သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန်န်အယ်လ်ဒီ ကိုယ်စားလှယ် ၂ ဦး အကြောင်းပြချက်မရှိဘဲ အဖမ်းခံရ


မြန်မာနိုင်ငံက အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်တဲ့ ဦးညီပုနဲ့
ဒေါက်တာတင်မင်းထွဋ်တို့ကို အာဏာပိုင်တွေက ဒီကနေ့ပဲ ဖမ်းဆီးခေါ်ဆောင်သွား
တယ်လို့ နီးစပ်သူမိတ်ဆွေတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။
ဘာအကြောင်းကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒီရက်ပိုင်းအတွင်း တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေထဲက အခုနောက်ဆုံးကြား
ရတဲ့ အထဲမှာဆိုရင် ရခိုင်ပြည်နယ် ဂွမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီပု၊ ဧရာဝတီတိုင်း ပန်းတနော်
မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်တို့ ၂ ဦးလည်း ပါဝင်ခဲ့တာပါ။
သူတို့ ၂ ဦးကို ဒီကနေ့မနက် အစောပိုင်းမှာပဲ အာဏာပိုင်တွေက ရန်ကုန်မြို့ နေအိမ်
တွေမှာ လာရောက်ဖမ်းဆီးသွားတာလို့ အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း
က ပြောပါတယ်။

“ကျနော်တို့သိတာတော့ ဒီနေ့မနက်ပိုင်း နှစ်နာရီဝန်းကျင်လောက်မှာ ဦးညီပု၊ သူက
ဂွမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အဖွဲ့ချုပ် ရခိုင်ပြည်နယ် ဥက္ကဋ္ဌ၊
နောက်တယောက်က ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာတင်မင်းထွဋ်၊ သူတို့နှစ်ယောက် ဒီမနက် အဖမ်းခံရတယ်လို့ သိရတယ်။
အကျိုးအကြောင်းတော့ အခုထိ မသိရသေးဘူး။ မနက်ပိုင်း နှစ်နာရီလောက်မှာပဲ
လာရောက်ဖမ်းဆီးသွားတယ်လို့ သိတယ်။

“ကျနော်တို့မြင်တာကတော့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေထဲက တက်တက်ကြွကြွ လုပ်တဲ့လူ
တွေ၊ သူတို့ရဲ့ဆန္ဒကို ကိုယ်ပိုင်ထုတ်ဖော်ချင်တဲ့သူတွေကို အမြဲတမ်း ဖမ်းဆီးလေ့ရှိ
တယ်။ အခုလည်း ဒီသဘောပဲလို့ အန်ကယ်တို့ တွက်လို့ရတယ်။ အခုအဖမ်းခံရတဲ့
ပုဂ္ဂိုလ်တွေကိုယ်တိုင် တစုံတရာ ကျူးကျူးလွန်လွန် ဘာမှဆောင်ရွက်တာ မရှိဘူး။
သူတို့ရဲ့ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တော့ သူတို့ ကျင့်သုံးတာ ရှိကောင်း
ရှိလိမ့်မယ်။”
အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာဖြစ်ပါတယ်။

ရန်ကုန် ဗိုလ်တထောင်မြို့နယ် ၄၂ လမ်း၊ ကုန်သည်လမ်းနဲ့ ဗန္ဓုလလမ်းကြားက ဦးညီပု
နေထိုင်ရာတိုက်ခန်းကို အာဏာပိုင်တွေရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့
အကြောင်းနဲ့ ပတ်သက်လို့ နီးစပ်သူ မိသားစု မိတ်ဆွေတဦး ပြောပြတာကတော့ …

"ဦးညီပုက မနက် ၃ နာရီကျော်လောက်မှာ အထိန်းသိမ်းခံလိုက်ရတယ်။ မေးစရာရှိလို့
ဆိုပြီး ခေါ်သွားတာပေါ့။ အိမ်ကနေ ခေါ်သွားတာ။ သူက တိုက်ခန်းငှားနေတော့ အဲဒီ
နေရာကနေ ခေါ်သွားတာ။ သူ့ရဲ့ဟန်းဖုန်းပါ ယူသွားပြီး သိမ်းလိုက်တယ်။"

မြန်မာစစ်အစိုးရ အာဏာပိုင်တွေအနေနဲ့ကတော့ အစဉ်အလာအရ အခုလို ဖမ်းတဲ့
ဆီးတဲ့အခါ အကျိုးအကြောင်း တိတိကျကျ ပြောပြတာမျိုး မရှိသေးသလို အခု
အန်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ကို ဖမ်းဆီးရာမှာလည်း
ဘာအကြောင်းကြောင့်ဆိုတာ မသိနိုင်ဘဲ ဖြစ်နေရတာပါ။ ဒါပေမယ့်လို့ အခုထိန်းသိမ်း
ခံလိုက်ရသူ ၂ ဦးစလုံးဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေ
ပေါ်ပေါက်လာအောင် ကမ္ဘာ့ကုလသမဂ္ဂကို တိုက်တွန်းနှိုးဆော်စာတွေ ရေးသား
လက်မှတ်ထိုး ပေးပို့ခဲ့သူတွေထဲမှာ ပါဝင်ခဲ့ကြတာပါ။ အဲဒီတုန်းကတော့ ဦးညီပု၊
ဒေါက်တာတင်မင်းထွဋ်တို့အပြင် ချင်းပြည်နယ် တွန်းဇံမြို့နယ်က ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးကျင့်ရှင်းထန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စစ်ကိုင်းတိုင်း
ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်မြေက ဒေါက်တာမြင့်နိုင်နဲ့ ဦးသိန်းဖေတို့လည်း ပါဝင်ခဲ့
တာပါ။ ဒီအထဲက နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့ ဦးကျင့်ရှင်းထန်ကတော့
အခုဖမ်းဆီးမှုတွေဟာ ဒီလိုတိုက်တွန်းစာတွေနဲ့ ဆက်စပ်လိမ့်မယ်လို့ မယူဆကြောင်း
ပြောပါတယ်။

"ကျနော့်အယူအဆကတော့ အဲဒီလိုမထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက Open
Letter ပဲ။ ပြီးတော့ ဒီဥစ္စာက ဒီအစိုးရနဲ့လည်း မဆိုင်ပါဘူး။ ကျနော်တို့က ဘန်ကီမွန်း
တို့ ဂမ်ဘာရီတို့ကို ဝေဖန်တာပါပဲ။ ဒီဥစ္စာက ဘယ်လိုဖြစ်သလဲလို့ ဌာနဆိုင်ရာကို
မေးတော့လည်း သူတို့ သေချာ ဘာမှမပြောနိုင်ဘူး။ ကျနော်တို့လည်း ဘယ်လို
သဘောထားရမလဲ၊ သူတို့ တကယ်ဖမ်းတယ်၊ ဘယ်မှာထားတယ်၊ ဘယ်လောက်
ကြာမယ်ဆိုတာလည်း ဘာမှမသိသေးတာနဲ့ အခု သူတို့က ဘာကိစ္စများ မေးမလို့လဲ၊
အမှန်ကတော့ ဒီတိုင်းပြည်က ဖမ်းလိုက်ဆီးလိုက်နဲ့ပဲ ခရီးသွားနေတာပဲ။"

ဒါဟာဆိုရင် လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့ ကုလသမဂ္ဂ အထူးကိုယ်စား
လှယ် ပြန်သွားပြီးနောက် အဖမ်းအဆီးတွေထဲက နောက်ဆုံးကြားကြရတာပါ။ ပြီးခဲ့တဲ့
တပတ် ရှစ်လေးလုံး ဒီမိုကရေစီရေး တောင်းဆိုအုံကြွမှု အနှစ် ၂၀ ပြည့်ကာလ
အတောအတွင်းမှာတုန်းကလည်းပဲ တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်
က ဖမ်းတာဆီးတာတွေ ရှိခဲ့တာပါ။ အဲဒီအထဲမှာ ၈၈ မျိုးဆက်ကျောင်းသားဟောင်း
တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေအပြင် ရခိုင်ပြည်နယ်
တောင်ကုတ်မြို့မှာဆိုရင်လည်း တက်ကြွလှုပ်ရှားသူ လူငယ်အများအပြား ဖမ်းဆီးခံခဲ့
ကြရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG