သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီ ဆောင်ရွက်ချက်များ မူလတာဝန်ပိုင်းမှ သွေဖည်နေဟု ဒီမိုကရေစီ လှုပ်ရှားနေသူများ ဝေဖန်


မစ္စတာဂမ်ဘာရီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ မစ္စတာဂမ်ဘာရီဟာ သူတကယ်
လုပ်ရမယ့် ကုလသမဂ္ဂတာဝန်ပိုင်း၊ ကုလသမဂ္ဂရဲ့ ရပ်တည်မှုကနေ သွေဖည်နေပြီ၊
လမ်းလွဲနေပြီလို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for
Burma ကနေ ထုတ်ပြန်ဝေဖန်လိုက်ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက
ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလွဲလို့ ကျန်တဲ့
ဒီမိုကရေစီရေး အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အဖွဲ့အစည်းအမှန်
တွေကို မတွေ့ဘဲ စစ်အစိုးရက စီစဉ်ပေးတဲ့အတိုင်းပဲ စစ်အစိုးရထောက်ခံသူတွေကိုပဲ
တွေ့ဆုံနေတဲ့အပေါ် USCB လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှု
အဖွဲ့က ဝေဖန်လိုက်ပါတယ်။ အခုလို မစ္စတာဂမ်ဘာရီဟာ သူလုပ်ရမယ့် တာဝန်ပိုင်းက
နေ သွေဖည်နေပြီလို့ ပြောနိုင်အောင် ဘယ်လိုအချက်တွေကြောင့်လဲလို့ USCB က
အမှုဆောင်ညွန်ကြားရေးမှူး ကိုအောင်ဒင်ကို မေးကြည့်ပါတယ်။

"ဂမ်ဘာရီရဲ့ အဓိကတာဝန်က ဒီအဖွဲ့အစည်းတွေကြားထဲမှာ လွန်းပြန်တွေ့ဆုံပြီး
သုံးဘက်ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့၊ အဲဒီဆွေးနွေးပွဲတွေ မစနိုင်ခင်မှာ
တောင် ဒီသုံးဘက်ကြားမှာ အပြန်အလှန် နားလည်မှုတွေရအောင် ဆောင်ကြဉ်းဖို့ ဒါ
သူ့ရဲ့ အဓိကတာဝန်ပါ။ ဒါပေမယ့် မနေ့က သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင်များနဲ့ တွေ့တဲ့အချိန်မှာ သူ့ဘက်က ပြောခဲ့တာကတော့ ၂၀၁၀
ရွေးကောက်ပွဲကို ဦးစားပေးပြီး ဒီရွေးကောက်ပွဲကို နအဖက သန့်သန့်ရှင်းရှင်းလုပ်ဖို့
သူတို့က တိုက်တွန်းမယ်။ တဖက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်ဖို့
တိုက်တွန်းတာမျိုး လုပ်တယ်ဆိုတော့ သူ့ရဲ့လမ်းကြောင်းနဲ့ သူ့ရဲ့ ဆောင်ရွက်မှုတွေက
သူ့ကိုပေးအပ်ထားတဲ့ မူလတာဝန် ဝတ္တရားတွေကနေ လွဲမှားနေတယ်လို့ တွေ့ရတယ်။
ဒါကြောင့် အခုလို ဝေဖန်တာပါ။

"ပြီးတော့ မြန်မာနိုင်ငံမှာရောက်တာ ဒီနေ့ဆိုရင် ၄ ရက်ရှိသွားပြီ။ အဓိက ဒီမိုကရေစီ
အင်အားစုတွေနဲ့တွေ့ဆုံတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနဲ့
တွေ့ဆုံတာ မိနစ် ၂၀ ပဲရှိတယ်။ ကျန်တဲ့အချိန်တွေမှာ နအဖရဲ့ ကိုယ်စားလှယ်တွေ၊
နအဖရဲ့ အဆင့်နိမ့်အရာရှိတွေ၊ နအဖက တွေ့ခွင့်ပေးတဲ့ နအဖကိုထောက်ခံတဲ့ အဖွဲ့
အစည်းများနဲ့ တွေ့ဆုံတာလောက်ပဲ ရှိတယ်။"

မနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ပထမ တွေ့ဖို့အစီအစဉ်ရှိတယ်။ ဒါပေမယ့် သူ
စောင့်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရောက်မလာဘူးလို့ ကျနော်တို့ကြားရပါ
တယ်။ ဘယ်လိုကြောင့်လို့ ထင်ပါလဲ။

"တချို့ပြောတဲ့ ကျန်းမာရေးကိစ္စဆိုတော ကျနော်တော့ မယုံပါဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်မှ တာဝန်သိတဲ့ အမျိုးသမီး
ခေါင်းဆောင်တယောက်ပါ။ ဂမ်ဘာရီနဲ့ တွေ့ဆုံရမယ့်ကိစ္စ အရေးကြီးတယ်လို့ သူ
နားလည်တယ်ဆိုရင် ဘယ်လောက်ပဲ ကျန်းမာရေး ချို့တဲ့နေပါစေ၊ သူ တွေ့ကိုတွေ့မှာ
ပါ။ သူ မတွေ့ဘူးဆိုရင်တော့ သူကိုယ်၌ကိုယ်က မစ္စတာဂမ်ဘာရီကို မတွေ့ချင်လို့။

"မတွေ့ချင်တဲ့ဟာမှာလည်း ဖြစ်နိုင်ချေက မစ္စတာဂမ်ဘာရီရဲ့ ဆောင်ရွက်ချက်တွေ
အပေါ်မှာ သူကိုယ်၌က သဘောမကျတာမျိုး ရှိနိုင်တယ်။ နောက်တခုက ကျနော်တို့
နားလည်သလောက် အမြဲတမ်း သူတောင်းဆိုခဲ့တာရှိတယ်၊ မစ္စတာဂမ်ဘာရီကို
တွေ့တဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီခေါင်းဆောင်များနဲ့ သူနဲ့ အတူ
တကွ တွေ့ဖို့၊ အဲလိုမှမဟုတ်ဘဲ စီအီးစီက သတ်သတ်တွေ့၊ သူက သတ်သတ်တွေ့ဆိုရင်
တော့ သူတို့ တဖွဲ့တစည်းတည်း ဖြစ်လင့်ကစား တိကျတဲ့၊ တူညီတဲ့အသံ ပေးနိုင်မှာ
မဟုတ်ဘူး။ အခုတခေါက်မှာတော့ အဲဒီလို အတူတကွတွေ့ခွင့်ရဖို့ တောင်းဆိုတာကို
နအဖက လက်မခံတဲ့အတွက် ဆန္ဒပြတဲ့အနေနဲ့ မတွေ့တာလည်း ဖြစ်နိုင်ပါတယ်။"

ဒီနေရာမှာ မစ္စတာဂမ်ဘာရီရဲ့ အနေအထားနဲ့ ပတ်သက်လို့ မေးစရာတော့ ရှိပါတယ်။
မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံ လာရောက်နိုင်ဖို့ နအဖခွင့်ပြုချက်နဲ့ပဲ သူ လာရောက်ရ
တာပါ။ ဒါ့အပြင် သူတွေ့ဆုံချင်တဲ့လူတွေကိုလည်း နအဖကနေ လိုက်လျောပြီး ခွင့်ပြုတဲ့
အပေါ်မှာပဲ သူသွားနေရတဲ့အခါကျတော့ သူ့ကိုရော အပြစ်ပြောလို့ရမလား၊ အခုအခြေ
အနေမျိုးမှာ။

"ကျနော်တို့မြင်တာတော့ ပြောလို့ရတယ်။ ဒီလိုဖြစ်တာ ပထမဆုံးအကြိမ် မဟုတ်တော့
ဘူး။ မစ္စတာဂမ်ဘာရီ မြန်မာပြည်ကိုလာတာ ၆ ခေါက်ရှိသွားပြီ။ ကိုဖီအန်နန်
လက်ထက်မှာ Under Secretary General ရာထူးနဲ့ ၂ ခေါက်ရောက်ခဲ့တယ်၊ မစ္စတာ
ရာဇာလီ ထွက်ပြီးခါစ။ အဲဒီနောက် ဘန်ကီမွန်းက ဆက်ပြီးတာဝန်ပေးတဲ့အတွက်
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ နောက်ထပ် ၄ ခေါက်၊ စုစုပေါင်း
၆ ခေါက်ရှိသွားပြီ။

"အဲဒီ ၆ ခေါက်စလုံးမှာ သူ့ရဲ့ လှုပ်ရှားမှုတွေက နအဖ စီစဉ်ညွှန်ကြားတဲ့အတိုင်းပဲ ဖြစ်နေ
ပြီးတော့ သူပြောသလိုဆိုရင် သူတွေ့ချင်တဲ့လူတွေနဲ့ မတွေ့ရဘူး။ သူ မတွေ့ချင်တဲ့
လူတွေနဲ့ တွေ့ရတယ်။ ကျနော်တို့မြင်တာကတော့ တွေ့ချင်တဲ့လူတွေနဲ့ တွေ့ခွင့်မရဖို့
နအဖက ဟန့်တားထားတယ်ဆိုရင် နအဖရဲ့ အပြစ်ပေါ့။ သို့သော်လည်း သူ့မှာ သူ
မတွေ့ချင်တဲ့လူကို မတွေ့ခွင့်တော့ ရှိမယ်ထင်ပါတယ်။ မတွေ့ချင်တဲ့လူကို မတွေ့ဖို့
ငြင်းဆန်ခွင့် သူ့မှာရှိလိမ့်မယ်လို့ ထင်ပါတယ်။ အခုလို သူ မတွေ့ချင်တဲ့လူတွေကို
တွေ့ပြီးတော့ အဲဒါကိုပဲ မြန်မာနိုင်ငံက လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ တွေ့ပါတယ်
လို့ ကမ္ဘာကိုကြေညာတာကြတော့ အင်မတန်မှ လှည့်ဖျားရာရောက်ပါတယ်။"

အခုလိုမျိုး ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက်အနေနဲ့ သူ့ရဲ့ မူလတာဝန်ကနေ
လွဲချော် သွေဖည်နေပြီလို့ ကိုအောင်ဒင်တို့ ယူဆရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုအောင်ဒင်
တို့ ဘာတွေဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

"အထူးသဖြင့် မစ္စတာဘန်ကီမွန်းရဲ့ ရုံးကို လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး
မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်ဖို့နဲ့ တကယ်လုပ်ရမယ့်အလုပ်၊ တကယ်ရွေ့ရှားရမယ့်
လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား၊ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ ကျနော်တို့
ဆက်ပြီးတော့ ဖိအားပေးမှာပါ။ မူလ လမ်းကြောင်းမှန်ကို ပြန်ရောက်လာဖို့ ကျနော်တို့
ဝိုင်းဝန်းဖိအားပေးမှာပါ။"
USCB အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ကိုအောင်ဒင် ရှင်းပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG