သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဂျီယာ ပြဿနာ ငြိမ်းချမ်းစွာ အဆုံးသတ်ရေး သမ္မတ ဘုရှ် တိုက်တွန်း


ဂျော်ဂျီယာနိုင်ငံက ခွဲထွက်ဒေသတခုဖြစ်တဲ့ တောင် အိုဇက်တီယား မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အမေရိကန် သမ္မတဘုရှ် က တောင်းဆိုလိုက်ပါတယ်။ နွေရာသီ အိုလံပစ် အားကစားပွဲတော်အတွက် သမ္မတ ဘုရှ် ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကနေ အိမ်ဖြူတော် သတင်းထောက် Paula Wolfson ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

တောင် အိုဇက်တီယား (South Ossetia) က တိုက်ခိုက်မှုတွေ ချက်ခြင်း ရပ်ဆိုင်း ပစ်ရမယ်ဆိုပြီး သမ္မတ ဘုရှ် က ပြောဆိုလိုက်တာပါ။ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဂျော်ဂျီယာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အထူးပဲ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ဒီပြဿနာနဲ့ ပတ်သက်လို့လည်း အလေးအနက် ထားတဲ့ အကြောင်းတွေကို ဘေဂျင်း အိုလံပစ်ပွဲမှာ ရောက်နေတုန်း ပြောလိုက်တာပါ။ အထူးသဖြင့် တောင် အိုဇက်တီယား နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေကို ရုရှားဖက်က ဗုံးကြဲတိုက်ခိုက်နေတာတွေကို ရည်ညွှန်း ပြောဆိုရင်း၊ ပဋိပက္ခတွေဟာ ဂျော်ဂျီယာရဲ့ တခြားနေရာတွေကိုပါ ပျံ့နှံ့လာနေတဲ့ အတွက်လည်း စိတ်အနှောက်အယှက် ဖြစ်နေရတယ်လို့ သမ္မတ က ဆိုပါတယ်။

"အကြမ်းဖက် ပဋိပက္ခတွေက ဒေသတွင်း ငြိမ်းချမ်းရေးကို အန္တာရာယ်ပြုနေပါတယ်။ အရပ်သားတွေရဲ့ အသက်တွေလည်း ဆုံးရှုံးနေရသလို တခြားလူတွေအတွက်လည်း အန္တရာယ် ဖြစ်နေပါတယ်။"

တောင် အိုဇက်တီယား ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဂျော်ဂျီယာ အစိုးရက ၁၉၉၀ ခုနှစ်က ဖျက်သိမ်းခဲ့တာပါ။ လက်ရှိ တီဘလီစီမြို့ (Tblisi) မှာရှိတဲ့ အစိုးရက ဒီလို အခြေအနေမျိုး ပြန်လည် ရရှိနိုင်ဖို့ ကျိုးပမ်းတဲ့ အနေနဲ့ ကြာသပတေးနေ့က စစ်ဆင်ရေးတွေ လုပ်ခဲ့ပါတယ်။ အိုဇက်တီယား ဟာ ရုရှားနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိနေတာဖြစ်ပြီး ခွဲထွက်ရေး လှုပ်ရှားမှုအတွက် ရုရှားနိုင်ငံက ထောက်ခံအားပေးမှုကို ရရှိနေတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဂျော်ဂျီယာနိုင်ငံ က တပ်တွေ စေလွှတ်လိုက်တဲ့အတွက်၊ ဒါကို တုန့်ပြန်တဲ့ အနေနဲ့ ရုရှားနိုင်ငံကလည်း တပ်တွေ၊ ဗုံးကြဲလေယာဉ်တွေ စေလွှတ်လိုက်တာပါ။ သမ္မတ ဘုရှ် ကတော့ သက်ဆိုင်သူတွေ အားလုံး နောက်ပြန်ဆုတ်ကြဖို့၊ ရန်လိုတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ ကြားဝင် ဖြန်ဖြေသူတွေနဲ့ လက်တွဲလုပ်ကိုင်ဖို့ ပြောလိုက်ပါတယ်။

"ဂျော်ဂျီယာဟာ အချုပ်အခြာ ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီးတော့ သူ့ရဲ့ နယ်နမိတ် ပိုင်ဆိုင်မှုကိုလည်း လေးစားရပါမယ်။ ကျနော်တို့ အနေနဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေကို ချက်ခြင်းရပ်ဆိုင်းဖို့ တပ်တွေအားလုံးလည်း တိုက်ခိုက်မှုတွေကို ရပ်ဖို့ တောင်းဆိုပါတယ်။"

အမေရိကန်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ သမ္မတ ဘုရှ် ဟာ ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဒီဗက် (Dmitri Medvedev) ဂျော်ဂျီယာ သမ္မတ မီခိုင်းလ် ဆာခါဗီလီ (Mikhail Saakashvili) တို့နဲ့ သီးခြားစကား ပြောဆိုမှုတွေ လုပ်နေတယ်လို့လည်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ဘေဂျင်းမြို့မှာ သတင်းထောက်တွေကို ပြောရာမှာတော့ သမ္မတ ဘုရှ်က ရုရှားနိုင်ငံ အနေနဲ့ ဗုံးကြဲနေတာတွေကို ရပ်တန့်ဖို့၊ ငြိမ်းချမ်းရေး ကျိုးပမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုလိုက်ပါတယ်။

"ငြိမ်းချမ်းရေးကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ရုရှားနိုင်ငံ အနေနဲ့ ဒီကျိုးပမ်းမှုတွေကို ပံ့ပိုးထောက်ခံဖို့ လိုပါတယ်။"

ရုရှားအစိုးရ တာဝန်ရှိသူတွေ ဖက်ကတော့ လူ ၁၅ ယောက် သေဆုံးပြီး ထောင်ချီတဲ့ မြောက် အိုဇက်တီယား က ဒေသခံတွေဟာလည်း နယ်နမိတ်ချင်း ထိစပ်နေတဲ့ ရုရှားနိုင်ငံထဲ ထွက်ပြေးလာကြတယ်လို့ ပြောပါတယ်။ အခု ပဋိပက္ခတွေကြောင့် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်ပူပမ်မှုတွေ ထွက်ပေါ်လာနေရာမှာ၊ အမေရိကန်၊ အီးယူ (ဥရောပ သမဂ္ဂ) နဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က အပစ်အခတ်ရပ်စဲရေး ရယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကိုယ်စားလှယ်တွေကို သောကြာနေ့ကပဲ စေလွှတ်ခဲ့ကြပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာလည်း အခုပြဿနာနဲ့ ပတ်သက်လို့ ဒီကနေ့ ဆွေးနွေးကြလိမ့်ဦးမယ်လို့လည်း မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG