သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းမရှိသေး


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ
ဂမ်ဘာရီ မြန်မာနိုင်ငံကိုရောက်တာ အခုဆိုရင် ၄ ရက်ရှိသွားပါပြီ။ မြန်မာနိုင်ငံ ပြုပြင်
ပြောင်းလဲရေးအတွက် မျှော်လင့်ချက် ကြီးကြီးမားမားထားပြီးတော့ လာခဲ့တဲ့ မစ္စတာ
ဂမ်ဘာရီတယောက် ဘာတွေများ ဆောင်ရွက်နေပါသလဲ၊ ဘာတွေများ ဆောင်ရွက်
ပြီးပြီလဲဆိုတာ ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြထားပါတယ်။

မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီဟာ မြန်မာစစ်အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီ
အင်အားစုတွေအကြား အမျိုးသားပြန်လည်ရင်ကြားစေ့ပေးနိုင်ဖို့၊ နိုင်ငံရေးအရ ပြုပြင်
ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံကို ခရီးနှင်ခဲ့တာ ဒီတခေါက်ပါနဲ့ဆို
၆ ကြိမ်ရှိခဲ့ပါပြီ။

မနေ့က ဗုဒ္ဓဟူးနေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့
စစ်အစိုးရက စီစဉ်ပေးတဲ့အတိုင်း အစိုးရဧည့်ဂေဟာမှာတွေ့ဖို့ မစ္စတာဂမ်ဘာရီ
သွားရောက်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်တော့ ရောက်မလာဘူးလို့ ရန်ကုန်က
လာတဲ့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မစ္စတာဂမ်ဘာရီကို ချိန်းထားတဲ့အတိုင်း ဘာကြောင့်
မတွေ့တာလဲဆိုတာတော့ အခုချိန်ထိ အတိအကျ မသိရသေးပေမယ့် လက်ရှိ မစ္စတာ
ဂမ်ဘာရီနဲ့ ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
အားမလို အားမရဖြစ်တာတွေ ရှိပုံရတဲ့အကြောင်း အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်
ဦးဉာဏ်ဝင်းကို ကိုးကားပြီး အဲဒီ ရိုက်တာသတင်းမှာပဲ ဖော်ပြထားပါတယ်။

အများမျှော်လင့်ထားသလို သူဟာ အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရ
သေးသလို စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်း တွေ့ဆုံခွင့် မရသေး
ပါဘူး။ သူ့အနေနဲ့ အရေးပါတဲ့ ထိပ်တန်းခေါင်းဆောင်တွေကို တွေ့ခွင့်မရသေးပေမယ့်
ရန်ကုန်ကလာတဲ့ သတင်းတွေအရတော့ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး
ဦးအောင်ကြည်နဲ့ နိုင်ငံတော်တရားသူကြီးချုပ် ဦးအောင်တိုးတို့နဲ့ သူ ဒီကနေ့ တွေ့ခဲ့
တယ်လို့ ဆိုပါတယ်။

အန်န်အယ်လ်ဒီ ပြန်ကြားရေးဌာနက ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က
ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံခွင့်မရသေးတဲ့အကြောင်း အခုလို
ပြောပြပါတယ်။

"ကျနော်တို့ ဘာမှ confirm လုပ်လို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုနဲ့ ကျနော်
တို့က ဆက်သွယ်လို့မှမရတာ။ အဝင်အထွက် လှုပ်ရှားမှု ဘာမှမရှိဘူး။ အဲဒါကြောင့် ကျနော်တို့ခန့်မှန်းကြည့်ရသလောက်တော့ ဒေါ်စုနဲ့ ဒီနေ့ မတွေ့ဖြစ်ဘူးဆိုတာတော့
သေချာသလောက်ရှိတယ်။"
အန်န်အယ်လ်ဒီ ပြန်ကြားရေးဌာနက ဒေါက်တာဝင်းနိုင် ပြောသွားတာပါ။

အခုသီတင်းပတ် အစောပိုင်းတုန်းကတော့ မစ္စတာဂမ်ဘာရီဟာ စစ်အစိုးရ နိုင်ငံခြား
ရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားသံတမန်တွေနဲ့ ICRC နိုင်ငံတကာ
ကြက်ခြေနီအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့သလို မနေ့က ဗုဒ္ဓဟူးနေ့မှာလည်း
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပါ
တယ်။

မစ္စတာဂမ်ဘာရီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ကြ
တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာ့နိုင်ငံရေး ကြားဝင်
ဆောင်ရွက်ပေးဖို့ လာမယ့် ဒီဇင်ဘာလအတွင်း မြန်မာပြည်ကိုလာမယ်လို့ ပြောသွားတဲ့
အကြောင်းလည်း အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မနေ့က ပြောခဲ့ပါ
တယ်။

မစ္စတာဂမ်ဘာရီအနေနဲ့ အခုလို မြန်မာပြည်ကိုသွားပြီး တွေ့ဆုံဆွေးနွေးခွင့်ရတာဟာ
ကောင်းတဲ့လက္ခဏာဖြစ်ပေမယ့် စစ်အစိုးရအနေနဲ့ နိုင်ငံရေးအရ အဓိပ္ပာယ်ရှိတဲ့
ပြောင်းလဲမှုတွေ လုပ်ဆောင်ရမှာဖြစ်တဲ့အကြောင်း Alt ASEAN အဖွဲ့က ဒက်ဘီ စတော့
ဟာ့တ် (Debbie Stothardt) က ပြောပါတယ်။

"ဒါဟာ မျှော်လင့်ချက်ထားစရာကောင်းတဲ့ အချက်ပါ။ ဒါပေမယ့် ဒီဇင်ဘာရောက်တဲ့
အထိ စစ်အစိုးရအနေနဲ့ ဒီအတိုင်း ထိုင်နေလို့မရပါဘူး။ သူတို့အနေနဲ့ စစ်မှန်တဲ့
ပြောင်းလဲမှု ဖြစ်ပေါ်လာအောင် ပြသဖို့လိုသလို မစ္စတာဘန်ကီမွန်းနဲ့ တွေ့ဆုံတဲ့အခါမှာ
လည်း အကျိုးရှိတဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်အောင် လုပ်ဆောင်ဖို့လိုပါတယ်။ ဥပမာ
နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးတာတို့၊ တိုင်းရင်းသားဒေသတွေကို
ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ပစ်ဖို့ လိုအပ်ပါတယ်။"
Alt ASEAN အဖွဲ့က ဒက်ဘီ စတော့ဟာ့တ် ပြောသွားတာပါ။

ဒီအတောအတွင်း မစ္စတာဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတဲ့
အတွက် တွေ့ခွင့်ရအောင် လာမယ့်စနေနေ့အထိ သူ့ခရီးစဉ်ကို သက်တမ်းတိုး
စောင့်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG