သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီရေး လှုပ်ရှားသူတွေဆီက မြန်မာ့အရေးအတွက် သမ္မတဘုရှ် အကြံဉာဏ်တောင်း


အမေရိကန်သမ္မတဘုရှ်ဟာ ဒီကနေ့ ထိုင်း
နိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ့ဒီမိုကရေစီ
ရေးလှုပ်ရှားသူ ၉ ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံချိန်မှာ သမ္မတဘုရှ်က အမေ
ရိကန်လူထုဟာ မြန်မာလူထုအပေါ် အလေး
အနက် ဂရုစိုက်ပါကြောင်းနဲ့ မြန်မာလူထု
တနေ့မှာ လွတ်လပ်မှုရှိလာဖို့ မျှော်လင့်
ဆုတောင်းနေပါကြောင်း ပြောခဲ့ပါတယ်။
သမ္မတဘုရှ်နဲ့ တွေ့ဆုံရာမှာ ပါဝင်သူတဦး
ဖြစ်တဲ့ ပလောင်အမျိုးသမီးအဖွဲ့က
လွေအေးနန်းကို ဗွီအိုအေဝိုင်းတော်သား
ကိုကျော်ကျော်သိန်းက ဆက်သွယ်ပြီး သမ္မတဘုရှ်ကို အဓိက ဘာတွေတိုက်တွန်း
ပြောဆိုတယ်ဆိုတာ မေးမြန်းတဲ့အခါ လွေအေးနန်းက ခုလိုစဖြေပါတယ်။

"အဓိကတိုက်တွန်းမှုအနေနဲ့ ကျမတို့က ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ကို ကြည့်မယ်
ဆိုရင် တစုံတရာ သူတို့တွေရဲ့ ဒီမိုကရေစီ အင်အားစုတွေအပေါ်မှာ ထောက်ခံအားပေး
မှုတွေက တော်တော်လေးရပြီးသား ဖြစ်နေပါတယ်။ ပိုပြီးတော့ ရှိနေတဲ့သတင်းအချက်
တွေ သူတို့ကို ပြောပြတဲ့ဟာမျိုး၊ ရှင်းပြတဲ့ဟာမျိုး၊ ပိုပြီးတော့ ဖိအားတွေ ဆက်ပေးသွား
တဲ့ဟာမျိုးတွေ ကျမတို့ ပြောသွားတယ်။"

အခုလို တွေ့ဆုံရတဲ့ ရည်ရွယ်ချက်ဟာ လာရောက်ကြတဲ့ လှုပ်ရှားသူတွေရဲ့ ကိုယ်ပိုင်
အတွေ့အကြုံတွေကို နားထောင်ရုံသာမကဘဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့
အရေး ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာ အကြံပေးကြဖို့ ဖြစ်ပါတယ်လို့ တွေ့ဆုံပွဲ
စတဲ့အချိန်မှာ သမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့အင်အားကြီးခေါင်းဆောင်
တယောက်က တတိယနိုင်ငံတခုမှာ လှုပ်ရှားသူတွေနဲ့ တွေ့ဆုံတယ်ဆိုတာ ဒါဟာ ပထမ
ဆုံးအကြိမ်ပါ။ ဒီတော့ အခုလို ထူးထူးခြားခြား တွေ့ဆုံကြတဲ့အချိန်မှာ အမေရိကန်
သမ္မတကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မြန်မာ့အရေး ဒီ့ထက်ပို တွန်းတွန်း
တိုက်တိုက်လုပ်ဖို့ တညီတညွတ်ထဲ ဘယ်လောက်ပြောနိုင်ခဲ့ကြပါသလဲ၊ အမေရိကန်
သမ္မတ အနေနဲ့ကရော သူတို့ပြောတဲ့အပေါ် ဘယ်လောက်စူးစိုက်မှုရှိပါသလဲ၊
လွေအေးနန်းကတော့ သူတို့တတွေ တညီတညွတ်ထဲ ရပ်တည်ပြောဆိုနိုင်ခဲ့ကြသလို
သမ္မတရဲ့ တုံ့ပြန်မှုပေါ်မှာလည်း အားရတယ်လို့ ပြောပါတယ်။

"တွေ့တဲ့လူအားလုံးက မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့အတွက် နအဖစစ်အစိုးရကို
ပိုပြီး တွန်းအားတွေ ပေးသွားဖို့လိုတယ် ဆိုတာမျိုး၊ ဒီအပေါ်မှာတော့ အကုန်လုံး
သဘောတူကြတယ်။ သမ္မတကိုယ်တိုင်က အရမ်းကို ရင်းရင်းနှီးနှီး ဆက်ဆံတာပေါ့နော်။
စကားပြောနေတဲ့အချိန် ကျမတို့ တဦးချင်းစီ တင်ပြတာတွေကို ကိုယ်တိုင် သေသေ
ချာချာ အလေးအနက် နားထောင်တယ်။ ပြီးတော့ ပြန်မေးစရာရှိရင် မေးတယ်၊
ပြန်ပြောစရာရှိရင် ပြောတယ်။ စိတ်ထဲမှာသိသွားတာက သမ္မတက မြန်မာပြည်အရေးနဲ့
ပတ်သက်ပြီး တကယ်လည်း စိတ်ဝင်စားတယ်၊ အချက်အလက်တွေလည်း သိတယ်။
နောက်ပြီးတော့ သေသေချာချာလည်း အလေးထားပါတယ်။"

တွေ့ဆုံသူတွေထဲမှာ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPPB) က တွဲဘက်အတွင်းရေးမှူး
ကိုဘိုကြည်လည်း ပါဝင်ပါတယ်။

"ဒီနေ့ သမ္မတနဲ့ တွေ့တဲ့အချိန်မှာ သမ္မတကလည်း သူလုပ်နိုင်တဲ့ သူ့ရဲ့ ပေါ်လစီပေါ့၊
အထူးသဖြင့် Targeted Sanction လုပ်တဲ့ဟာတွေ၊ တလောတုန်းက ချလိုက်တဲ့
Sanction တွေနဲ့ပတ်သက်ပြီး ကျနော်တို့ကို အမြင်တွေမေးတယ်။ ဒါတွေနဲ့ပတ်သက်ပြီး
မြန်မာနိုင်ငံသားတွေ ထိခိုက်နိုင်မှုရှိမရှိ၊ အဲဒါတွေကို သူ မေးပါတယ်။ ကျနော်တို့က
လည်း Sanction က နအဖကို ထိခိုက်တယ်၊ ပြည်သူပြည်သားကို ထိခိုက်တယ်ဆိုတာ
သိပ်မရှိဘူး၊ အဲဒါတွေကို ပြန်ဖြေတယ်။

"နောက်တခုက ပြီးခဲ့တဲ့ နာဂစ်တုန်းက အမေရိကန်အစိုးရရဲ့ ကူညီမှုတွေ၊ Sanction
လုပ်ထားတယ်ဆိုပေမယ့် တချို့ဟာတွေကို လူသားချင်းစာနာတဲ့ ရှုထောင့်ကနေ
လျှော့ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းတွေကို ကျနော်တို့ပြောပြတယ်၊ မြန်မာ
နိုင်ငံသားတွေကိုယ်စား။ လက်ရှိမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေဖြစ်
အောင် ဘယ်လိုမျိုး ဆက်လုပ်ကြရင်ကောင်းမလဲဆိုတာ ဝိုင်းဝန်းဆွေးနွေးကြတာပါ။"

သမ္မတဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ်တို့ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို
ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ သမ္မတဘုရှ်ဟာ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
ဆွေးနွေးဦးမှာပါ။ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် တရုတ်နိုင်ငံဟာ အဓိကကျတဲ့
အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စု အပါအဝင် မြန်မာ့
အရေးစိတ်ဝင်စားတဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေကရော၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ
တွေကရော တသဘောထဲ ရှိကြပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံကတော့ မြန်မာစစ်အစိုးရနဲ့သာ နီးနီးကပ်ကပ်ဆက်ဆံ၊
စစ်အစိုးရကိုသာ စစ်ရေး၊ စီးပွားရေး အကူအညီတွေ ပေးနေရုံမက ကမ္ဘာ့နိုင်ငံရေး
ဇာတ်ခုံမှာပါ အကာအကွယ်ပေးနေပြီး ဒီမိုကရေစီရေးအတွက် ပြောဆိုလုပ်ဆောင်
တယ်ဆိုတာ မရှိသေးပါဘူး။ ဒါ့ကြောင့် မြန်မာ့အရေးအတွက် သမ္မတဘုရှ်က တရုတ်
နိုင်ငံကို ဘာတွေတိုက်တွန်းပြောဆိုဖို့ အကြံပေးခဲ့တယ်ဆိုတာ လွေအေးနန်းကို
မေးတော့ သူက …

"ရှမ်းပြည်မှာရှိနေတဲ့ ပလောင်ဒေသမှာဆိုရင် ဘိန်းထုတ်လုပ်မှုနှုန်းတွေ၊ ဘိန်းရှူမှုနှုန်း
တွေက တနှစ်တခြား တိုးတက်လာတာတွေရှိတယ်။ ပလောင်ဆိုရင်လည်း တရုတ်နဲ့
နယ်နိမိတ်ခြင်း ထိစပ်နေတဲ့အတွက် ထိခိုက်နစ်နာတာက တရုတ်ပြည်သူတွေရော၊
ရှမ်းပြည်နယ်မှာရှိတဲ့ ပြည်သူတွေရော နှစ်ဖက်စလုံးဖြစ်နေတာပေါ့။ အဲဒါ တရုတ်ကို
အဲဒီ Message ပေးချင်တယ်။

"သေချာတာတခုကတော့ ကျမတို့နိုင်ငံမှာ အဓိကပြဿနာဖြစ်တဲ့ နိုင်ငံရေးပြဿနာကို
မဖြေရှင်းနိုင်မချင်း နယ်စပ်တလျှောက်မှာရှိနေတဲ့ တရုတ်ပြည်နယ်စပ်ရော၊ ဒီဘက်
ရှမ်းပြည်နယ်စပ်ရော၊ နှစ်ဖက် နယ်စပ်ကြားမှာ ဒီဘိန်းပြဿနာက ဆက်ပြီး ရှိနေဦး
မယ်။ အဲဒီသတင်းအချက်အလက်ကို တရုတ်ကိုသယ်ဆောင်သွားပြီး တရုတ်က မြန်မာ
နိုင်ငံနဲ့ပတ်သက်ပြီး သံတမန်ရေးလုပ်ငန်းတွေမှာ ပိုမိုပြီး နိုင်ငံရေးအပြောင်းအလဲတခု
ရဖို့အတွက် ထောက်ခံမှုတွေ၊ အားပေးမှုတွေ လုပ်သွားအောင်ဆိုပြီး အဲဒီသတင်း
အချက်အလက်တွေ ပေးပေးဖို့ ပြောတာပါ။ သမ္မတကိုယ်တိုင်ကလည်း အဲဒီသတင်း
အချက်အလက်တွေ ပေးသွားမယ်၊ ဆွေးနွေးသွားမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။"

သမ္မတဘုရှ်နဲ့ ဒီကနေ့ ဘန်ကောက်မြို့မှာတွေ့ဆုံချိန် ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ပလောင်
အမျိုးသမီးအဖွဲ့က လွေအေးနန်း ပြောသွားတာပါ။

အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရအပေါ် ဒဏ်ခတ်အရေးယူမှု ချမှတ်ထားတာ
ထိရောက်မှု ရှိ-မရှိဆိုတာကိုလည်း သမ္မတဘုရှ်က မေးခဲ့တယ်လို့ လွေအေးနန်းက
ပြောပါတယ်။ သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုက နောက်ဆုံးချမှတ်လိုက်တဲ့
မြန်မာ့ကျောက်မျက်ရတနာတွေ အမေရိကန်ပြည်ထောင်စုထဲ တင်သွင်းလို့မရအောင်
ပိတ်ဆို့တားဆီးလိုက်တဲ့ ဥပဒေဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့နီးစပ်တဲ့
စီးပွားရေးသမားတွေကို တိုက်ရိုက်သက်ရောက်တာကြောင့် ထိရောက်မှုရှိတဲ့အကြောင်း
သူတို့ ပြန်ပြောပြခဲ့ပါတယ်လို့ လွေအေးနန်းက ပြောပါတယ်။

ဒီကနေ့တွေ့ဆုံချိန်ဟာ စုစုပေါင်း ၁ နာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး သမ္မတဘုရှ်က သူတို့
တယောက်ချင်းစီ ပြောပြတာတွေကို သေသေချာချာ ဂရုတစိုက်နားထောင်ခဲ့၊ မေးခွန်း
တွေပြန်မေးခဲ့ပြီး အရမ်းကို ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ရှိပါတယ်လို့လည်း ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG