သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီ မြန်မာ့အရေး လေးနက်ကျယ်ပြန့်အောင် ဆောင်ရွက်ဖို့ရည်ရွယ်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ မြန်မာနိုင်ငံ
ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim
Gambari) ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံကို မနေ့က ရောက်ရှိခဲ့
ပါတယ်။ သူ့ရဲ့ လက်ရှိခရီးစဉ်အတွင်း မြန်မာ့အရေး ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်
ပေးမှုတွေကို ပိုမို နက်နက်ရှိုင်းရှိုင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တဲ့
အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ
ပြောကြားသွားပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုအကြား အမျိုးသား ပြန်လည်
ရင်ကြားစေ့ရေး ဆွေးနွေးပွဲတွေ ပြန်လည်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်ဖို့
ရည်ရွယ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာ
ဟင်မ် ဂမ်ဘာရီရဲ့ လက်ရှိ မြန်မာနိုင်ငံ ၅ ရက်ကြာခရီးစဉ် ပထမနေ့မှာတော့ သူတွေ့ဆုံ
ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ တွဲဖက်ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ
ဖာဟင်ဟတ် ကုလသမဂ္ဂဌာနချုပ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြား
သွားပါတယ်။

"အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီဟာ
မြန်မာနိုင်ငံကို မနေ့တုန်းက ရောက်ရှိခဲ့ပါတယ်။ ပထမ သူက နိုင်ငံခြားရေးဝန်ကြီး
ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့ပြီး သံတမန် ကိုယ်စားလှယ်တွေအပြင် နိုင်ငံတကာ ကြက်ခြေ
နီအဖွဲ့ (အိုင်စီအာစီ) နဲ့ သုံးပွင့်ဆိုင် နာဂစ်မုန်တိုင်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့လည်း
ဆွေးနွေးခဲ့ပါတယ်။ သူ့ကို ကုလသမဂ္ဂ ဌာနေအဖွဲ့ကနေ အစီရင်ခံတာလည်း ရှိခဲ့ပါ
တယ်။"

မစ္စတာဂမ်ဘာရီအနေနဲ့ ရန်ကုန်အခြေစိုက် သံတမန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ရာ
မှာ သံတမန်တဦးက မြန်မာစစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား အချေအတင်
ဆွေးနွေးမှု ပြန်လည်စတင်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများကိစ္စကို ဦးစားပေးတင်ပြခဲ့
သလို အမျိုးသားပြန်လည် ရင်ကြားစေ့ရေးမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေး
ရေးဟာ အရေးကြီးတဲ့အကြောင်း၊ သက္ကရာဇ် ၂၀၁၀ ခု ကျင်းပမယ်လို့ မြန်မာစစ်အစိုးရ
က ကြေညာခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးအုပ်စုက ကိုယ်စားလှယ်တွေ ပါဝင်ဖို့
လိုအပ်ပြီး လွတ်လပ်ပြီး တရားမျှတမှု ရှိသင့်တယ်လို့ တင်ပြခဲ့တဲ့အကြောင်း သံတမန်
သတင်းရပ်ကွက်တွေက ဆိုပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရအနေနဲ့ နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ရေးနဲ့ ပြန်လည်
ထူထောင်ရေးလုပ်ငန်းတွေမှာ နောက်ပိုင်း ကုလသမဂ္ဂ၊ မြန်မာစစ်အစိုးရနဲ့ အာဆီယံ
သုံးပွင့်ဆိုင်အဖွဲ့တို့ဖြစ်ကြတဲ့ ပွန်ဂျာနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြသခဲ့တာတွေ တွေ့ရတဲ့
အတွက်လည်း လူသားချင်းစာနာမှုဆိုင်ရာ လိုက်လျောမှုတွေကို အခြေပြုအားယူပြီး
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများမှာလည်း အလားတူ မြန်မာစစ်အစိုးရဘက်က
လိုက်လျောလိမ့်မယ်လို့ ကုလသမဂ္ဂက မျှော်လင့်နေပုံရတဲ့အကြောင်းလည်း အကဲခတ်
တွေက သုံးသပ်ခဲ့ကြပါတယ်။

မစ္စတာဂမ်ဘာရီအနေနဲ့ ဒီနှစ်မတ်လက မြန်မာနိုင်ငံကို မသွားရောက်မီ ဒေသန္တရနိုင်ငံ
တွေကို သွားရောက်ခဲ့ပြီး မြန်မာ့အရေး သက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ ဆွေးနွေး
ညှိနှိုင်းခဲ့ပေမယ့် သူ့ခရီးစဉ်က အပြန်မှာတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု
တွေ မတွေ့ခဲ့ရပါဘူး။

ဒီတခေါက်ခရီးစဉ်မှာတော့ မစ္စတာဂမ်ဘာရီ တွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ရတဲ့ မြန်မာ့
နိုင်ငံရေးမှာ အခရာကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့တော့ မစ္စတာဖာဟင်ဟတ်က…

"သူ့ရဲ့ ကုလသမဂ္ဂ လုပ်ပိုင်ခွင့်အာဏာအရ မစ္စတာဂမ်ဘာရီဟာ အရင်က သူတွေ့ဆုံခဲ့
တဲ့ ပုဂ္ဂိုလ်တွေ အားလုံးအပါအဝင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဖော်ဆောင်မှု
မှာ ပါဝင်ပတ်သက်နေတဲ့ အင်အားစုအားလုံးနဲ့ တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
သူ့အရင်ခရီးစဉ်တွေတုန်းကလိုပဲ သွားတဲ့အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ
ခွင့်ရခဲ့သလို တချို့ခရီးစဉ်တွေမှာတော့ မြန်မာထိပ်တန်းခေါင်းဆောင်တွေနဲ့လည်း
တွေ့ခွင့်ရခဲ့တဲ့အတွက် ပါဝင်ပတ်သက်သူအားလုံးနဲ့ ဆက်လက်ပြီးတော့ အချေအတင်
ဆွေးနွေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။"

အရင်ခရီးစဉ်တွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အတိုင်း ဒီခရီးစဉ်
အတွင်းမှာလည်း မြန်မာစစ်အစိုးရက တွေ့ဆုံခွင့်ပေးဖို့ သဘောတူထားပုံရတယ်လို့
လည်း သံတမန်သတင်းရပ်ကွက်က ဆိုပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့တော့ အရင်တခေါက်ကလည်း တွေ့ခွင့်မရခဲ့သလို အခု
တခေါက်လည်း တွေ့ခွင့်ရမယ်၊ မရဘူးဆိုတာကတော့ အသေအချာ မသိရသေးပါဘူး။

မေလက လူတသိန်းကျော် သေဆုံး၊ ဒါမှမဟုတ် ပျောက်ဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်း
တိုက်ခတ်အပြီး မြန်မာနိုင်ငံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအနေ
နဲ့ လူသားချင်းစာနာမှု အထောက်အကူတွေ ရရှိရေး ဆောင်ရွက်ပေးနိုင်ဖို့ သွားရောက်
ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်ခွဲကစလို့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက်
ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ဖို့
တာဝန်ပေးခြင်းခံခဲ့ရတဲ့ မစ္စတာဂမ်ဘာရီရဲ့ လက်ရှိခရီးစဉ်ဟာလည်း အတွင်းရေးမှူးချုပ်
သွားရောက်ခဲ့တဲ့ ခရီးစဉ်ရဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာဟတ်
က ဆိုပါတယ်။

မစ္စတာဟတ်က အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့
ပတ်သက်လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပြီး ဖြစ်တယ်လို့လည်း အခုလိုပြောပါ
တယ်။

"အဲဒီခရီးစဉ်ကအပြန်မှာ အတွင်းရေးမှူးချုပ်အနေနဲ့ ပြတ်ပြတ်သားသား၊ ရှင်းရှင်း
လင်းလင်း ပြောခဲ့တာကတော့ သူ့ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဟာ မြန်မာ့အရေး
ဆက်လက်ကြားဝင်ဆောင်ရွက်မှုမှာ ကုလသမဂ္ဂ လုပ်ပိုင်ခွင့်အာဏာအရ ပိုပြီးတော့
နက်နက်နဲနဲ ရှိမယ့်အပြင် ကျယ်ပြန့်လိမ့်မယ်လို့ သူမျှော်လင့်တဲ့အကြောင်းပါပဲ။"

စုစုပေါင်း ၃ ကြိမ်၊ ၁၂ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံ အနာဂတ်ရေးအတွက်
မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့လည်း မစ္စတာဂမ်ဘာရီရဲ့ မနှစ်က
ခရီးစဉ် အပြန်တုန်းက အမှာစကားပြောခဲ့ပေမယ့် ဒီနှစ် ဇန်နဝါရီနောက်ပိုင်းမှာတော့
မြန်မာစစ်အစိုးရ ခန့်အပ်ထားတဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ နောက်ဆုံး
တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ တွေ့ခွင့်မရတော့ပါဘူး။

မစ္စတာဂမ်ဘာရီရဲ့ လက်ရှိခရီးစဉ်မတိုင်မီ ကုလသမဂ္ဂမှာ ဖွဲ့စည်းထားတဲ့ အတွင်းရေးမှူး
ချုပ်ရဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်တခုမှာ ဒေါ်အောင်ဆန်းစုကြည်
နဲ့ မြန်မာစစ်အစိုးရအကြား အချေအတင် ဆွေးနွေးမှု ပြန်စတင်ဖို့ ယုံကြည်ကိုးစားမှု
ရှိတဲ့၊ နိုင်ငံတကာကလည်း လက်ခံနိုင်မယ့် ရွေးကောက်ပွဲစနစ်တရပ် ဖော်ဆောင်ဖို့နဲ့
အတွင်းရေးမှူးချုပ်ရုံးနဲ့ ပုံမှန်ဆက်ဆံဖို့ စသဖြင့် ပါဝင်တဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်း
ဖြစ်မှု ကိစ္စရပ်တွေမှာ လက်ဆုပ်လက်ကိုင်ပြနိုင်မယ့် တိုးတက်မှုတွေ ရရှိဖို့ လိုအပ်
တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG