သုံးရလွယ်ကူစေသည့် Link များ

ကုလအထူးကိုယ်စားလှယ်မရောက်ခင် တစ်ရက်အလို ဒေါ်စု ရှေ့နေနဲ့ နောက်တကြိမ်တွေ့ခွင့်ရ


၂၀၀၃ခုနှစ်ကတည်းက ၅နှစ်ကျော်ကြာ နေအိမ်မှာ တားဆီးမိန့်အကျယ်ချုပ်ဘ၀နဲ့ အထိမ်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက ဒုတိယအကြိမ်အဖြစ် မနေ့ကပဲ သူမနေအိမ်မှာထပ်မံတွေ့ဆုံခွင့်ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၈ရက်နေ့ကတော့ ပထမအကြိမ် တွေ့ဆုံခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းတဲ့အမှုနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ တည်ဆဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ ပုဒ်မ ၁၀(ခ)ဟာ ၅နှစ်အထိပဲ သက်တမ်းတိုးလို့ရတာမို့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာဟာ တရားမ၀င်ဘူး၊ ဥပဒေမဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေ ဦးကြည်ဝင်းတို့ ဒုတိယအကြိမ် တွေ့ဆုံခွင့် ရတာနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ လွတ်မြောက်လာနိုင်တဲ့အလားအလာ ဘယ်လောက်ရှိနိုင်မလဲ - AHRC အာရှလူ့အခွင့်အရေးကော်မရှင်က မြန်မာရှေ့နေ ဦးမင်းလွင်ဦးကို - ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းနဲ့ အခု တွေ့ဆုံခွင့်ရတာ မနေ့ကဆိုရင် ၂ခါရှိပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံနေရတာ၊ တားမြစ်ခံထားရတာနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ လုပ်ဆောင် နိုင်ဖို့ လမ်းပွင့်လာပြီလို့ ပြောလို့ရမလား။

“အရင်တုန်းကတော့ ဒီလိုမျိုး တားဆီး ချုပ်နှောင်ထားတဲ့ကိစ္စ၊ ကန့်သတ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ NLDပါတီ အနေနဲ့ တာဝန်ရှိတဲ့ ဥပဒေအဖွဲ့ကနေပြီး ၀န်ကြီးအဖွဲ့ဆီ တင်သွင်းခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် ဘာမှ အကြောင်းပြန်ခြင်းမရှိဘူး။ အခုလိုမျိုး ၂ကြိမ်တွေ့ခွင့်ပြုလိုက်ပြီဆိုတော့ ဒါဟာ နည်းနည်း လမ်းပွင့်လာတဲ့သဘောလို့ ကျွန်တော်တို့ ယူဆမယ်ဆိုရင် ယူဆလို့ရပါတယ်။ ဒါပေမဲ့ လမ်းပွင့်တယ်လို့ ပြောပေမယ့် ၀န်ကြီးအဖွဲ့ရယ်၊ နောက်ပြီး တရားသူကြီးချုပ်ရယ်က ဒီအမှုကို အရေးယူကိုင်တွယ် ဆောင်ရွက်မလားဆိုတာဟာ ကျွန်တော်တို့ သံသယ ဖြစ်ဖွယ် အခြေအနေတခု ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။”
ဘယ်လိုမျိုးလဲခင်ဗျ။ တရားသူကြီးချုပ်က ဒီအမှုကို ဘယ်လိုမျိုး ကိုင်တွယ်လို့ရတာလဲ။

“ကျွန်တော်တို့ ၀န်ကြီးအဖွဲ့ကနေပြီး ချမှတ်ထားတဲ့ ကန့်သတ်မိန့်ကို လိုအပ်သလို ပြင်ဆင်မယ်။ ပယ်ဖျက်မယ်။ အတည်ပြုခြင်းစတာတွေကို တရားသူကြီးချုပ်ကနေပြီး လုပ်ဆောင်နိုင်တဲ့ကိစ္စဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို လုပ်ဆောင်ဖို့အတွက် ၀န်ကြီးချုပ်ရဲ့ ကြိုတင်ခွင့်ပြုချက်ရမှ ဆိုသလိုမျိုး ဖြစ်နေတဲ့အတွက် ဒီကိစ္စတွေမှာ ဘယ်လိုမျိုး တရားသူကြီးချုပ်က အမှန်အတိုင်း ဆောင်ရွက်မှာလား မဆောင်ရွက်ဘူးလား ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေး မူအရ ထင်ထင်ရှားရှား သိရှိရမှာဖြစ်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိကာလအထိ ဖမ်းဆီးထိန်းသိမ်းထားတာနဲ့သက်လို့ ဦးမင်းလွင်ဦး ယူဆချက် ဘယ်လိုရှိသလဲခင်ဗျ။ ဒါက မြန်မာနိုင်ငံက တည်ဆဲဥပဒေ အရဆိုရင် တရားဝင်မှု ရှိရဲ့လား။

“ပြဌာန်းထားတဲ့ ဥပဒေအရတော့ ရှင်းရှင်းလင်းလင်းပဲ ပြဌာန်းထားတာဖြစ်တယ်။ တားမြစ်မယ်ဆိုရင်လည်း ၁နှစ်ထပ်မပိုပဲ အများဆုံး ငါးနှစ်အထိပဲ တားမြစ်နိုင်တယ်။ အဲဒီလို တားမြစ်ပြီးတဲ့အခါ အရေးယူဖို့ အချက်အလက်တွေ ပေါ်ပေါက်တယ်ဆိုရင် တရားရုံးတင်ပြီးတော့ အရေးယူ ဆောင်ရွက်ရမှာဖြစ်တယ်။ အခု အဲဒီလိုမျိုး မပေါ်ပေါက်ဘူး ဆိုရင် ကန့်သတ်မိန့်နဲ့ တားဆီးထားတဲ့သူကို လွှတ်ကို လွှတ်ပေးရမှာဖြစ်တယ်။ ဒါကြောင့် စစ်အစိုးရအနေနဲ့ မိမိကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ဥပဒေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုတာကို ထင်ထင်ရှားရှားတွေ့နေရတယ်၊ သိနေရတယ်။”
မြန်မာနိုင်ငံ တည်ဆဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတာဟာ တရားမ၀င်ဘူးဆိုတော့ နိုင်ငံတကာ တရားရေး စံနစ်ကနေပြီး အခုကိစ္စတွေကို ဘယ်လိုမျိုး ဆောင်ရွက်လို့ ရနိုင်သေးလဲ။

“ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီအောက်မှာရှိနေတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ တရားသူကြီးနဲ့ ရှေ့နေအဖွဲ့အစည်းတွေကနေပြီး မြန်မာနိုင်ငံအတွင်းမှာ ဒီလိုမျိုး ဥပဒေနဲ့ မညီတဲ့ ဆောင်ရွက်မှုတွေ တွေ့နေတယ်။ သူ့အနေနဲ့ ဒီကိစ္စကို အစိုးရအနေနဲ့ ပြင်သင့်တယ်။ ဘယ်လို ပြင်ရမယ်ဆိုတာတွေကို သူတို့အနေနဲ့ အကြံပေး ဖိအားပေးနိုင်မယ်။ နောက်တခါ ဒီလိုမျိုး လုပ်ဆောင်တဲ့ ကိစ္စတွေက နိုင်ငံတော် အုပ်ချုပ်တဲ့ အစိုးရတရပ်အနေနဲ့ မလုပ်ဆောင်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ် ဆိုတာကိုလည်း သူတို့အနေနဲ့ အသိပေးပြောကြားမယ်၊ ဖိအားပေးမယ်ဆိုတာတွေ ဖြစ်လာနိုင်ပါတယ်။ ”

ဆိုလိုတာက နိုင်ငံတကာ တရားရေး စံနစ်ပုံစံမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖိအားပေးနိုင်မယ့် သဘောပဲပေါ့။ တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ကို လွှတ်ပေးရမယ်ဆိုတဲ့ စီရင်ချက် တခုခု ချမှတ်နိုင်တဲ့ အလားအလာမျိုး ဒီဘက်မှာ မရှိဘူးလား။
“အဲဒီလိုမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ချက်ချင်းကြီး ဖိအား မပေးနိုင်တာတောင်မှ အစိုးရကိုယ်တိုင်က ဥပဒေမယ့် ကျူးလွန်နေတဲ့ ကိစ္စကို ထင်ထင်ရှားရှား ထောက်ပြလာမယ်ဆိုရင် အစိုးရအနေနဲ့ လိုက်နာ ဆောင်ရွက်ပေးရမယ့် သဘောဖြစ်တယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲမှာ အစိုးရ အင်္ဂါ တရပ်နဲ့ ညီညွတ်ဖို့အတွက် ကိုယ်ပြဌာန်းတဲ့ ဥပဒေကို လိုက်နာဖို့လိုတယ်ဆိုတာကို ထောက်ပြ ပြောဆိုမှာဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည် တားမြစ် ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တော်တော်များများ သူတို့ အယူခံ ထားတာတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ့ဖို့ ကြိုးစားတာတွေ ရှိပါတယ်။ အခုချိန်ကျမှ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့ နှစ်ကြိမ်လောက် အချိန်ကာလ တိုတိုအတွင်းမှာ ဆက်တိုက် တွေ့ခွင့်ရလာတဲ့ကိစ္စက ဘယ်လိုကြောင့်လို့ ယူဆလို့ ရ မလဲ။

“ပြောရမယ်ဆိုရင် ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ လာမယ် ဆိုတာရယ်၊ နောက်ပြီးတော့ မကြာသေးခင်ကမှ ပြန်သွားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်ကိစ္စရယ်၊ အဲဒါအပြင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထား ပြောင်းလဲလာတယ်။ နောက်ပြီး အာစီယံမှာ သူ့အနေနဲ့ လက်မှတ်ထိုး ထားတယ်ဆိုတာမှာ သူ့ဘက်က အလျော့ပေးတဲ့ ပုံစံမျိုး ထင်ယောင် ထင်မှာ ဖြစ်အောင် ဒီလိုမျိုး ခွင့်ပြုလာတယ်လို့ ကျွန်တော် ယူဆပါတယ်။”

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာဖို့ လမ်းစ မြင်လာရပြီလို့ ပြောလို့ ရမလားခင်ဗျ။

“ဒါကတော့ နိုင်ငံတကာ ဖိအားတွေလည်း လိုတယ်။ ကုလသမဂ္ဂရဲ့ ဖိအားကတော့ အဓိက ပိုလိုအပ်တာပေါ့။ ဘယ်လောက်အထိ ဖိအားပေး နိုင်မယ်။ နအဖက ဘယ်လောက်အထိ လိုက်လျောနိုင်မယ်ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာဖြစ်တယ်။ နအဖကတော့ အဆုံးစွန်အထိတော့ တောင့်ပြီး တင်းခံနေမယ့် သဘောမှာ ရှိတယ်ဆိုတာကို ကျွန်တော်တို့ ခန့်မှန်းလို့ရပါတယ်။”
ကိုမင်းလွင်ဦး ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG