုက္ခသည်တွေရဲ့ ပတ်ဝန်း
ကျင်အခြေအနေဟာ အခုထိ ဆိုးဝါးနေဆဲဖြစ်တာမို့ ဒီဒုက္ခသည်တွေအတွက် အရေးပေါ်
လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အများကြီးလုပ်ရဦးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင်
ဒီဒေသတွေက စိုက်ပျိုးရေးကဏ္ဍအတွက် သိပ်ကိုအရေးကြီးနေပါတယ်လို့လည်း
အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။

"ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်က စိုက်ပျိုး
ရေးကဏ္ဍဟာ အဲဒီဒေသက ဒုက္ခသည် ၂.၄ သန်းအတွက် အစားအစာ ဖူလုံအောင်နဲ့
ရှင်သန်ရပ်တည်နိုင်အောင် လုပ်ပေးနိုင်တဲ့ အဓိကလုပ်ငန်းဖြစ်ပေမယ့် ကူညီရေးရန်ပုံ
ငွေ ချထားပေးတာက အနည်းဆုံးဖြစ်နေတယ်လို့ ပြောပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့
က ဆုံးဖြတ်ခဲ့တဲ့ ရန်ပုံငွေချထားရေးမှာ ဒေါ်လာ ၅၁ သန်းဖိုး သတ်မှတ်ခဲ့ပေမယ့်
ဒါဟာလည်း လိုအပ်ချက်ကို ဖြည့်ပေးဖို့ မလုံလောက်သေးပါဘူး။"

စိုက်ပျိုးရေးလုပ်ငန်းမှာတင်မက ကျန်တဲ့ ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေလုပ်ဖို့၊
နောက် နာလန်ထူတဲ့ အစောပိုင်းကာလအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့
အတွက် အလှူငွေတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အခုအချိန်
အထိ လှူဖို့လျာထားတဲ့ ငွေတွေထဲက ၄၁% ပဲ အလှူငွေရသေးတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ အစားအစာ တန်ချိန်ပေါင်း ၂၅,၀၀၀ ကျော် မုန်တိုင်းသင့်ဒေသကို
ပေးပို့နိုင်ခဲ့ပြီး ဒါဟာ ဒုက္ခသည် ၇၀၀,၀၀၀ နီးပါးအတွက်ပဲ ပေးနိုင်တာမို့ ဒုက္ခသည်
၉၀၀,၀၀၀ ကျော်အတွက် နောက်ထပ် ၉ လစာ အခြေခံလိုအပ်ချက်တွေနဲ့ စားနပ်
ရိက္ခာတွေပို့ပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို့လည်း ပြောကြားပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်းစ်
(John Holmes) က မြန်မာနိုင်ငံရဲ့ အငြင်းပွားဖွယ် ငွေလဲနှုန်းပြဿနာကြောင့် ကုလ
သမဂ္ဂက သုံးစွဲခဲ့တဲ့ အလှူငွေတွေထဲက အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုးလောက် ဆုံးရှုံး
ခဲ့ရတယ်လို့ ပြောဆိုတာမို့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂက
ဆွေးနွေးမှုရှိမရှိ မေးမြန်းကြတဲ့အခါမှာတော့ ဆွေးနွေးမှုတွေ လုပ်ဖို့ရှိပေမယ့် အခြေ
အနေဟာ အခုထိ အရင်အတိုင်းပဲ ရှိနေပါသေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ရဲ့ ပြောခွင့်ရက ဖြေကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG