သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ ဇာဂနာနှင့် လေဘေးကူညီသူများအပေါ် တရားစီရင်ရေး မျှတမှုရှိ၊ မရှိ မေးခွန်းထုတ်


မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့
နိုင်ငံကျော်လူရွှင်တော် ဇာဂနာခေါ် ကိုသူရ၊
အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်
ထွေးတို့အတွက် ဥပဒေကြောင်းအရ လိုက်ပါ
ကူညီဆောင်ရွက်ဖို့ သူတို့ရဲ့ရှေ့နေတွေကို
အာဏာပိုင်တွေက ခွင့်ပြုလိုက်ပါပြီ။ ဒီလို ခွင့်ပြု
လိုက်တယ်ဆိုပေမယ့် တကယ်တမ်း ဥပဒေရဲ့
အကာအကွယ်တွေရဖို့ တရားမျှတမှုတွေကို
ခံစားနိုင်ဖို့ အခွင့်အရေးတွေကတော့ အလှမ်း
ဝေးနေဆဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

လေမုန်တိုင်း ဘေးဒဏ်သင့်သူတွေအတွက်
တပိုင်တနိုင် အကူအညီပေးနေရင်း ဖမ်းဆီးခံခဲ့ကြရတဲ့ နိုင်ငံကျော်လူရွှင်တော်၊ စွယ်စုံ
အနုပညာရှင် ဇာဂနာခေါ် ကိုသူရ၊ အားကစားဂျာနယ်အယ်ဒီတာ ကိုဇော်သက်ထွေး
စတဲ့သူတွေအတွက် ဥပဒေနဲ့အညီ ခုခံကာကွယ်ပေးဖို့ သူတို့ရဲ့ ဥပဒေအကျိုးဆောင်
တွေကို ခွင့်ပြုချက်ပေးလိုက်တာပါ။ စွပ်စွဲချက်အများအပြားနဲ့ အခုဆိုရင် ရန်ကုန်
အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ သူတို့အမှုအတွက် လိုက်ပါဆောင်ရွက်ဖို့
ခွင့်ပြုချက်ကို ထောင်အာဏာပိုင်တွေဆီက ဒီကနေ့ပဲ ရခဲ့တာလို့ ရှေ့နေကြီး
ဦးခင်မောင်ရှိန်က ပြောပါတယ်။

"ဒီနေ့ ထောင်ထဲမှာ တခြားအမှုရှိလို့ သွားတယ်၊ အထူးရုံးရှိလို့ သွားတယ်။ သွားတဲ့အခါ
အဲဒီမှာ မေးကြည့်တယ်၊ စာတွေရပြီလားဆိုတော့ ရပြီဆိုပြီး လာပို့ပေးတယ်။ ၅၀၅(ခ)
ရယ် ၂၉၅(က)၊ ဘာသာ သာသနာ ညစ်နွမ်းအောင်လုပ်တယ်ဆိုတဲ့ဟာ၊ ပြီးတော့
၁၇(၁) မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ဟာ။ နောက်တခါ ဗွီဒီယိုအက်၊ ဗွီဒီယို
အက်ကတော့ ၂ ခုလားဆိုတာ သေချာမသိရသေးဘူး။ နောက်တခါ အီလက်ထရောနစ်
ဥပဒေ၊ အဲဒီ ၄ မျိုးတော့ သိထားတယ်။ အီလက်ထရောနစ်နဲ့လည်း နောက်ထပ်
ဘယ်ပုဒ်မတွေ၊ ဘယ်ပုဒ်မတွေ စွဲထားလည်းမသိဘူး။ ၃ ခုလားမသိဘူး၊ အီလက်
ထရောနစ်နဲ့ပတ်သက်ပြီး။

"ကိုဇော်သက်ထွေးက အဲဒီမှာ ၂ ခုပါတယ်။ သူတို့ ၄ ယောက်၊ ကိုသူရခေါ် ဇာဂနာရယ်၊
ကိုသန့်ဇင်အောင်ရယ်၊ ကိုဇော်သက်ထွေးရယ်၊ နောက် ချာတိတ်လေးတယောက်လည်း
ပါတယ်။ ဦးဇော်လင်းကလည်း ကိုဇော်သက်ထွေးနဲ့ ကျန်တဲ့တယောက်အတွက် ပါဝါ
ကျပြီလို့ပြောတယ်။"

ပြီးခဲ့တဲ့ ဇွန်လထဲမှာပဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံနေခဲ့ရပြီး အခုလို ၂ လနီးပါး
အကြာမှာ ရှေ့နေရှေ့ရပ်တွေနဲ့ ခုခံကာကွယ်ဖို့ အခွင့်အလမ်းရခဲ့တာပါ။ ဒါပေမယ့်လည်း အမှုမှာ လိုက်ပါဆောင်ရွက်ဖို့ရှိတဲ့ ဥပဒေအကျိုးဆောင်တွေအနေနဲ့ အမှုသည်နဲ့ တွေ့ခွင့် မရသေးတာ၊ ဘယ်လိုစွပ်စွဲချက်တွေနဲ့ သူတို့ကို အရေးယူဖို့ လုပ်နေတယ်ဆိုတာကို သက်ဆိုင်သူ မိသားစုတွေကိုယ်တိုင်က မသိရသေးတာ စတာတွေကြောင့် တရားဥပဒေ ရဲ့ အကာအကွယ်ကို အပြည့်အဝရနိုင်မယ့် အခြေအနေမျိုးတော့လည်း မရှိသေးပါဘူး။

"တကယ်ကတော့ အန်ကယ်တို့ ရှေ့နေရှေ့ရပ်ဆိုတာကလည်း အမှုသည်၊ အမှုဖြစ်တဲ့
အကြောင်းချင်းရာကို ကြိုတင်ပြီးတော့ သေသေချာချာ သိထားနိုင်မှသာ တရားခွင်မှာ
ပိုကောင်းတာပေါ့။ အခုဟာ အန်ကယ်တို့က ဘာကြောင့်ဖြစ်တယ်ဆိုတာတောင်
သေသေချာချာ မသိရဘူး။ ဥပမာ ကိုဇာဂနာကို ဘာကြောင့်ဖမ်းတာလဲ ဆိုတဲ့အပိုင်းကို
သေသေချာချာ မသိရဘူး။ အမှုတင်လာတဲ့အခါကျမှ ဒီအမှုတွေ၊ ဒီပုဒ်မတွေ ရှိတယ်
ဆိုတာ အကြမ်းဖျဉ်းသိရတာ။ သေသေချာချာ မသိရသေးဘူး။

"ကာယကံရှင်ဖြစ်တဲ့ ကိုဇာဂနာကသော်လည်းကောင်း၊ ကိုဇော်သက်ထွေးကသော်
လည်းကောင်း၊ ကိုသန့်ဇင်အောင်ကသော်လည်းကောင်း၊ ကျနော့်တော့ ဒီအမှု၊ ဒီအမှုနဲ့
စွဲတယ်။ ဘယ်အကြောင်းအရာပေါ်မှာ စွဲခြင်းဖြစ်တယ်ဆိုတဲ့ ဆွေးနွေးညှိနှိုင်းမှု၊ တိုင်ပင်
ရမှု မရှိတဲ့အခါကျတော့ အခက်အခဲတော့ တွေ့ပါတယ်။ ဒါတွေကလည်း အခု ကိုသူရတို့
အမှုမှ မဟုတ်ဘူး။ ရှေ့မှာရှိခဲ့တဲ့ အမှုတွေလည်း ထိုနည်းလည်းကောင်းပဲ။ ဥပမာ ၈၈
ကျောင်းသားတို့၊ အခုဖြစ်နေတဲ့ တချို့အမှုတွေဆိုရင် တွေ့ဆုံခွင့်ပေးမယ်ဆိုလို့
လျှောက်တယ်၊ မရခဲ့ဘူး။ ဒီလိုပဲ တရားခွင်ရောက်ခါမှ အန်ကယ်တို့ သိရတဲ့အပိုင်း
ဖြစ်တယ်။"

ဒီလိုအခြေအနေမျိုးမှာ စွပ်စွဲချက်ပေါင်းစုံနဲ့ ထိန်းသိမ်းခံနေရတဲ့ သူတို့တတွေအဖို့က
တော့ တရားမျှတမှုကို ခံစားခွင့်ရှိမယ်၊ မရှိဘူးဆိုတာလည်း မပြောနိုင်သေးဘဲ ဖြစ်နေ
ရတာပါ။

"ဒီအမှုဖြစ်စဉ်ကို အကြောင်းစုံ သေချာမသိရဘဲနဲ့ တဖက်က တရားလိုရဲ့ စွပ်စွဲချက်
အပေါ်မှာ အန်ကယ်တို့က ပြန်ပြီးတော့ ခုခံရေးလမ်းကြောင်း ဆွဲရတဲ့ပုံစံမျိုး ဖြစ်တဲ့အခါ
ကျတော့ တဖက်က စွပ်စွဲခံရတဲ့ တရားခံအတွက် ပြီးပြည့်စုံတဲ့ မျှတမှု မဖြစ်ဘဲနဲ့
အားနည်းတာမျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကြောင့် တကယ်လို့ လွတ်လပ်စွာ
တရားစီရင်ရေး၊ ရှေ့နေရှေ့ရပ်နဲ့ ခုခံခွင့်ပေးတယ်ဆိုရင် ဒီလိုအမှုမျိုးတွေမှာ ရှေ့နေ
ရှေ့ရပ်နဲ့ ကြိုတင်ပြီးတော့ စွပ်စွဲခံရသူက တွေ့ဆုံဖို့လိုပါတယ်။ အဲဒါမှလည်း တရားမျှတ
တဲ့ အနေအထားကို ပိုပြီးတော့ ပီပြင်စေမယ်လို့ အန်ကယ်တော့ ယူဆတယ်။"

ရန်ကုန်မြို့က ရှေ့နေကြီး ဦးခင်မောင်ရှိန်ပါ။
အခုထိန်းသိမ်းခံနေရတဲ့ လူရွှင်တော် ဇာဂနာခေါ် ကိုသူရအနေနဲ့ သူ့ရဲ့ လွတ်လပ်စွာ
ပြောဆိုမှုတွေ၊ ဝေဖန်မှုတွေကြောင့် အာဏာပိုင်တွေရဲ့ ငြိုငြင်မှုကို ခံခဲ့ရသူဖြစ်သလို
သူ့ရဲ့ အနုပညာလုပ်ငန်းတွေကိုလည်း မကြာခဏ ပိတ်ပင်တားမြစ်တာတွေနဲ့ ရင်ဆိုင်ခဲ့
ရသူ၊ ဖမ်းဆီးတာကိုတောင် ခံခဲ့ရသူဖြစ်ပါတယ်။

အားကစားဂျာနယ် အယ်ဒီတာတဦးဖြစ်တဲ့ ကိုဇော်သက်ထွေးဟာဆိုရင်လည်း မြန်မာ
နိုင်ငံက အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) ကို တိုင်ကြားမှုအတွက် ၂၀၀၃ ခုနှစ်တုန်းကလည်း တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခံခဲ့ရဘူးသူပါ။ ဒါပေမယ့်လည်း နောက်ပိုင်း ILO ရဲ့ ဖိအားပေး ဆောင်ရွက် ချက်တွေ ရှိလာတဲ့နောက် ၂ နှစ်လောက်အကြာမှာမှ အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးရာက ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG