သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားများ အခြေအနေ သင့်တင့်တယ်ဆိုတဲ့ ကုလကိုယ်စားလှယ်အဆို အေအေပီပီ လက်မခံ


မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရ
တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ကျန်းမာရေးပြဿနာတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်
နေရပေမယ့် လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေ မရဘဲ ဖြစ်နေတယ်လို့ လူ့အခွင့်
အရေးလှုပ်ရှားသူတွေ၊ အကျဉ်းသားမိသားစုဝင်တွေက ပြောကြပါတယ်။ ဘယ်သူတွေ
ဘယ်လိုအခြေအနေအထိ ကြုံနေရတယ်ဆိုတာ ကိုအောင်လွင်ဦးက တင်ပြပေးထား
ပါတယ်။

မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်အမျိုး
မျိုးနဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းကျခံနေရ
သူတွေအနေနဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် လိုအပ်တဲ့ ဆေး
ကုသမှုတွေ လုံလုံလောက်လောက် မရနိုင်ဘဲ ဖြစ်နေတယ်လို့ ပြောကြတာပါ။
ထောင်တွင်း ဆိုးရွားတဲ့ အခြေအနေတွေအောက်မှာ ကျန်းမာရေးပြဿနာတွေ ကြုံနေ
ရသူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ စာရင်းတခုကိုတော့ ပြည်ပအခြေစိုက် နိုင်ငံရေး
အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဒီကနေ့ပဲ ထုတ်ပြန်
လိုက်ပါတယ်။ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၃၉ ဦးဟာ ကျန်းမာရေးပြဿနာတွေ
ဆိုးဆိုးရွားရွား ကြုံနေရတယ်ဆိုပြီး ပြောဆိုလိုက်တာပါ။

"အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်နေတဲ့ ၃၉ ဦး
စာရင်းကို ကျနော်တို့ ရရှိထားပါတယ်။ အဓိကကတော့ မြစ်ကြီးနားထောင်မှာ အကျဉ်း
ကျခံနေရတဲ့ မြစ်ကြီးနားမြို့နယ် အတွင်းရေးမှူး ဦးနေဝင်းဟာ သွေးတိုး၊ နှလုံးရောဂါ
တွေ ခံစားနေရတယ်။ အခုဆိုရင် လုံး၀ မတ်တပ်မရပ်နိုင်တဲ့ အနေအထားမျိုးရှိတယ်လို့
ကျနော်တို့ ကြားရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မိသားစုတွေကရော၊ ဦးနေဝင်း
ကိုယ်တိုင်ကရော ထောင်အာဏာပိုင် အဆင့်ဆင့်ကို ဆေးဝါးကုသပေးဖို့ တောင်းဆိုခဲ့
တယ်လို့ ကျနော်တို့သိရတယ်။ ဒါပေမယ့် ဒီနေ့အထိ ဆေးဝါးကုသမှု လုံးဝမရှိဘူး။

"နောက်တယောက်က မော်လမြိုင်အကျဉ်းထောင်မှာရှိနေတဲ့ ကိုကျော်မျိုးမင်း။
သူဆိုရင်လည်း အောက်ပိုင်းချိပြီး သေနေတဲ့ ဝေဒနာကို ခံစားနေရတယ်။ ဒါပေမယ့်
အခုအချိန်အထိ သူ့ကို ထောင်အာဏာပိုင်တွေက ဆေးဝါးကုသမှု မရှိသေးတာကို
ကျနော်တို့ သိရတယ်။ ဒီလိုပဲ အင်းစိန်ထောင်မှာရော၊ တခြား အကျဉ်းထောင်တွေမှာ
ရော ကျန်းမာရေးဆိုးဝါးနေတဲ့လူတွေက တော်တော်ကို များနေတယ်။"
အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလို ထောင်တွင်း ကျန်းမာရေးပြဿနာတွေနဲ့ ကြုံနေရပေမယ့်လည်း လိုအပ်တဲ့ ကုသ
မှုတွေ မရှိတဲ့အပြင် လိုအပ်တဲ့ ဆေးဝါးတွေကိုဆိုရင်လည်း သက်ဆိုင်ရာ မိသားစုဝင်
တွေကသာ ထောက်ပံ့နေရတယ်လို့လည်း အကျဉ်းသားမိသားစုဝင်တွက ပြောကြပါ
တယ်။ ယမန်နေ့ တနင်္လာနေ့မှာပဲ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဝင်စာ
သွားရောက်တွေ့ဆုံခဲ့တဲ့ အကျဉ်းသား မိသားစုဝင်တယောက်ကတော့ ထိန်းသိမ်းခံ
လူငယ်တချို့ရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဆေးဝါးကုသစောင့်ရှောက်မှု လုံလုံ
လောက်လောက် မရနိုင်ဘဲ ဖြစ်နေတာတွေကို အခုလို ပြောပါတယ်။

"နေလင်းအောင်ဆိုတဲ့ ကလေးလေး၊ သူက အခုမှ ၁၉ နှစ်လောက်ပဲရှိသေးတယ်။ သူက
နှလုံးနည်းနည်းရောင်တယ်။ ကျမ မနေ့ကသွားတော့ သူပြောပြတာ သူတို့ ၃ တိုက်က
စက်တင်ဘာတုန်းက လူတွေလောက်ပဲများတာ။ အဲဒီထဲက စည်သူမောင်ဆိုတာ
လိပ်ခေါင်းလိုဖြစ်လို့ သွားပြောတယ်။ ဆေးတွေဘာတွေကတော့ ကျမတို့ ကိုယ့်ဘာသာ
ကိုယ် ဝယ်ပေးရတယ်။"

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်
လောက်ရှိမယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းထားတာ
ဖြစ်ပြီးသူတို့တွေအားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံ
တကာ အသိုင်းအဝိုင်းက တစိုက်မတ်မတ် တောင်းဆိုနေခဲ့တာပါ။

ဒီလဆန်းပိုင်းမှာတုန်းကလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး
အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟဲယား ကင်တားနား (Tomas Ojea Quintana)
မြန်မာနိုင်ငံကို သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းရင်း နိုင်ငံရေး
အကျဉ်းသားတချို့နဲ့လည်း တွေ့ဆုံခဲ့တာ ရှိပါတယ်။ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရ
တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၅ ယောက်နဲ့
ရန်ကုန် အင်းစိန်ထောင်မှာ တွေ့ဆုံတာတွေ ရှိခဲ့တဲ့ သူ့ခရီးစဉ် နောက်ပိုင်းမှာတော့
အကျဉ်းထောင်အခြေအနေတွေဟာ ထင်သလောက်မဆိုးလှတဲ့ သဘောမျိုးလည်း
သူက မှတ်ချက်ပေးခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်ရဲ့ သဘောထားကတော့ …

"ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သူ မြန်မာ
နိုင်ငံကို သွားပြီးတဲ့အချိန်မှာ ပြောသွားတဲ့စကား ရှိပါတယ်။ သူတွေ့ခဲ့ရတဲ့ နိုင်ငံရေး
အကျဉ်းသားတွေရဲ့ အကျဉ်းထောင်ထဲမှာ နေနေရတဲ့ အခြေအနေက သိပ်မဆိုးလှဘူး
ပေါ့။ အဲဒီလို ပြောသွားတာရှိတယ်။ ဒါပေမယ့် တကယ့်အခြေအနေက အများကြီး အဲဒါ
တွေနဲ့ ကင်းကွာနေတယ်ဆိုတာ ကျနော်တို့ ပြောချင်တယ်။

"နောက် သူသွားရောက်တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားက ၅ ဦးပဲဖြစ်ပါတယ်။ အဲဒီ
၅ ဦးကလည်း အင်းစိန်ထောင် တခုတည်းမှာရှိတာဖြစ်တယ်။ မစ္စတာကင်တားနား
တွေ့ဆုံချင်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို မတွေ့ရဘဲနဲ့ အကျဉ်းထောင်တွေ
အကုန်လုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကို ဆုံးဖြတ်မယ်ဆိုရင်
အမှန်တရားနဲ့ မနီးစပ်နိုင်ဘူးဆိုတာ ကျနော်တို့ ထောက်ပြချင်တာပါ။"

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်နေခိုက်မှာတုန်းကလည်း
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်း
မှုတွေ ထိရောက်မှုမရှိတဲ့အတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးဖြစ်တဲ့
Amnesty International က ဝေဖန်ခဲ့ပါသေးတယ်။ မြန်မာစစ်အစိုးရက နိုင်ငံရေး
အကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးထားတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့
ပတ်သက်လို့ အနှစ်သာရမရှိတဲ့ ကတိတွေသာ ပေးနေတာကို ကုလသမဂ္ဂအနေနဲ့
လက်ခံနေဖို့ မသင့်ဘူးဆိုပြီးတော့လည်း အဲဒီတုန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG