သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီ ခရီးစဉ် အားနည်းချက်များ ကုလသမဂ္ဂကို တင်ပြရန် အတိုက်အခံများ ပြင်ဆင်


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်ဂန်ဘာရီဟာ အခု သူရောက်ရှိနေတဲ့ သုံးရက်အတွင်း မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဓိက ကျတဲ့ မြန်မာ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ပါ တွေ့ဆုံနိုင်ခြင်း မရှိသေးပါဘူး။ စစ်အစိုးရ လိုလားတဲ့ အုပ်စုတွေနဲ့ပဲ သူဟာ တွေ့ဆုံခွင့် ရနေတယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက သူ့ခရီးစဉ်အပေါ်မှာ ဝေဖန်နေပါတယ်။

ရန်ကုန်မှာ မနေ့က သူတွေ့ဆုံခဲ့တာတွေနဲ့ ပတ်သက်လို့တော့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဒုတိယပြောခွင့်ရသူ မာရီအိုဂါဘီးက ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာအခုလို ပြောခဲ့ပါတယ်။

“အတွင်းရေးမှုးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီဟာ အခု မြန်မာနိုင်ငံ တတိယနေ့ခရီးစဉ်မှာတော့ စီမံကိန်း ဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး လူမှုရေး အခြေအနေတွေ ဆွေးနွေးပါတယ်။ အခြား နိုင်ငံရေးအုပ်စုတွေ လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့လည်း သီးခြားအစည်းအဝေး ၁၀ခုလောက် လုပ်ခဲ့ပါတယ်။ ဒီအထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ကျောင်းသားကိုယ်စားလှယ်တွေ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲက တသီးပုဂ္ဂလ ရွေးကောက်ခံအမတ်တွေနဲ့လည်း တွေ့ပါတယ်။ အားလုံးပါဝင်တဲ့အမျိုးသားတွေ့ဆုံဆွေးနွေးပွဲနဲ့ အားလုံးယုံကြည်လက်ခံနိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ရှိဖို့လိုအပ်တဲ့ကိစ္စတွေကို ဆွေးနွေးပါတယ်။ ပြီးတော့ လက်ရှိကြုံနေရတဲ့ လူမှုရေး စီးပွားရေး အကြပ်အတည်းတွေကို ဖြေရှင်းဖို့နည်းလမ်းတွေကိုလည်း ဆွေးနွေးကြပါတယ်။”

ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ကျောင်းသားကိုယ်စားလှယ်တွေ လူထုအခြေပြုအဖွဲ့စည်းကိုယ်စားလှယ်တွေနဲ့ တွေ့တယ်လို့ ထုတ်ပြန်ထားပေမယ့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ ဒီအဖွဲ့တွေဟာ စစ်အစိုးရက ခွင့်ပြုထားတဲ့ စစ်အစိုးရလိုလားတဲ့အုပ်စုတွေဖြစ်တယ်လို့ ပြောကြပါတယ်။ NCGUB အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ အခု မစ္စတာဂန်ဘာရီ ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ လိုအပ်ချက်တွေရှိနေတဲ့အကြောင်းကို ကုလသမဂ္ဂ စာရေးတင်ပြဖို့ ပြင်ဆင်နေပြီလို့ ဗွီအိုအေကို ပြောပြပါတယ်။

“မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်အပေါ်မှာ အခြေခံတာပါ။ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ဗမာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ရရှိရေးအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ကနေပြီး ကြားဝင် ဆောင်ရွက်ပေးဖို့။ အဲဒီလို ကြားဝင်ဆောင်ရွက်တာမှာ ပြည်သူလူထုက ၁၉၉၀ရွေးကောက်ပွဲ ရလာဒ်အရ အခွင့်အာဏာ အပ်နှင်းခံရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို နအဖက သုံးပွင့်ဆိုင်ကြားထဲမှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီနေ့ တွေ့ဆုံမှုတွေကို ပြန်ကြည့်လိုက်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့တွေ့ဖို့ အစီအစဉ်က ပျက်သွားတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဘာကြောင့် ပျက်သွားတယ်ဆိုတာကို ကျွန်တော်တို့ စုံစမ်းဆဲပဲဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တွေ့တဲ့အခါမှာလည်း မိနစ် ၂၀လောက် တွေ့ပြီးတော့ အချိန်တော်တော်များများဟာ နအဖက စီစဉ်ပေးတဲ့၊ နအဖနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများနဲ့ အချိန်ကုန် ခံပြီးတော့ တော်တော် များများနဲ့ တွေ့တာကို တွေ့ရတယ်။ ၈၈မျိုးဆက်ကျောင်းသားများဆိုတဲ့ အေးလွင်အဖွဲ့တို့၊ ဘောဂဗေဒ လေ့လာရေး အဖွဲ့တို့၊ ဝံဿာနု စိုးလင်းတို့၊ ဒီအဖွဲ့တွေဟာ ကျယ်ပြန့်တဲ့ ပြည်သူလူထုနဲ့ ကျောင်းသားထုကို ကိုယ်စားပြုတဲ့ အဖွဲ့တွေ မဟုတ်ပါဘူး။ ဒီအဖွဲ့တွေနဲ့ အချိန်ကုန် ခံပြီးတော့ တွေ့တာ၊ ဆွေးနွေးနေတာဟာ ကုလသမဂ္ဂအနေနဲ့ ဗမာပြည်ရဲ့ နိုင်ငံရေးနဲ့ ပြည်သူလူထု ဆန္ဒသဘောထား၊ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှုတွေကို နားမလည်ရာကျတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း အထွေထွေ အတွင်းရေးမှူးချုပ်ဆီကို ကျွန်တော်တို့ သဘောထား အမြင်နဲ့ ကျွန်တော်တို့ရဲ့ ကန့်ကွက်မှုကို တရားဝင် အကြောင်းကြားပါမယ်။”

အခုဆိုရင် မြန်မာ့နိုင်ငံရေးမှာ အဓိကအချက်ကျတဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊ တဘက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်စေ၊ မစ္စတာ ဂမ်ဘာရီ အခုချိန်အထိ တွေ့လို့ မရသေးပါဘူး။ တကယ်တမ်း မြန်မာနိုင်ငံမှာ တွေ့ဆုံးဆွေးနွေးရေး ဖြစ်အောင် ဆိုတဲ့ ဦးတည်ချက်နဲ့ သွားတဲ့ကိစ္စက အခုလို အခြေအနေမျိုးမှာ သူ့ခရီးစဉ်က အလားအလာကို ဘယ်လို ယူဆသလဲခင်ဗျ။ ဖြစ်နိုင်ချေတွေ ရှိလာနိုင်ပါ့မလား။

“ဒီနေ့ တွေ့ဆုံပုံတွေကို ကြည့်ခြင်းအားဖြင့် ဒီခရီးစဉ်ရဲ့ အစီအစဉ်အားလုံးဟာ နအဖကနေပြီး တော်တော်လေး ချုပ်ကိုထားတဲ့ပုံစံမျိုးကို တွေ့ရတယ်။ ဒီလိုမျိုးအနေအထားပေါ်မှာ ကုလသမဂ္ဂက လိုက်လိုက်ရောရောနဲ့ လုပ်နေပြီးတော့ တကယ်တွေ့ ရ ဆုံရမယ့် သူတွေကို တော်တော်နဲ့ မတွေ့ဘူး။ တကယ့် စစ်မှန်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ယူအန်တွေကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေ ရှိပါတယ်။ ပြည်သူလူထုလေးစားကြည်ညိုတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ရှိပါတယ်။ ပြည်သူလူထုကို ကိုယ်စားပြုပြီး၊ ပြည်သူလူထုက လေးစားကြည်ညိုတဲ့ သတင်းစာ ဆရာကြီးတွေ ရှိပါတယ်။ စာရေး ဆရာကြီးတွေ ရှိပါတယ်။ အနုပညာရှင်တွေ ရှိပါတယ်။ ဒါဟာ လူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အဲဒီ လူတွေနဲ့တော့ မတွေ့ဘဲနဲ့ နအဖရဲ့ အစီအစဉ်အောက်မှာပဲ အချိန်ကုန်ခံခြင်းအားဖြင့် ကျွန်တော်တော့ သိပ် အကျိုးအမြတ် ရလာဒ်ကို သိပ် မျှော်လင့်လို့ မရဘူးလို့ ထင်ပါတယ်။”

မစ္စတာ ဂမ်ဘာရီအနေနဲ့ စစ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို လာရောက်ရတာဖြစ်လို့ သူ့ဘက်က ဘယ်သူ ဘယ်ဝါနဲ့ တွေ့ဆုံ လိုတယ်လို့ တောင်းဆိုပေမယ့်လည်း စစ်အစိုးရက စီစဉ် ပေးထားတဲ့အတိုင်းပဲ တွေ့ခွင့်ရမယ်လို့တော့ ပြောစရာ ရှိပါတယ်။ ဒါပေမယ့်လို့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးကို ဦးတည်ထားပြီး လာရောက်တဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အနေနဲ့တော့ ကုလသမဂ္ဂရဲ့ နဂိုလ်ရပ်တည်ချက် တောင်းဆိုချက်ကိုပဲ အခြေခံရမှာ ဖြစ်တယ်လို့ အန်အယ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အခုလို ပြောခဲ့ပါတယ်။

“အစိုးရကတော့ သူလိုလားတဲ့သူကို ထည့်မယ်။ လက်ခံတွေ့ဆုံဖို့ သဘောတူတဲ့ ပုဂ္ဂိုလ်ရဲ့ ရပ်တည်ချက်ကိုပဲ စဉ်းစားနေတာပါ။”

မစ္စတာ ဂမ်ဘာရီအနေနဲ့ မနေ့က တွေ့ဆုံခဲ့တဲ့အထဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နဂိုလ်တွေ့ဖို့ အစီအစဉ်ရှိပေမယ့် ပျက်သွားတယ်လို့ သိရပါတယ်။ မစ္စတာ ဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ စောင့်ဆိုင်း နေပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည် ရောက်မလာဖူးလို့ သိရတာပါ။ ဘာကြောင့်လဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG