သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ လာရောက်မယ့်ကိစ္စ အန်အယ်လ်ဒီ ကြိုဆို


ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင်ဂန်ဘာရီ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်အပေါ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြိုဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို မနော်ရှိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

“ဒါက စတုတ္တ အခေါက်ပေါ့လေ၊ မစ္စတာ ဂန်ဘာရီဟာ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်အနေနဲ့ လာရောက်ပြီး နောက် မြန်မာနိုင်ငံအမျိုးသားရင်ကြားစေ့ရေးအတွက် ကြိုးစားဆောင်ရွက် နေတယ်။ ဒီလို ကြိုးစားဆောင်ရွက်တာကို ကျတော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီလို ကြိုးစားဆောင်ရွက်တာရဲ့ သိသာထင်ရှားတဲ့ အကျိုးရလာဒ်ကိုတော့ ကျနော်တို့ ခုချိန်အထိ မတွေ့ရသေးပါဘူး။”

ဟုတ်ကဲ့။ ခုနက အန်ကယ်ပြောသလိုပဲ ဒါဟာ စတုတ္တအကြိမ်ပေါ့နော်။ ပြီးခဲ့တဲ့အချိန်တုံးကလဲ အန်ကယ်တို ့နဲ့ တွေ့ဆုံတဲ့အခါ ပြောခဲ့ဆိုခဲ့တာတွေရှိမှာပေါ့နော်၊ အဲဒီ အန်ကယ်တို့ ပြောခဲ့ဆိုခဲ့ တင်ပြခဲ့တဲ့ အချက်တွေကို မစ္စတာ ဂန်ဘာရီအနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ ပေါက်ပေါက်ရောက်ရောက် အားပေးအားမြောက်ပြုခဲ့ပါသလဲရှင့်။

“ကျနော်တို ့က ဒီစလာကတည်းကိုက ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ဖို့ အမျိုးသားရင်ကြားစေ့ရေး အတွက် ကြိုးစားဆောင်ရွက်ဖို့၊ မစ္စတာဂန်ဘာရီရဲ့ ကြိုးစားဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို ့ ကျနော်တို့ဘာမှတစုံတရာ အပြစ်ပြောစရာမရှိပါဘူး။ သူစွမ်းဆောင်နိုင်သမျှ အစွမ်းကုန်ဆောင်ရွက်နေတယ်။ သို့သော်လည်း အောင်မြင်မှုအသီးအပွင့်ကတော့ ကျနော်တို့ မမြင်သေးပါဘူး။ ဒီလိုမမြင်တာကလဲ မစ္စတာဂန်ဘာရီကြောင့်လို့ ကျနော်တို့ မပြောချင်ပါဘူး။ ကျနော်တို့ မစ္စတာဂန်ဘာရီရဲ့ ကြိုးစားဆောင်ရွက်မှုမှာ ထင်ရှားတဲ့ သိသာတဲ့ အောင်မြင်မှုတခုတော့ရှိပါတယ်။ ဒါကဘာလဲဆိုတော့ ၂၀၀၈ ခုနှစ် အောက်တိုဘာမှာစပြီးတော့ တွေ့ဆုံဆွေးနွေးကြဖို့ လုပ်ငန်းစဉ်ဟာ မစ္စတာဂန်ဘာရီရဲ့ တိုက်တွန်းချက်အရ ဖြစ်ပေါ်လာတယ်။ အဲလိုဖြစ်ပေါ်လာတဲ့ တွေ ့ဆုံဆွေးနွေးပွဲရဲ့ နောက်ထပ် တိုးတက်မှုမရှိတဲ့ အခြေအနေမျိုးကျနော်တို့တွေ ့ရပါတယ်။”

ဟုတ်ကဲ့ အန်ကယ်ပြောတယ်။ သူ့အနေနဲ့ စွမ်းဆောင်ပါတယ်။ ရလာဒ်သာမရရှိခဲ့တာဆိုတော့ သူရဲ့ စွမ်းဆောင်ချက်တွေထဲက ဘယ်အချက်တွေက အဓိကကျပါသလဲ။

“ခုချိန်ထိ နှစ်ဘက်တွေ့ဆုံဖို့ ၂၀၀၇ မှာလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ Liaison ဗိုလ်ချုပ်အောင်ကြည်တို့ တွေ့ဆုံနိုင်ခဲ့ကြတာဟာ သိသာထင်ရှားတဲ့ ရလာဒ်တခုပေါ့။ ဒီကနေ ဆက်လက် တိုးတက်ဖို့ နှေးကွေးနေတာပါ။”

ဒါပေမဲ့ ဒီဦးအောင်ကြည်နဲ့ တွေ့ခဲ့တဲ့ ကိစ္စကလဲ follow-up နောက်ဆက်တွဲတွေမတွေ့ရပေမဲ့လည်း အန်ကယ်တို့အနေနဲ့ ဒီအပေါ်မှာ ဆွေးနွေးပွဲတွေ ဆက်ရှိနိုင်ဖို ့မျှော်လင့်နေသေးတယ်ဆိုတဲ့ သဘောပေါ့။

“ဟုတ်ကဲ့ပါ။ ဆက်ရှိဖို့မျှော်လင့်ပါတယ်။ အခု မစ္စတာဂန်ဘာရီလာတော့ ဒီ လုပ်ငန်းစဉ်ကရှိသေးတယ်လို့ မျှော်လင့်ထားပါတယ်။”

နောက်ဆုံးမေးခွန်းအနေနဲ ့ ကုလသမဂ္ဂကနေပြီး မြန်မာနိုင်ငံအတွက်ခန့်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် မစ္စတာကင်တားနားက မကြာခင်တုံးကပဲ မြန်မာနိုင်ငံကိုသွားခဲ့တယ်လေ။ သူပြန်လာတဲ့အခါမှာ ပြီးခဲ့တဲ့ရက်အတွင်းမှာပဲ မြန်မာနိုင်ငံက ထောင်တွေရဲ့ အခြေနဲ့ပတ်သက်ပြီး ကောက်ချက်တခုချထားတာရှိတယ်။ သူပြောသွားတာကတော့ မြန်မာနိုင်ငံက ထောင်တွေ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေဟာ reasonable condition တနည်းအားဖြင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေမှာရှိတယ်လို့ ကောက်ချက်ချထားခဲ့တာတွေရှိပါတယ်။ ဒါကို အန်ကယ်အနေနဲ့ အတိုက်အခံခေါင်းဆောင်အနေနဲ ့ရော ရှေ့နေတဦးအနေနဲ့ ဒီလို ကောက်ချက်ချတဲ့ အပေါ်မှာ ဘယ်လိုသဘောထားပါသလဲရှင့်။

“ကျနော်တို ့မသိတာကတော့ မစ္စတာကင်တားနားဟာ ဘယ်အကျဉ်းထောင်တွေကို ရောက်ခဲ့ပြီး ဘယ်လိုအကျဉ်းသားတွေကို ဘယ်လိုအခြေအနေမျိုးမှာ တွေ့ခဲ့တယ်ဆိုတာကို အန်ကယ်တို ့ အသေအချာအတိအကျမသိခဲ့ပါဘူး။ ဒါပေမဲ့ ဒီမှတ်ချက်ဟာ မြန်မာနိုင်ငံက အကျဉ်းသားတွေ အမှန်တကယ်ခံစားနေရတဲ့ အခြေအနေကို ကိုယ်စားမပြုတဲ့မှတ်ချက်ပဲ။ တကယ်ပဲခံစားနေရတာက လူ့အခွင့်အရေးတွေ မျိုးစုံ ချိုးဖောက်ခံနေရတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုအလွန်ညံ့ပါတယ်။ ဒီလိုအခြေအနေတွေကို မစ္စတာကင်တားနားမတွေ့ပဲ ကောက်ချက်ချထားတာဖြစ်မယ်လို ့ကျနော်ယူဆပါတယ်။”

မစ္စတာကင်တားနားက အဲသလိုကောက်ချက်ချထားတာကို ဒီလိုမျိုးသဘောထားဟာ ကုလသမဂ္ဂတခုလုံးရဲ့ သဘောထားများဖြစ်နေမလားလို့ အန်ကယ်အနေနဲ့ စိုးရိမ်ပါသလား။

“ဟုတ်ကဲ့ ကျနော်တို့ မဖြစ်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ မစ္စတာကင်တားနားတယောက်ထဲ သူ့ အဖွဲ့လောက်ပဲ ဒီကိစ္စကိုလေ့လာပြီး ဒီမှတ်ချက်ကိုပေးတာကိုး။ တကယ်တမ်း အချက်အလက်တွေတိတိကျကျရရှိအောင် စုံစမ်းမှုမရှိသေးပဲနဲ့တော့ ဒီမှတ်ချက်ကြောင့် ကျနော်တို့စိုးရိမ်စရာမရှိပါဘူး။”

XS
SM
MD
LG