သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ပဲ မစ္စတာ ဂမ်ဘာရီ ပြန်ပြီ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် အီဗရာဟင် ဂမ်ဘာရီ အနေနဲ့ သူ့ရဲ့ (၆) ရက်ကြာ ခရီးစဉ် အဆုံးသတ် သွားခဲ့ပေမယ့် တွေ့သင့်တွေ့ထိုက် သူတွေကို စုံစုံလင်လင် တွေ့ခွင့်မရတဲ့အတွက် အခု ခရီးစဉ်ဟာ အောင်မြင်မှု မရှိတဲ့ ခရီးစဉ်အဖြစ် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေး မပြေလည်မှုတွေ ဖြစ်နေတာတွေကို ကြားဝင်ဖျန်ဖြေရမယ့် အထူးကိုယ်စားလှယ် အနေနဲ့ အစိုးရအာဏာပိုင်တွေ၊ အစိုးရ လိုလားသူတွေနဲ့သာ အများစု တွေ့ခဲ့ဆုံခဲ့တဲ့ အတွက်လည်း ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။ မစ္စတာ ဂမ်ဘာရီ ခရီးစဉ် နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ စုံစမ်းထားသမျှ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ က သူ့ခရီးစဉ် အတွင်း တွေ့ဖို့ဆုံဖို့ ရည်ရွယ်ထားသူတွေနဲ့ မတွေ့ရသေးလို့ ခရီးစဉ်ကို ရက်ထပ်တိုးထားပြီး လိုအပ်သလောက် နေဦးမယ်လို့ ပြောထားတာ ဖြစ်ပေမယ့် အခုတော့ သူမျှော်လင့်သလို မဖြစ်ပဲ ခရီးစဉ်ကို အဆုံးသတ်လိုက်ရပုံ ပေါ်ပါတယ်။ မပြန်ခင်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နဲ့လည်း ထပ်တွေ့ဦးမယ်လို့ ဆိုထားပေမဲ့ အခုတော့ မတွေ့ဖြစ်ပဲ ခရီးစဉ် အဆုံးသတ် ပြန်သွားခဲ့တာပါ။ နောက်ပြီး အစောပိုင်းကတည်းက တွေ့ဖို့ဆုံဖို့ စီစဉ်ထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လည်း တွေ့မသွားနိုင်ခဲ့ပါဘူး။ ဒီလို တွေ့ချင်သူတွေနဲ့ မတွေ့နိုင်တာ ဆွေးနွေးပြောဆိုတာတွေ မဖြစ်ခဲ့တဲ့အတွက် အခု ခရီးစဉ်ဟာ အောင်မြင်မှု မရှိတဲ့ ခရီးစဉ်တခုလို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က မြင်ပါတယ်။

"ကျနော်တို့ သဘောထားကတော့ မစ္စတာ ဂမ်ဘာရီ ရဲ့ ခရီးစဉ်၊ အခုလာတဲ့ ခရီးစဉ်မှာ သူလုပ်ရမယ့် အလုပ်တွေကို အဆုံးအဖြတ် ပြုနိုင်တဲ့လူတွေနဲ့ သူမတွေ့သွားရဘူးလို့ အဲလို မြင်တယ်။ ဆိုလိုတာကတော့၊ သူ့ရဲ့ မစ်ရှင်ဟာ မအောင်မြင်ဘူးလို့ပဲ ပြောချင်တယ်။ တဖက်က အာဏာပိုင် အဖွဲ့အစည်းနဲ့က ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ မနေ့က အထိတော့ သူမတွေ့ဘူးပေါ့နော်။ ဒီနေ့ တွေ့မတွေ့တော့ ကျနော် မသိဘူး။ ဒီဖက်မှာကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့မသွားနိုင်ဘူး။ အဲတော့ ဒါက သူ့ရဲ့မစ်ရှင်ကတော့ မအောင်မြင်တဲ့ မစ်ရှင်တခုပဲလို့၊ အဲလိုပဲ ပြောချင်တယ်။ ၃ ကြိမ်လုံးလာတယ်။ ၃ ကြိမ်လုံး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့တယ်။ ၃ ကြိမ်ဆိုတဲ့ နေရာမှာ အချိန် အတော်များများ တွေ့ဆုံ ပြောကြားပြီးပြီ။ အဲဒီမှာ ရလာဒ်မရှိတဲ့ အခါမှာ အခုအကြိမ်က ဘာမှ တွေ့ရုံသက်သက်နဲ့ကတော့ ဘာမှ မထူးတဲ့ ခရီးစဉ် ဖြစ်နေတဲ့ သဘောပဲ။ တိုးတက်မှုပေါ့နော် တခုခု၊ ဒါမှမဟုတ်ရင် အသစ် တခုခု၊ ဒီလို ဆိုရင်တော့ အဓိပါယ် တမျိုးပေါ့။ ဒါတွေ မရှိပဲနဲ့ တွေ့တယ် ဆိုတာကတော့ သိပ်အဓိပါယ် မရှိလှဘူး လို့တော့ ကျနော် အဲလိုပဲ ထင်ပါတယ်။ ဒါက ကျနော့်ရဲ့ အမြင်ပါ။"

အရင်ခရီးစဉ်တွေ တုန်းက အစိုးရကခန့်အပ်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည် တို့အကြား တွေ့ဆုံမှုတွေရှိခဲ့ပေမဲ့လည်း အခုတခေါက်မှာတော့ ဒါမျိုးတွေလည်း မရှိခဲ့ပါဘူး။ ဒါ့အပြင် မူလ (၅) ရက်ကြာ ခရီးစဉ်ကို တရက်ထပ်တိုးပြီး နေခဲ့ပေမဲ့ သူမျှော်လင့်သလို ဒီမိုကရေစီရေး လိုလားကြတဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေထဲက အန်အယ်လ်ဒီ ကလွဲလို့ ကျန်တဲ့ အဖွဲ့တွေနဲ့တော့ တွေ့ခွင့်ရတာမျိုးလည်း မကြားရပါဘူး။ ဒီလို အခြေအနေမျိုးတွေနဲ့ ကြုံခဲ့ရတဲ့ မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့လည်း ဦးဉာဏ်ဝင်း က အခုလို မှတ်ချက် ပေးပါတယ်။

"မနေ့က ဆွေးနွေးတာမှာလည်း ပြီးပြတ်အောင် မဆွေးနွေးနိုင်တဲ့အတွက် ကျနော်တို့ အကျိုးရှိလားဆိုတာ ဖြေလို့ မရသေးဘူးလို့၊ အဲလိုပဲ ပြောချင်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အားလုံး စုံညီနဲ့ တွေ့ဆုံပြီးတော့မှ တွေ့တာမျိုး မလုပ်နိုင်ဘူး။ ဟိုတစ ဒီတစ လုပ်တဲ့ သဘောပဲတွေ့တယ်။ လုပ်တယ်ဆိုတာကလည်း လုပ်ခွင့်က ဒီလောက်ပဲ ရတယ်လို့ ဆိုလိုတာပါ။ သူလည်း လုပ်ပိုင်ခွင့် ရှိချင်မှ ရှိမှာပေါ့။ သူ့မှာလည်း အာဏာပိုင်တွေက ဘယ်လိုကန့်သတ်လည်း ကျနော်တို့တော့ မသိဘူး။ နောက်တခုက နောက်တဆင့်ကျရင် တိုင်းရင်းသားတွေပါမယ်။ အခုဟာက တိုင်းရင်းသား အဖွဲ့ဆိုပြီးတော့ တွေ့သွားတဲ့ ပုဂ္ဂိုလ်တွေ၊ တွေ့တာကို ကျနော်တို့ အပြစ်မပြောဘူး။ ဒါပေမဲ့လို့ တိုင်းရင်းသား အဖွဲ့ဆိုလို့ ထင်ထင်ရှားရှား ရှိနေတဲ့ မြို့ပေါ်က ရွေးကောက်ပွဲ အောင်နိုင်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ လုံး၀ မတွေ့သွားတာတွေကတော့ သူ့ခရီးစဉ်ရဲ့ ချို့ယွင်းချက်တွေပဲလို့ ပြောချင်ပါတယ်။"

အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မပြေလည်နိုင်သေးတဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ရဲ့ တာဝန်တွေထဲမှာ အစိုးရနဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကြား ဆွေးနွေးပြောဆိုတာတွေ ဖြစ်မြောက်အောင် လုပ်ပေးဖို့အပြင်၊ နေအိမ်အကျယ်ချုပ်နဲ့ ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ရဖို့ကိစ္စ စတဲ့ တာဝန်တွေကိုလည်း ယူထားတာပါ။ ဒါပေမဲ့လည်း ဒီကိစ္စတွေမှာ သိသာမြင်သာလောက်တဲ့ တိုးတက်မှုတွေ အခုအချိန်အထိ မရှိသေးတာမို့လည်း အထူးကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ချက်အပေါ် မေးခွန်းထုတ်တာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG