သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြတောင်းဆိုနေ


မကြာသေးခင် ရက်တွေကစလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တယောက် သူမအတွက် အစားအသောက် ပေးပို့နေတာတွေကို ငြင်းပယ်နေတာဟာ သူမအတွက် ရသင့်တဲ့ အခြေခံရပိုင်ခွင့်တွေ ရဖို့ တောင်းဆိုတဲ့ အနေနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောဆိုလိုက်ပါတယ်။ သူမသာမက သူမနဲ့အတူ နေထိုင်နေသူတွေအတွက် အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ အတွက် အခုလို ဆောင်ရွက်နေတာလို့လည်း ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်၊ ရက်ပေါင်း အတော်ကြာနေပြီ စတဲ့ သတင်းတွေ မကြာသေးခင် ရက်တွေက စပြီး ထွက်ပေါ် လာနေရာမှာ၊ အခုနောက်ဆုံး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ က ပြောတာကတော့ အစာငတ်ခံနေတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပေမယ့် သူမ ရသင့်တဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုပြီး ပေးပို့နေတဲ့ အစားအသောက်တွေကို လက်မခံပဲ နေနေတာလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ သက်တမ်းစေ့သွားခဲ့ပေမယ်လို့ ဆက်လက် ဖမ်းဆီးထားတာ၊ နောက်ပြီး သူမနဲ့အတူ အဖော်အဖြစ် နေထိုင်နေသူတွေအပေါ် အာဏာပိုင်တွေက ကန့်သတ်မှုတွေ လုပ်ထားတာ၊ စတာတွေနဲ့ ပတ်သက်လို့ ဥပဒေအကျိုးဆောင်နဲ့ တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခွင့်ရဖို့ အခုလို လုပ်ဆောင်ခဲ့တာလို့ အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကျွန်တော်သိတာက ဦးကြည်ဝင်းနဲ့ သူ့ရဲ့ ကိုယ်ပိုင်ရှေ့နေနဲ့ တွေ့ဖို့၊ ဒါဟာ သူ့တောင်းဆိုချက်ထဲမှာ ပါတယ်။ နောက်တခုက ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကန့်သတ်ခံနေရတာတွေ ဖြေရှင်းပေးဖို့၊ နောက် သူရသင့်ရထိုက်တဲ့ အယူခံ အခွင့်အရေး၊ ဒါတွေကိုတော့ သိတယ်။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က ဦးကြည်ဝင်းနဲ့ ဆောင်ရွက်နေတယ်။ အဲဒါတွေ မပြီးမချင်း စားသောက်ဝယ်ယူပေးတဲ့ လုပ်ငန်းကို အဲဒီ ကိုမြင့်စိုးဆိုတဲ့လူ နေ့စဉ် ဈေးဝယ်ပေးမယ့် သူကသွားရတယ်။ အဲဒီမှာ ပစ္စည်းစာရင်းနဲ့ လိုအပ်တဲ့ဟာတွေကို စာရွက်နဲ့ ရေးပြီးတော့ မှာတယ်။ အဲဒါတွေကို ဝယ်ပို့ပေးရတယ်။ စတာက သြဂုတ်လ လဆန်းကတည်းက စတာ။ စပြီးတော့ တခါ သြဂုတ်လ အလယ်လောက်မှာ တကြိမ် ခေါ်သွားပြီးတော့ ရိက္ခာဝင်ပေးရတယ်လို့ ကြားတယ်။ နောက်တပတ်ဆိုရင် ၂ပတ် ရှိသွားပြီလို့ ကြားရတယ်။”

အေအက်ဖ်ပီ သတင်းတပုဒ်ကတော့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်က အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတာ မဟုတ်ဘူး၊ ဘာတောင်းဆိုမှုမှလည်း သူတို့ဖက်က လက်ခံရရှိထားတာ မရှိဘူးဆိုပြီး အမည်မဖော်လိုသူ အစိုးရ တာဝန်ရှိသူ တဦးကို ကိုးကားဖော်ပြခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အခုအချိန်အထိတော့ အစိုးရဖက်က တရားဝင် ပြောတာဆိုတာမျိုးတော့ မရှိသေးပါဘူး။ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြတာကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အတွက် အစားအသောက် ပို့ဆောင်နေတာတွေကို လက်မခံတော့ပဲ တောင်းဆိုမှုတွေ လုပ်ခဲ့တာ အခုလဆန်းပိုင်းက စခဲ့တာဖြစ်ပြီးတော့ လလည်ပိုင်းမှာတော့ သူမရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်း နဲ့ တွေ့ဆုံခွင့်ရပြီးနောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင် အစားအသောက်တွေကို ပြန်လည် လက်ခံခဲ့တယ်လို့ ဆိုပေမဲ့ ဒီလိုတွေ့ဆုံခွင့်ရလို့ အစားအသောက်တွေကို ပြန်လည်လက်ခံလိုက်တာ ဟုတ်မဟုတ်ကတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။ နောက်ပိုင်း ဒီလိုတွေ့ဆုံမှုတွေ မရှိတော့သလို ဒေါ်အောင်ဆန်းစုကြည် က ပုံမှန်အားဖြင့် ပေးပို့နေတဲ့ အစားအသောက်တွေကို လက်မခံပဲ နေနေတာကြောင့် အန်အယ်လ်ဒီ အနေနဲ့လည်း တနေ့ထက်တနေ့ စိုးရိမ်ပူပမ်မှုတွေ ရှိလာနေတာပါ။

“ကျွန်တော်တို့ အရမ်းစိတ်ပူတယ်။ အခု သတင်းတွေ ထွက်လာတော့ ပိုစိတ်ပူတယ်။ စိတ်ပူရတဲ့ အဓိက အကြောင်းက ကျွန်တော်တို့ တိုက်ရိုက် ဆက်သွယ်ခွင့် မရတာပဲ။ ဆက်သွယ်ခွင့်မရတဲ့အတွက် ပိုစိတ်ပူတယ်။”

အခုလို ဒေါ်အောင်ဆန်းစုကြည် အစားအသောက်တွေ လက်မခံဘူး၊ အစာငတ်ခံပြီးတော့တောင် ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေဟာဆိုရင် မြန်မာ့အရေး ကြားဝင်ဖြန်ဖျေပေးမယ့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ သူမနဲ့ တွေ့ခွင့်မရပဲ မြန်မာနိုင်ငံက ပြန်သွားအပြီး ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အခုလို ဆန္ဒပြတောင်းဆိုနေတာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ့ဆုံဖို့ ရည်ရွယ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဖြစ်တာတွေဟာ သီးခြားဖြစ်စဉ်အဖြစ်သာ ဖြစ်ပြီးတော့ ဆက်စပ်မှုတော့ မရှိဘူးလို့လည်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG