သုံးရလွယ်ကူစေသည့် Link များ

တရုတ်ပြည် အနောက်ပိုင်း အစိုးရဌာန ဗုံးခွဲ တိုက်ခိုက်ခံရ


မူဆလင် ခွဲထွက် လက်နက်သမားတွေလို့ ယူဆရတဲ့ လက်နက်ကိုင်အဖွဲ့က တရုတ်ပြည် အနောက်ဘက် ဖျားမှာရှိတဲ့ အစိုးရအဆောက်အဦကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းက အိမ်တွင်းလုပ်လက်ပြစ်ဗုံး တွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ အစိုးရ သတင်းဌာနတွေရဲ့ ပြောကားချက်အရ တိုက်ခိုက်မှု ၁၀ခုအတွင်း ၁၁ဦး သေဆုံးပြီး၊ တိုက်ခိုက်သူ ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အခု အကြမ်းဖက် တိုက်ခိုက်မှုဟာ ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားအပြီး ၂ရက်အကြာမှာ ဖြစ်ပွားခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် စတက်ဖနီဟိုး သတင်းပေးပို့ထားတာကို ဒေါ်ညိုညိုလွင်က တင်ပြပေးပါတယ်။

တနင်္ဂနွေနေ့ မိုးသောက်ယံ အချိန်မှာ အဆက်မပြတ် ဖေါက်ခွဲ တိုက်ခိုက်မှုတွေကြောင့် ကူချာမြို့မှာ လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။ ဒီမြို့ဟာ မြို့တော်ဘေဂျင်းရဲ့ အနောက်ဘက် မိုင် ၃၀၀၀ အကွာအဝေးမှာ ရှိပါတယ်။

တိုက်ခိုက်သူတွေဟာ အငှားယဉ်ကို မောင်းနှင်လာပြီး ဒေသဆိုင်ရာ လူထု လုံခြုံရေးရုံးအဆောက်အဦနဲ့ တခြားဘက် အခြမ်းတွေကို အိမ်တွင်းလုပ် လက်ပစ်ဗုံးနဲ့ ပြစ်ပြီး တိုက်ခိုက်ခဲ့တာလို့ နိုင်ငံပိုင် ဆင်ဝှါ သတင်းဌာနက ပြောဆိုခဲ့ပါတယ်။
အခုလို တိုက်ခိုက်သူတွေဟာ စင်ဂျန်း ဒေသမှာ ၀ီဂါ မူဆလင်ပိုင် လွတ်လပ်တဲ့ အရှေ့ တာကစ်စတန် ကိုယ်ပိုင်နယ်မြေအဖြစ် လိုလားသူတွေဖြစ်တယ်လို့ တရုတ်ဘက်က ဆိုပါတယ်။

ဘေဂျင်း အိုလံပစ် ကော်မတီက ၀မ်ဝေက ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောဆိုတာမှာတော့

“စီဂျန်းဒေသမှာ အရှေ့ဘက် တာကစ်စတန် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေဟာ ဘယ်တော့မှ မရပ်ပါဘူး။ တရုတ်ပြည်မှာဖြစ်တဲ့ အခုလို တိုက်ခိုက်မှုတွေ အားလုံးဟာ ခွဲထွက်ရေးအတွက်ပဲဖြစ်ပါတယ်။ ဒီလို အပြုအမူတွေကို ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်နိုင်ငံကမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး”လို့ စကားပြန်နဲ့ ပြောဆိုသွားတာပါ။

တချိန်ထဲမှာပဲ ဒီတိုက်ခိုက်မှုဟာ အိုလဲပစ်ပွဲ ကျင်းပနေချိန် တကမ္ဘာလုံးရဲ့ အာရုံ စိုက်မှုကို ရလိုတာ ကြောင့်ဖြစ်တယ်လို့လဲ ၀မ် က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ တပတ်က ရဲ ၁၆ ဦးသေဆုံးခဲ့ရတဲ့ စီဂျင်းဒေသရဲ့ မြို့တော် ကက်စ်ဂါမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု အပြီး အခု တိုက်ခိုက်မှု ဖြစ်ခဲ့ရတာပါ။
လူ့အခွင့်အရေး အဖွဲ့တွေကတော့ ၀ီဂါ မူဆလင်တွေကို တရုတ်က ဖိနှိပ်မှုတွေ ပြင်းပြင်းထန်ထန်လုပ် လုပ်တာကြောင့်လို့ စွတ်စွဲပြောဆိုပါတယ်။

ပိုမိုနာ ကောလိပ် ပစိဖိတ် ဘေဆင် အင်စနီကျုရဲ့ ဥက္ကဌ ဒရူးဂလက်နီ Dru Gladney က ဒီတိုက်ခိုက်မှု ဟာ အရမ်းဝေးကွာတဲ့နေရာမှာ ဖြစ်ပွားခဲ့တာကြောင့် အိုလမ်ပစ်ပွဲကို မထိခိုက်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါအပြင် တိုက်ခိုက်မှုဟာ အစိုးရ ပိုင်ဆိုင်တဲ့ နေရာတွေကိုပဲ ပြစ်မှတ်ထားပြီး လူထုတွေနဲ့ ထိတွေနေရာတဲ့ မီးရထားတွေ၊ ဘစ်ကားတွေ၊ လေယာဉ်တွေကို တိုက်ခိုက်တာ မဟုတ်လို့ စင်ဂျန်းဒေသမှာ နေထိုင်တဲ့ ပြည်သူလူထုအတွက် အန္တရာယ်မရှိပါဘူးဆိုတဲ့ အချက်ကိုလည်း ဂလက်ဒနီ က ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG