သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျယ်ချုပ် ဆက်ထိန်းထားတဲ့အပေါ် ဒေါ်စု ရှေ့နေနဲ့ ဆွေးနွေးခွင့်ရ


နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကို ဆက်လက် ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေဖြစ်သူနဲ့ မကြာသေးခင်ကပဲ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ တွေ့ဆုံခွင့်ရခဲ့တာပါ။ အန်အယ်လ်ဒီ ပါတီကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းထာပါတယ်။

နေအိမ် အကျယ်ချုပ် ကျခံနေရတာ ၅ နှစ်ကျော်လာတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် အဖြစ်နဲ့ ပြီးခဲ့တဲ့ တပတ်အတွင်းကပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့တာပါ။ ဒါနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြတာကတော့ -

"တရားရုံးချုပ် ရှေ့နေ ဦးကြည်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၈ရက်နေ့ နေ့ခင်းပိုင်းက ၁နာရီကနေ ၃နာရီလောက်၊ ၂နာရီကြာလောက် ကျွန်တော်တို့ တွေ့ဆုံခွင့်ရပါတယ်။ ကျွန်တော်သိရသလောက်တော့ တွေ့ဆုံတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က ကန့်သတ်မိန့်တွေနဲ့ ပတ်သက်ပြီး ဥပဒေဆိုင်ရာဆွေးနွေးကြတယ်လို့ သိရပါတယ်။ ဒီကန့်သတ် တားဆီးမှုတွေ တိုးချဲ့တဲ့ ကိစ္စတွေကိုပဲ ဆွေးနွေးတယ်လို့သိရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ တားဆီးမိန့်နဲ့ ပတ်သက်ပြီးတော့ ဒီလို ရှေ့နေနဲ့ တိုင်ပင်ခွင့်က ပထမဆုံးကြိမ်လို့ပဲ သိရပါတယ်။ ဥပဒေ ပညာရှင်တွေနဲ့ တွေ့တာကတော့ ၂၀၀၄ခုနှစ်လောက်မှာ ရှိခဲ့ဘူးတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့တာက ကျွန်တော်တို့နဲ့ ၂၀၀၇မှာတွေ့ဆုံခွင့်ရတာပါ။ သက်ဆိုင်ရာ ဆရာဝန်နဲ့က ကျွန်တော် မှတ်မိသလောက် ၂၀၀၈ခုနှစ် ဇန်နဝါရီဟာ နောက်ဆုံး တွေ့တယ်လို့ မှတ်မိပါတယ်။"

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စည်းရုံးရေး ခရီးစဉ်ကို မြန်မာ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့သူတွေက ဝိုင်းဝန်းတိုက်ခိုက်တာကို ခံရပြီး နောက်ပိုင်းကစလို့ နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်း ခံနေခဲ့ရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉ နှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ နှစ်ပေါင်းဟာလည်း ၁၃ နှစ်လောက် ရှိခဲ့တာပါ။ ဒီလို အကျယ်ချုပ် ကျခံနေရမှာ သူမရဲ့ မိသားစ ုဆရာဝန်ကလွဲလို့ ပါတီဝင်တွေ အပါအဝင် ပြင်ပကသူတွေ တွေ့ဆုံခွင့်ကတော့ မရှိသလောက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုနောက်ပိုင်းမှာ မိသားစု ဆရာဝန်တောင် ပုံမှန်သွားရောက် စစ်ဆေးခွင့် မရပဲ ဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေအတွက် စိုးရိမ်ပူပမ်မှုတွေလည်း ရှိနေတာပါ။ အခုနောက်ဆုံး အန်အယ်လ်ဒီ ပါတီရဲ့ ဥပဒေပညာရှင် တွေ့ဆုံခွင့်ရတဲ့ အခြေအနေမှာတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေဟာ ဆိုးဆိုးရွားရွားတော့ မတွေ့ရဘူးလို့လည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

"ကျန်းမာရေးအခြေအနေတော့ ကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တက်တက်ကြွကြွရှိတယ်။ သမားတော်နဲ့တွေ့ခွင့်ရတာက ဇန်နဝါရီလ ၂၄က နောက်ဆုံးပဲလို့ ကျွန်တော်သိတယ်။ ဒီနောက်ပိုင်းမှာ မရှိပါဘူး။ ဒါပေမယ့် နာဂစ်မုန်တိုင်းတိုက်ပြီး အဲဒီကာလမှာတော့ ပျက်ဆီးတာတွေ ပြင်ဖို့ ဆရာတခေါက်ရောက်တယ်လို့ သိတယ်။"

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားတာ ၅ နှစ်ပြည့်သွားတဲ့ မေလကုန်ပိုင်းမှာပဲ အာဏာပိုင်တွေက ဆက်လက်သက်တမ်းတိုး ထိန်းသိမ်းခဲ့တာပါ။ ဒီအတွက်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဘန် ပြစ်တင်မှုတွေလည်း အကြီးအကျယ်ထွက်ပေါ်ခဲ့တာပါ။ သူမရဲ့ ပါတီကလည်း လက်ရှိ တည်ဆဲဥပဒေတွေအရ ဆက်လက် ဖမ်းဆီးမှုဟာ တရားဝင်မှုမရှိဘူးဆိုပြီး ကန့်ကွက်ခဲ့တာတွေ ဥပဒေအရ လျှောက်လဲဖို့ ကြိုးပမ်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေဘက်က ဒါနဲ့ပတ်သက်လို့ တုန့်ပြန်တာရယ်လို့ မယ်မယ်ရရ မရှိခဲ့ပေမဲ့ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမရဲ့ ရှေ့နေနဲ့ တွေ့ခွင့်ရတဲ့အတွက် အန်အယ်လ်ဒီဘက်ကတော့ မျှော်လင့်ချက်တွေ ရှိနေတာပါ။

"လမ်းပွင့်လာတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ အရင်တုန်းက တွေ့ဆုံဆွေးနွေးခွင့် မရခဲ့ပါဘူး။ တွေ့ဆုံ ဆွေးနွေးခွင့် ရတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေ ရှေ့ဆက်လုပ်သွားလိမ့်မယ်လို့ ကျွန်တော် နားလည်ပါတယ်။"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပါ။ အန်အယ်လ်ဒီရဲ့ ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးကြည်ဝင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် မကြာသေးခင်ကပဲ တွေ့ဆုံခွင့် ရခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သူက ပြောပြသွားခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG