သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အေပီ သတင်းထောက် ဒေါ်အေးအေးဝင်း သတင်းဆိုင်ရာ ရဲစွမ်းသတ္တိဆု ရရှိ


အေပီ သတင်းဌာနရဲ့ မြန်မာနိုင်ငံ သတင်းထောက် ဒေါ်အေးအေးဝင်း ကို IWMF လို့ခေါ်တဲ့ နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက ၂၀၀၈ ခုနှစ်အတွက် သတင်းဆိုင်ရာ ရဲစွမ်းသတ္တိ ဆု ပေးဖို့ ရွေးချယ်လိုက်ပါတယ်။ ဒေါ်အေးအေးဝင်း ဟာ ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရရဲ့ အနီးကပ် စောင့်ကြပ်မှုအောက်မှာ သတင်းယူ၊ သတင်းပို့ရတာ ဖြစ်တယ်။ ပြည်ပသတင်းထောက်တွေ မြန်မာသတင်း ရအောင် ကူညီတယ်ဆိုပြီး ပြည်ပ ပုဆိန်ရိုးလို့ အစိုးရ မီဒီယာရဲ့ ခေါ်ဝေါ် သုံးစွဲတာ ခံခဲ့ရတဲ့အကြောင်း MWIF က ထောက်ပြပါတယ်။

၂၀၀၇ ခုနှစ် ရန်ကုန်မြို့မှာ စစ်အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်တုန်းကဆိုရင် စစ်သားတွေက လူထုကို ရိုက်နှက် ပစ်ခတ်နေတုန်း လမ်းပေါ် ဆင်းပြီး သတင်းယူခဲ့တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ဒေါ်အေးအေးဝင်းကို ဗွီအိုအေ ဝိုင်းတော်သား ဦးကျော်ဇံသာ က ဆက်သွယ် မေးမြန်းခဲ့ရာမှာ ဘာကြောင့် ဒီဆုအတွက် အရွေးခံရတာလည်း ဆိုတာနဲ့ပတ်သက်လို့ ဒေါ်အေးအေးဝင်း က အခုလို စပြောခဲ့ပါတယ်။

"အဲဒါကတော့ တော်တော်တော့ ပြောရခက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာကြောင့် ရွေးလဲ ဆိုတာ ကိုယ်ကလည်း မသိဘူးလေ။ ဒီအဖွဲ့အစည်းက သူက ဘယ်တုန်းက စောင့်ကြည့်နေလဲ။ ဘယ်လို ဆုံးဖြတ်လဲ ဆိုတာ ကိုယ်က မသိတော့လေ။ ကိုယ်ကလည်း သိပ် ထူးထူးခြားခြား ကိုယ့်ကိုယ်ကို တော်တယ်လည်း မထင်တော့ ဘာကြောင့်ပေးလဲ ဆိုတာတော့ အမှန်အတိုင်း ပြောရရင်တော့ သိပ် မသိပါဘူး။"

မြန်မာနိုင်ငံထဲမှာ ဒေါ်အေးအေးဝင်းနဲ့အတူ လုပ်နေတဲ့ အမျိုးသမီး သတင်းစာ ဆရာမ ဘယ်လောက်လောက်များ ရှိပါသလဲခင်ဗျ။ -

"အခုဆိုရင် တော်တော်များလာပါပြီ။ အဲတော့ အားတက်စရာပဲ။ ဝမ်းလည်း ဝမ်းသာစရာပဲ။ မိန်းခလေး အားလုံးပေါင်းက ၅ ယောက် ဖြစ်သွားပြီလေ။ နိုင်ငံခြား သတင်းထောက် ဖွဲ့တဲ့အချိန်တုန်းက မရှိသေးဘူး။ ၁၉၉၈ လောက်တုန်းက။ ပထမဆုံးတော့ ကျမ တယောက်တည်းပေါ့။"

ဆိုတော့ ဒီ မြန်မာနိုင်ငံမှာ သတင်းစာ ဆရာတဦးအနေနဲ့ လုပ်ကိုင်ရတာ ဘယ်လောက်များ အခက်အခဲ ရှိပါသလဲ ခင်ဗျ။ ဘယ်လို အခက်အခဲများ ကြုံရပါသလဲ။ -

"တခြား အခက်အခဲတွေ မပြောခင် သတင်းထောက် လုပ်တဲ့အခါမှာ မြန်မာပြည်မှာ သတင်း Source ပေါ့။ News Source ရတဲ့ဟာက အခက်ဆုံးပေါ့။ သတင်းကို ဘယ်က ရမလဲ။ အစိုးရဆီက ရဖို့ သတင်းကလည်း သတင်းစာထဲက ဖက်မှ ရတာလေ။ ဒီလို spokesman မရှိတဲ့အခါကျတော့ သတင်းရေးသားတဲ့အခါမှာ အဲဒါကတော့ ခက်ပါတယ်။ အစိုးရ အရာရှိကြီးတွေကို အင်တာဗျူး လုပ်ရတာလည်း တော်တော် ခက်ပါတယ်။ သူတို့အနေနဲ့ နိုင်ငံခြား သတင်းထောက်အပေါ်မှာ အမြင်က သိပ် အကြည်အလင် မဟုတ်တော့လေ။ သူတို့ကို မေးတဲ့အခါမှာ သူတို့မှာလည်း ဖြေရမှာ တော်တော် ဝန်လေးတဲ့အတွက်ကြောင့် ဌာန တော်တော်များများကို ဖုန်းဆက်ပြီး အင်တာဗျူး လုပ်ရင် တော်တော် ခက်ပါတယ်။ အဲဒီလို အခက်အခဲအပြင် ဒီလိုပေါ့ နည်းနည်းပါးပါး၊ ဒီလိုပါပဲ ဘယ်အလုပ်ဖြစ်ဖြစ် အခက်အခဲတော့ ရှိတာပါပဲ။"

ပြည်တွင်း သတင်းမီဒီယာ လောကမှာ စာပေစိစစ်ရေး တို့ သတင်း စိစစ်ရေး တို့ ရှိသလို နိုင်ငံခြား သတင်းဌာနတွေ အတွက် လုပ်နေတဲ့အခါမှာကော အဲဒီ စိစစ်မှုမျိုး ရှိပါသလား ခင်ဗျား။ -

"အဲဒါကတော့ ဒီ နိုင်ငံခြား သတင်းထောက်တွေအတွက်ကတော့ ကံအကောင်းဆုံး ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ စာပေ စိစစ်ရေးဆိုတာ မရှိတဲ့အတွက်ကြောင့် အချိန်နဲ့တပြေးညီ ကိုယ်က သတင်းကို တောက်လျှောက် ရေးနေနိုင်တာကတော့ တော်တော်ကြီးကို ထူးခြားတဲ့ အခွင့်အရေးပဲ။ သက်သက် စာပေစိစစ်ရေးကိုလည်း မဖြတ်ရဘူး။ သိပ် Sensitive ဖြစ်တဲ့ သတင်း ဆိုရင်တော့ နည်းနည်း ဆင်ခြင်ပြီး ရေးတယ်ပေါ့။ သူက အမှန်နဲ့ အနီးစပ်ဆုံး ရေးနိုင်အောင် ပြည်တွင်း ဂျာနယ်တွေထက်တော့ ကိုယ်က ကံကောင်းနေပါတယ်။"

နောက်တခုက အမျိုးသား တဦး မဟုတ်တဲ့အတွက် အမျိုးသမီး ဖြစ်ရခြင်း အတွက်ကတော့ မြန်မာနိုင်ငံမှာ သတင်းထောက် လုပ်ရတာ၊ သတင်းစာ ဆရာ လုပ်ရတာမှာ သီးခြား အခက်အခဲ သို့တည်းမဟုတ် အထောက်အပံ့ ဖြစ်စေတဲ့အချက် ရှိပါသလားခင်ဗျ။ -

"အခက်အခဲတော့ သီးသီးခြားခြားတော့ သိပ်မတွေ့ရပါဘူးလေ။ ဒါပေမယ့် ဒီအလုပ်ကတော့ အများသောအားဖြင့်တော့ ဒါက male dominated job ပဲလေ။ အဲတော့ အမျိုးသမီး ဖြစ်တဲ့အခါကျတော့ တခါတရံ အင်တာဗျူး လုပ်တဲ့အခါမှာ တချို့က ပြောတယ်။ အမျိုးသမီးမိုလို့ မေးရင်မြန်းရင် လွယ်လွယ် ဖြေတယ် ပြောတယ်။ ဒါပေမယ့် တခါတလေ ကျတော့လည်း အမျိုးသမီး ဖြစ်လို့ကို အများကြားထဲမှာ ရုတ်တရက် ဝင်သွားပြီး ရောနှောမိရင် ဖြေရမှာ ဝန်လေးနေတဲ့ လူတွေ ရှိကြတယ်။ အဲဒီတော့ အကျိုး ထူးခြားတာလည်း ရှိတယ်။ တခါတလေ ကျတော့လည်း ကိုယ့်အတွက် နည်းနည်းခက်တဲ့ အခါတော့ ရှိတယ်။"

ဒေါ်အေးအေးဝင်းဟာ မြန်မာနိုင်ငံ သတင်းလောကမှာ အင်မတန် ကျော်ကြားတဲ့ သတင်းစာ ဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ သမီး ဖြစ်ပါတယ်။ ဆိုတော့ ဒါ သတင်းပညာ ပေါ့လေ။ သတင်းထောက် သတင်းလိုက်တဲ့ သတင်းသမား ဖြစ်လာဖို့အတွက် မျိုးရိုးဗီဇ ကိုယ်နှိက်ကိုယ်က ပါလာတယ်လို့များ ဆိုရမလား ခင်ဗျ။ ဘယ်အချိန်ကစပြီး သတင်းလောကထဲကို ရောက်လာပါလဲ ခင်ဗျ။ -

"မျိုးရိုးဗီဇ သွေးထဲတော့ ပါနေတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖေဖေ အလုပ်လုပ်တာကို ကြည့်ပြီးတော့ ဒီ သတင်းထောက် ဖြစ်ချင်တဲ့ရောဂါ ရသွားတယ်လေ။ ဒီ အဖေကို အားကျပြီး ဖြစ်ခဲ့ရတာပဲ ဒီ သတင်းအလုပ်ကလည်း။ သက်သက်လည်း ဒီမှာက သတင်းထောက် သင်တန်း မရှိတော့ အဖေဆီမှာပဲ သင်တန်း တက်ပြီးတော့ အဖေ့ကို ကူလုပ်ပြီးတော့ပဲ သတင်းထောက် လောကထဲကို ခြေချလာတာပေါ့။ သတင်းထောက်ဆိုတာ မဖြစ်ခင် ၁၀ နှစ်လောက်က ဖေဖေ့ရဲ့ အလုပ် လုပ်တာကို ဖေဖေ့ ဆီမှာပဲ သင်ပြီးတော့ ဖေဖေ နဲ့ လက်တွဲပြီး လုပ်ခဲ့ရတာပေါ့။ သူက ဇွဲလုံးလ နဲ့ ခက်ခက်ခဲခဲ နဲ့ ပင်ပင်ပန်းပန်း နေ့မအိပ် ညမအိပ် မြင်ပြီးတော့ ကိုယ်ကလည်း အရမ်း အားကျ ခဲ့တာပေါ့။ အဲဒါကို ပျော်စရာကြီးလို ဖြစ်နေတယ်။ ထမင်းငတ် ဟင်းငတ် အလုပ် လုပ်ရတာပေါ့။ အဲဒီလိုနဲ့ပဲ ဒီရောဂါက ရသွားတာပဲလေ။"

ဘယ်အချိန်မှာ ဒီ သတင်းထောက် လောကထဲကို ဝင်လာပါလဲခင်ဗျ အဲဒီတော့။ -

"တကယ် ဝင်လာတာကတော့ ၁၉၈၉ ခုနှစ်မှာ ဝင်လာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် မတိုင်ခင် ၁၀ နှစ်ကတော့ အဖေကလည်း သိပ်ပြီးတော့ အားမပေးဘူး။ သူ့ကို လက်ထောက် လုပ်နေတာပဲ သူ အားပေးတယ်လေ။"

အဲဒါကတော့ IWMF ရဲ့ ဆုရဖို့ ရွေးချယ်ထားတဲ့ ဒေါ်အေးအေးဝင်းပါ။ IWMF ဟာ အမျိုးသမီးတွေရဲ့ အသံတွေကို တန်းတူ မဖော်ထုတ်နိုင်သ၍ သတင်း လွတ်လပ်ခွင့် မရှိနိုင်ဘူးဆိုတဲ့ ယုံကြည်ချက်အပေါ် အခြေပြုပြီး ကမ္ဘာတလွှား အမျိုးသမီး သတင်းသမားတွေကို အားပေးနေတဲ့ အမေရိကန် အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG