သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ လေးလုံး နှစ် ၂၀ ပြည့် အဖမ်းအဆီးတချို့ရှိ


ဒီနေ့ ၁၉၈၈ခုနှစ် သြဂုတ်လ ၈ရက်နေ့ မြန်မာနိုင်ငံ တဝှမ်းလုံးမှာ လူထုအုံကြွမှုကြီးဖြစ်ခဲ့တဲ့ နှစ်(၂၀)ပြည့် နှစ်ပတ်လည်နေ့ပါ။ ဒီနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း နိုင်ငံအတော်များများမှာ ကျင်းပကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ မြို့ကြီး အတော်များများမှာ လုံခြုံရေး တင်းကျပ် ထားတယ်ဆိုတဲ့သတင်းတွေကို ရပါတယ်။ မနေ့ညကတော့ ကျောင်းသားတချို့ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ အဖမ်းခံရသူတွေဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း ဗွီအိုအေ မြန်မာပိုင်းက စုံးစမ်းသိရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗကသများ အဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုဆန်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါ ကိုဆန်းက အခုလို ပြောပါတယ်။

"ကိုသန်းနိုင်အပါအဝင် သုံးဦးထက်မနည်းပါပဲ အဖမ်းခံရပါတယ်။"

သူတို့က ဘယ်နေရာမှာ ဘယ်လို အဖမ်းခံရတာလဲ။

"နေရာကိုတော့ အတိအကျမသိသေးဘူး။ ဒီနေ့ ၈လေးလုံးနှစ်ပတ်လည် လုပ်ဖို့ အစီအစဉ်ရှိကြတယ်။ သူတို့နဲ့ အဆက်ပြတ်သွားတယ်။ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့မှ အခုမှ အတည်ပြုလိုက်တာ။ "

အခုလို လှုပ်ရှားသူတွေ အဖမ်းခံလိုက်ရတာမှာ တာဝန်ရှိသူတွေ အာဏာပိုင်တွေဘက်က ပြောလေ့ရှိတာက နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားအောင် ကြိုးစားလို့၊ ဆူပူလို့ ကြိုးစားလို့ ဆိုပြီး အကြောင်းပြလေ့ရှိပါတယ်။ ဗကသအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင်၊ တိုင်းပြည်ကို ဆူပူအောင် လှုပ်ရှားဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတာလားခင်ဗျ။

"အဲဒါကို ငြင်းပယ်ပါတယ်။ ကျွန်တော်တို့ရဲ့ အခြေခံမူထဲမှာက ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တန်းတူ သွေးစည်း ညီညွတ်ရေး မူ သုံးခုကို အခြေခံပြီးတော့ ကျွန်တော်တို့ ကျောင်းသားလူငယ်တွေ အနေနဲပ လှုပ်ရှားတာတွေပါပဲ။ ဖြစ်ခဲ့ပြီးတဲ့ အဖြစ်အပျက်တွေ၊ ပေါ်ပေါက်ခဲ့ဖူးတဲ့ သမိုင်း အစဉ်အလာတွေကို ကြည့်ရင် ဒီအချက်က ရှင်းလင်းပါတယ်။ အထွေအထူး ရှင်းပြနေစရာတောင် မလိုပါဘူး။"

အခုလို အဖမ်းခံရတဲ့အပေါ်မှာ ဗကသများ အဖွဲ့ချုပ်အနေနဲ့ ဘာပြောစရာ ရှိပါသလဲခင်ဗျာ။

"ကျွန်တော်တို့ တိုင်းပြည်ရဲ့ အမှန်တရားနဲ့ လွတ်လပ်ခွင့် ကြိုးပမ်းမှုသမိုင်းဟာ အခုဆိုရင် နှစ် ၂၀လည်း ပြည့်ခဲ့ပါပြီ။ ကျောင်းသားလူငယ်တွေကို လှုပ်ရှားရင်ရော၊ မလှုပ်ရှားခင်ရောကို ဖမ်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ လှုပ်ရှားမှုတွေကတော့ ရပ်တန့်သွားမှာ မဟုတ်ဘူးဆိုတာကို သတိပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ခံယူချက်က တွေ့ဆုံဆွေးနွေးရေး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်တဲ့ ပညာရေး စနစ်သစ်တခုကို တိုင်းပြည်မှာ မရသေးသ၍ ကျွန်တော်တို့က ဒီအလံကို လက်ဆင့်ကမ်းသယ်ဆောင်ရင်းနဲ့ ဒီသမိုင်းကို ဆက်ရေးသွားမယ်ဆိုတာကို ဒီနေ့မှာ တိုင်းပြည်ကို ပြောချင်ပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG