သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန်န်အယ်လ်ဒီ လွှတ်တော်အမတ်တွေ ဖမ်းဆီးခံရမှုအပေါ် ကုလသမဂ္ဂနဲ့ AI စိုးရိမ်မကင်းဖြစ်


မြန်မာစစ်အစိုးရ ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ကုလသမဂ္ဂက
အသိအမှတ်မပြုဘဲ ပယ်ချပေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) ဆီကို စာရေးသားပေးပို့ခဲ့သူ ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးညီပုနဲ့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်တို့ကို မနေ့တုန်းက အာဏာပိုင်တွေ
က ဖမ်းဆီးသွားခဲ့ပါတယ်။ သူတို့ကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာ အတိအကျ
မသိရသေးပေမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီကို ဇူလိုင်လက စာပို့
ခဲ့တဲ့ကိစ္စကြောင့်လို့ ခန့်မှန်းမှုတွေတော့ ရှိနေပါတယ်။ ကုလသမဂ္ဂရုံး ပြောခွင့်ရပုဂ္ဂိုလ်
မစ္စတာ ဖာဟင်ဟတ်ကို ဆက်သွယ်မေးမြန်းပြီး မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက် ဖမ်းဆီးခံရတဲ့အပေါ်မှာ ကုလသမဂ္ဂရဲ့
သဘောထားကို မေးတဲ့အခါ မစ္စတာ ဖာဟင်ဟတ်က အခုလိုပြောပါတယ်။

"မြန်မာနိုင်ငံက နိုင်ငံရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး
မြန်မာစစ်အစိုးရရဲ့ ပြုမှုဆက်ဆံပုံအပေါ်မှာ အင်မတန်စိုးရိမ်တယ်ဆိုတာကို ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကရော အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ (Mr. Gambari) ကပါ မြန်မာစစ်အစိုးရသိ
အောင် ပြောနေခဲ့တာပါ။ လာမယ့်သီတင်းပတ်တွေအတွင်း မစ္စတာဂမ်ဘာရီ မြန်မာ
နိုင်ငံသွားတဲ့အခါ ဒီအကြောင်းကို ထပ်ပြီးပြောမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး
ပြန်လွှတ်ပေးဖို့အတွက် ကုလသမဂ္ဂက ပြောနေတဲ့ကြားက အခုလို အဖမ်းအဆီးတွေကို
ဆက်ပြီးလုပ်နေတော့ ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်အစိုးရခေါင်းဆောင်တွေ တကယ်
ပဲ ပြောတာကို နားထောင်လာအောင်လို့ တခြားနည်းလမ်းရော မရှိတော့ဘူးလား။

"မစ္စတာဂမ်ဘာရီဟာ မြန်မာစစ်အစိုးရ တခုတည်းနဲ့တင်မဟုတ်ဘဲ အာဆီယံအဖွဲ့ဝင်
နိုင်ငံတွေ အပါအဝင် ဒေသတွင်းက တခြားနိုင်ငံတွေနဲ့လည်း မြန်မာစစ်အစိုးရ နားဝင်
လာအောင် ဆောင်ရွက်နေတာပါ။ နောက်ဆုံးအခြေအနေတွေ အားလုံးကိုလည်း
မစ္စတာဂမ်ဘာရီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောပြနေတာပါ။ ကုလသမဂ္ဂ
အနေနဲ့ မြန်မာစစ်အစိုးရအပေါ် နောက်ထပ်တွန်းအားပေးတဲ့ လုပ်ငန်းစဉ်ထဲမှာ မြန်မာ့
အိမ်နီးချင်းနိုင်ငံတွေ အားလုံးပါဝင်လာပြီး တနိုင်ငံချင်းစီရဲ့ မြန်မာစစ်အစိုးရအပေါ်
သြဇာညောင်းမှုကို အသုံးပြုပြီး ကုလသမဂ္ဂက တောင်းဆိုနေတာတွေကို လိုက်နာ
ဆောင်ရွက်လာအောင် လုပ်ကြဖို့ မျှော်လင့်ပါတယ်။"
ကုလသမဂ္ဂ ပြောခွင့်ရသူ မစ္စတာဖာဟင်ဟတ် ဖြေကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပြီး လွတ်လွတ်လပ်လပ်
လှုပ်ရှားသွားလာခွင့် ပေးဖို့အတွက် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အကြိမ်ကြိမ်
အစိုးရကို တောင်းဆိုခဲ့ပြီး မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို သွားတဲ့အခါမှာလည်း
ဒီကိစ္စကို ထပ်ပြီးပြောလိမ့်မယ်လို့လည်း မစ္စတာဖာဟင်ဟတ်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ
ဂမ်ဘာရီကို သြဂုတ်လလယ်မှာ မြန်မာနိုင်ငံကိုလာဖို့အတွက် စစ်အစိုးရက ဖိတ်ကြား
ထားပါတယ်။ မစ္စတာဂမ်ဘာရီ ဘယ်နေ့ဘယ်ရက် အတိအကျ သွားမယ်ဆိုတာကိုတော့
ကုလသမဂ္ဂက တိတိကျကျ မပြောသေးပေမယ့် စက်တင်ဘာလဆန်းလောက်မှာ
သွားမယ်လို့ ပြောပါတယ်။

အခုလို မြန်မာနိုင်ငံမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးနေတာနဲ့
ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)
က စိုးရိမ်ကြောင်း Amnesty International အမေရိကန်ရုံး အာရှ-ပစိဖိတ်ဒေသဆိုင်ရာ
တာဝန်ခံ မစ္စတာတီကူးမားက ဗွီအိုအေကို ပြောပါတယ်။

"အခုလိုအခြေအနေမျိုးမှာ မြန်မာစစ်အစိုးရက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ
ကို လိုက်ဖမ်းနေတဲ့အပေါ်မှာ Amnesty International က စိုးရိမ်ပါတယ်။ တကယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက တကယ်ပဲ ဥပဒေချိုးဖောက်ထားတယ်ဆိုရင်
စွဲချက်တင်ပါ၊ မဟုတ်ရင် ပြန်ပြီးလွှတ်ပေးပါလို့ စစ်အစိုးရကို တိုက်တွန်းချင်ပါတယ်။
ပုဒ်မ မတပ်ဘဲ ဖမ်းဆီးထားတာ၊ အကြောင်းမရှိဘဲ ဖမ်းဆီးထားတာမျိုးဟာ ပြဿနာ
ကိုဖြေရှင်းတဲ့ နည်းလမ်းမှန်မဟုတ်ပါဘူး" လို့ မစ္စတာကူးမားက ပြောသွားပါတယ်။

မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့က စစ်အစိုးရအပေါ်မှာ ကျောထောက်နောက်ခံ
ပေးနေတဲ့အတွက်လည်း အခုလို စစ်အစိုးရက နိုင်ငံတကာရဲ့ တောင်းဆိုပန်ကြားမှုတွေ
ကို နားမထောင်ဘဲ နိုင်ငံရေးလှုပ်ရှားသူတွေကို ဆက်ပြီးဖမ်းဆီးနေတာလို့ ပြောပါ
တယ်။

"အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က မြန်မာအစိုးရနဲ့ ခပ်ခွာခွာမနေသရွေ့ မြန်မာအစိုးရကတော့
နိုင်ငံတကာက ပြောနေတာတွေကို အရေးစိုက်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံကြီး
ဖြစ်တဲ့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာလာစေဖို့
အရေးမှာ တက်တက်ကြွကြွ ဆောင်ရွက်ခြင်းမရှိတဲ့အပေါ် Amnesty International က
အထူးစိုးရိမ်ပါတယ်။

"အိန္ဒိယနဲ့ တရုတ်တို့ကို Amnesty International က ပန်ကြားချင်တာကတော့ မြန်မာ
နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အထူးသဖြင့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်တွေကို ပြန်လွှတ်ပေးဖို့ အနည်းဆုံး မြန်မာအစိုးရကို တိုက်တွန်းပါ" လို့
Amnesty International အမေရိကန်ရုံးက အာရှ-ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ
မစ္စတာတီကူးမားက ဗွီအိုအေကို ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG