သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အိုလံပစ် အားကစားက အကျိုးပြု


ဂျော်ဂျီယာနိုင်ငံကို ရုရှား က ကျူးကျော်ခဲ့တာနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်ရတဲ့အကြောင်း ကုလသမဂ္ဂ အကြီးတန်း အရာရှိတဦးက ဘေဂျင်း အိုလံပစ် အားကစားပွဲတော်အတွင်း ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတွေကို တိုးတက်အောင်လုပ်တဲ့ နေရာမှာ အားကစားဟာ အစွမ်းထက်တဲ့ အင်အားတခုအဖြစ်လည်း သူက ဆိုလိုက်ပါတယ်။ ဒီအကြောင်း ဘေဂျင်းမြို့ကနေ ဗွီအိုအေ သတင်းထောက် Scott Bobb ရဲ့ သတင်းပေးပို့ချက်နဲ့ အတူ၊ ဆူဒန်နိုင်ငံ ဒါဖောဒေသက လူ့အခွင့်အရေး အခြေအနေတွေကို အားကစားပွဲမှာ ပြောမယ်ဆိုလို့ ဗီဇာရုပ်သိမ်းခံရတဲ့ အမေရိကန် အားကစားသမား တဦးအကြောင်း Cindy Saine က သတင်းပေးပို့ထားတာတွေကို ကိုအောင်လွင်ဦး က စုစည်းပြီး တင်ပြပေးထားပါတယ်။

အိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဂျော်ဂျီယာနိုင်ငံရဲ့ ခွဲထွက်နယ်မြေတခုဖြစ်တဲ့ အိုဇက်တီးယားမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် အိုလံပစ် အသိုင်းအဝိုင်းအနေနဲ့ စိတ်လက်မချမ်းမသာ ဖြစ်ရတဲ့အကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အားကစားဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဝဲလ်ဖရေး လမ်ကေး (Wilfried Lemke) က ပြောဆိုလိုက်တာပါ။

"ဒါဟာ အိုလံပစ်ပွဲအပေါ် အရိပ်ထိုးလွှမ်းမိုးစရာ ဖြစ်ခဲ့တဲ့အတွက် ကျနော်တို့ တကယ့်ကို မကျေနပ်စရာဖြစ်ရပါတယ်။ သံသယ ရှိစရာတောင် မလိုပါဘူး။"

တကယ်တော့ အားကစားဟာ စစ်ပွဲတွေကို တားဆီးဖို့ အာဏာမရှိပေမဲ့လည်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတွေကို ပံ့ပိုးပေးရင်း၊ လူ့အသိုင်းအဝန်းတွေကြား ပေါင်းကူးတံတားတွေ ထိုးပေးရင်း စစ်ပွဲတွေကို တားဆီးနိုင်ပါတယ်လို့လည်း သူက ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အားကစားသမားတွေ အနေနဲ့က စံပြပုဂ္ဂိုလ်တွေ အဖြစ် ဆောင်ရွက်နိုင်ကြတယ်လို့ သူက ပြောလိုက်သလို၊ လူမှုရေးပြဿနာ ပေါင်းစုံကို အများပြည်သူ ပိုပြီး သိနားလည် လာအောင် ဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အလုပ်လုပ်နေကြတဲ့ နိုင်ငံတကာက ထင်ရှားတဲ့ အားကစားသမားတွေ အများအပြား ရှိနေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ အိုလံပစ်ပွဲတော်မှာ လေထုညစ်ညမ်း နေတာတွေကို လျှော့ချတာ၊ အများပြည်သူ သွားလာရေးအပိုင်းတွေကို တိုးချဲ့ပေးတာတွေ လုပ်ဆောင်ရင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေကို တရုတ်နိုင်ငံက အကြီးအကျယ် ကျိုးပမ်းလုပ်ဆောင်ခဲ့တယ်လို့လည်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောဆိုထားတာတွေလည်း ရှိပါတယ်။ ဒီလို ကိစ္စတွေအပြင် တခြား ကျန်းမာရေး၊ ဆင်းရဲမွဲတေမှု လျော့ကျရေး၊ ကျားမ တန်းတူညီညွတ်ရေး နဲ့ အိပ်ချ်အိုင်ဗွီ အိဒ်စ် ပြဿနာတွေကိုလည်း လူတွေက ပိုပြီး သတိပြုမိ လာကြတယ်လို့ သူတို့က ဆိုကြတာပါ။ အိုလံပစ် အားကစားစိတ်ဓာတ်က တရုတ်အစိုးရရဲ့ မူဝါဒတွေကို သြဇာသက်ရောက် စေခဲ့တယ်လို့ ပြောခဲ့တာကတော့ ၁၉၆၈ ခုနှစ်တုန်းက အမြင့်ခုန် ရွှေတံဆိပ်ဆုရှင်၊ အခုအခါ ကမ္ဘာ့ အိုလံပစ်အားကစား သမားများအသင်း ရဲ့ အကြီးအကဲ ရစ်ချတ်ဒ် ဖောစ်ဘာရီ (Richard Fosbury) ဖြစ်ပါတယ်။

"ဘာဖြစ်လို့လည်းဆိုတော့ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ပွဲတော်ကို ကျင်းပနေပြီးတော့ သူတို့အနေနဲ့ နိုင်ငံရေးအရ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာပါ။ အခုတော့ တံခါးတွေလည်း ပွင့်လာခဲ့ပါပြီ။"

ဒီလို ပြောဆိုမှုတွေ ရှိနေပေမဲ့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ လက်မခံနိုင်ပဲ ရှိနေကြဆဲပါ။ သဘောထား ကွဲလွဲမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် တရုတ်အစိုးရဟာ အတိုက်အခံလုပ်သူတွေကို နှိမ်နင်းတာ၊ အများပြည်သူက ဆန့်ကျင် ဆန္ဒပြတာတွေကို ကန့်သတ်တာတွေ ရှိနေတုန်းပဲဆိုပြီး ပြောကြတာ ဖြစ်ပါတယ်။ တရုတ်အစိုးရဖက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းပယ်ထားပြီး၊ အားကစားပွဲတော်ကို နှောက်ယှက်ဖျက်ဆီးမယ့် ဥပဒေမဲ့ လုပ်ရပ်တွေကနေ ကာကွယ်ဖို့ ဆောင်ရွက်တာတွေသာရှိတယ် လို့ ပြောဆိုထားတာပါ။

ဒီလိုဆောင်ရွက်မှုတွေထဲက တခုအဖြစ်ပြောရမယ့် ကိစ္စတခုကတော့ ၂၀၀၆ ခုနှစ် အိုလံပစ် စကိတ်စီးသမား ရွှေ နဲ့ ငွေတံဆိပ်ဆုရှင် ဂျိုဧ ချိခ် (Joey Cheek) ကို တရုတ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းလိုက်တာလည်း တခု အပါအဝင်လို့ ဆိုရမှာပါ။ သူက ဆူဒန်နိုင်ငံ ဒါဖောဒေသက ခန့်မှန်းချေ လူပေါင်း ၂ သိန်းလောက် သေကြေပြီး၊ ၂ သန်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ အခြေအနေတွေကို အားကစားပွဲတော်အတွင်း ပြောဆိုဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါဖော အသင်းလို့ အမည် ပေးထားတဲ့ အဖွဲ့ကို ထူထောင်ခဲ့သူ ချိခ် ဟာ အခု အိုလံပစ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ အားကစားသမား (၇၃) ယောက် အပါအဝင် သူ့ရဲ့အဖွဲ့ဝင် (၄၀၀) လောက်နီးပါးကို အားပေးတဲ့ အနေနဲ့ ဘေဂျင်းမြို့တော်ကို သွားဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း သူ့ခရီးစဉ်မစခင် နာရီပိုင်းအလိုမှာပဲ သူ့ရဲ့ ပြည်ဝင်ခွင့်ဗီဇာ ကို တရုတ်အစိုးရ အာဏာပိုင်တွေက ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျင်ဂန်း (Qin Gang) ကတော့ ဒီလို ဗီဇာရုပ်သိမ်းလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။

"ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတယ်ဆိုတာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်တဲ့ ကိစ္စတခုဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ၊ နောက်ပြီး အရင့်အရင်တုန်းက အိုလံပစ်မှာ ဆောင်ရွက်ခဲ့တဲ့ အလေ့အထတွေအပေါ် မူတည်ပြီး နိုင်ငံတကာအတိုင်းအတာနဲ့ ခင်းကျင်းတဲ့ ပွဲတပွဲအဖြစ်နဲ့ နိုင်ငံခြားသားတွေ တရုတ်နိုင်ငံထဲ ဝင်လာမယ့် ကိစ္စတွေအပေါ် သင့်တော်တဲ့ အစီအမံတွေကို ဆောင်ရွက်ရတာပါ။"

ဒါဟာ တရုတ်နိုင်ငံကို လာကြမယ့် ကမ္ဘာလှည့်ခရီးသွားတွေအတွက် လုံခြုံပြီး အဆင်ပြေမယ့် အခြေအနေဖြစ်ဖို့ အတွက်လို့လည်း သူက ဆိုပါတယ်။ ဒါဖောအသင်း ထူထောင်သူ ချိခ် ကတော့ အိုလံပစ်ဆိုတာဟာ အားကစားဆိုတဲ့ အဓိပ္ပါယ်ထက်ပိုတဲ့အကြောင်း ဗွီအိုအေ ကို ပြောခဲ့ပါတယ်။

"အားကစား သမားတွေ အနေနဲ့က သူတို့ပြောချင်ဆိုချင်တဲ့ ဘယ်လို ကိစ္စမျိုးကိုမဆို လွတ်လွတ်လပ်လပ် ပြောခွင့်ဆိုခွင့် ရှိတယ်လို့ ကျနော်တော့ ယူဆပါတယ်။ သိတဲ့အတိုင်းပဲ၊ ဒါကလည်း မကြာခနဆိုသလို ဒါကို ဒါကိုတော့ဖြင့် ကျနော် သဘောမတူဘူး လို့ ပြောတဲ့ အဓိပ္ပါယ်မျိုး ထွက်နေတတ်ပါတယ်။ ဒါပေမဲ့ ကျနော့်သဘောကတော့ အားကစားသမား တဦးချင်းရဲ့ အခွင့်အရေးတွေ၊ သူတို့ ယုံကြည်တဲ့ အယူဝါဒ၊ နိုင်ငံရေး၊ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ အဲဒါတွေကို စည်းရုံး ဆောင်ရွက်နိုင်အောင် လုပ်ဆောင်တဲ့ အခွင့်အရေး ရှိတယ်လို့ ကျနော်တော့ အခိုင်အမာကို ယုံကြည်ထားပါတယ်"

ဒါဖောပြဿနာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စေလွှတ်ဖို့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ ၂ သိန်း ၆ သောင်းကို လက်ခံဖို့ ဆူဒန်အစိုးရကို ဖိအားပေးဆောင်ရွက်ဖို့ အတွက်လည်း တရုတ်အစိုးရကို သူကတောင်းဆိုထားတာပါ။ အဲဒီ ဒေသမှာ အကာအကွယ်အစောင့်အရှောက် လိုအပ်နေသူ ၂ သန်းလောက် ရှိနေတယ်လို့လည်း သူပြောပါတယ်။ တကယ်တော့ ဆူဒန်အစိုးရကို တရုတ်နိုင်ငံက ထောက်ခံအားပေးနေတာမို့လည်း အိုလံပစ်ပွဲတော် အကြိုကာလတွေမှာ နိုင်ငံတကာက ဝေဖန်မှုတွေကို တရုတ်နိုင်ငံက ခံခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG